“ ကလင်” “ ကလင်”
ကျွန်မ အခန်းထဲက ရုံးဖုန်းလေး မြည်သံပါ…
ကျွန်မရဲ့  အလုပ်ထဲမှာ နှုတ်ဆက်နေကျ စကားလေး ပြောပြီးချိန်မှာ -
“ သမီးကြီး” ဆိုတဲ့ ခေါ်သံနဲ့အတူမေကြီးရဲ့  အသံကို ကြားလိုက်ရပါတယ်…
ကျွန်မ မေကြီးဆီကို ဖုန်းမဆက်ဖြစ်တာ ကြာပြီလေ…
အလုပ်မအားလပ်တာရယ်၊ အားတဲ့အချိန်လေးမှာ ဝါသနာပါတဲ့ စာပေလေးတွေရေးနေတာရယ်ကြောင့် မေကြီးကို ဖုန်းဆက်ရအုန်းမယ် ဆိုတဲ့စိတ်သာရှိပေမဲ့ လက်ကတော့ ဖုန်းမခေါ်ဖြစ်ခဲ့ပါဘူး…
ကျွန်မ ဖုန်းခေါ်ဖို့ စိတ်ရှိနေတာကို မေကြီးက ကြိုသိနေသည့်အလား တိုက်ဆိုင်စွာ ကျွန်မကို ဖုန်းခေါ်ခဲ့ပါတယ်…
“ ဟဲလို” မေကြီး…
“သမီး” နေကောင်းရဲ့ လား…ဖုန်းမဆက်တာကြာလို့၊ ဘာများဖြစ်နေတာလဲ သိချင်လို့ မေကြီး ဖုန်းဆက်လိုက်တာ…
မနက်အစောကြီးထဲက သမီးဖုန်းကိုခေါ်နေတာလေ…စက်ပိတ်ထားတယ်ပဲ ပြောနေလို့ ရုံးတက်ချိန်စောင့်ပြီးရုံးဖုန်းခေါ်ကြည့်လိုက်တာ၊ တော်သေးတာပေါ့ ခေါ်လို့ရသွားလို့…
ကျွန်မက ည၉း၀၀ ကနေ မနက် ၈း၀၀ လောက်ထိ ဖုန်းကို အမြဲပိတ်ထားနေကြလေ…
တစ်ခါတစ်လေ ဖုန်းပြန်ဖွင့်ဖို့ မေ့နေတာနဲ့ ရုံးရောက်မှ သတိရပြီး ပြန်ဖွင့်မိပါတယ်…
“ မေကြီး..နေကောင်းရဲ့ လား”…
“ မေကြီး နေကောင်းပါတယ်၊ သမီးသာ ဖုန်းမဆက်တာကြာလို့ နေမကောင်းဖြစ်နေလားလို့ စိတ်ပူနေတာ”
“ သမီး လူတော့ နေလို့ကောင်းပါတယ်၊ ရာသီဥတုကြောင့် နှာစေး ချောင်းဆိုးတော့ ဖြစ်နေတယ် မေကြီး”
“ အင်း” မေကြီး ထင်ပါတယ်…
သမီး အသံလေးက နှာသံပေါက်နေတယ်…
ဆေးသောက်ထားအုန်း၊ ရေချိုးရင် ရေနွေးလေး စပ်ပြီး ချိုးနော်… အလုပ်ကလည်း ခွင့်ယူချင်တာမဟုတ်ဘူးမှတ်လား … ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်ပြီးနေပါ…
မေကြီး ပြောတာတွေက မှန်လွန်းလို့ ကျွန်မဘာပြန်ပြောရမှန်းတောင် မသိပါဘူး…
ရေဆိုရင် အေးနေမှ ကြိုက်တတ်ပြီး၊ တစ်ယောက်ထဲ တာဝန်ယူထားရသော အလုပ်ကိုလည်း အလွန်ချစ်တတ်သောကြောင့် တော်ရုံဆို ခွင့်မယူတတ်သော ကျွန်မ အကြောင်းကို မေကြီးသိပြီး ခုလို သတိပေးနေခြင်းပါ…
“ညီမလေးနဲ့မောင်လေးရော နေကောင်းကြရဲ့ လား” မေကြီး မေးနေတယ်လို့ ပြောလိုက်အုန်းနော်…
ကျွန်မ ဖုန်းနံပါတ်ကို ဆက်နေကြဖြစ်တဲ့အတွက် ညီမလေးနဲ့မောင်လေးကိုတော့ မေကြီးက စကားနဲ့ပဲ လူကြုံပါးလိုက်ပါတယ်…
“ဟုတ်” မေကြီး …သမီးပြောလိုက်ပါ့မယ်...
မေကြီးလဲ ကျန်းမာရေး ဂရုစိုက်ပြီးနေနော်… သမီး ၁၅ရက်နေ့ နီးမှပဲ ဖုန်းဆက်လိုက်မယ်နော်…
စကားပြောနေရင်းနဲ့ အလုပ်ကပေါ်လာပြန်တာကြောင့် မေကြီးကို စကားဆက်ပြောချင်ပေမဲ့ ဒီလောက်နဲ့သာ စကားဖြတ်ပစ်လိုက်ရပါတယ်…
ကျွန်မတို့ မိသားစု ၅ယောက်မှာ ကျွန်မက အကြီးဆုံးပါ…
အကြီးဆုံးဆိုတော့ ကလေးစိတ်မကုန်သေးပေမဲ့ အငယ်တွေရှေ့ မှာရယ် ၊ အလုပ်ထဲမှာတော့ ကလေးစိတ်နဲ့ လူကြီးကိုယ်လို နေထိုင်ရပါတယ်…
ကျွန်မတို့ မောင်နှမသုံးယောက်လုံး မိဘ ကံမကောင်းခဲ့ပါဘူး… ကျွန်မလေးတန်းနှစ်လောက်ထဲက ဖေကြီးနဲ့ သေကွဲကွဲခဲ့ရပြီး မေကြီးကတော့ ကျွန်မတို့ကို ရှင်ကွဲ ခွဲထားခဲ့ပါတယ်…
မိဘနဲ့ထပ်တူနီးပါး ကျွန်မတို့ မောင်နှမ သုံးယေက်စလုံး ဖေကြီးရဲ့  အမ၊ ညီမဖြစ်ကြတဲ့ အဒေါ်တွေရဲ့ စောင့်ရှောက်မှုအောက်မှာ ကျွန်မတို့ ဘဝလေးတွေ လှပခဲ့ကြပါတယ်…
ကျွန်မရဲ့  အဒေါ်ဖြစ်သူတွေနဲ့ မေကြီးရဲ့  ကြားမှာ အဆင်မပြေမှုလေးတွေ ရှိခဲ့ကြပေမဲ့ ကျွန်မတို့ အရွယ်ရောက်လာချိန်မှာ မေကြီးနဲ့ ဆက်သွယ်မှုကိုတော့ တားဆီးမပိတ်ပင်ခဲ့ပါဘူး…
ကျွန်မသိတတ်ချိန်ကစပြီး မေကြီးအပေါ် တစ်ခါမှ မေတ္တာ မပျက်ကွက်ခဲ့ပါဘူး… မလွှဲမရှောင်သာ အခြေအနေကြောင့်သာ ဒီလိုကွဲကွာမှုတွေ ဖြစ်ခဲ့ရတာပါလို့ ဖြေတွေးပြီး မေကြီးနဲု့ ကျန်းကျန်းမာမာ ပြန်ဆုံတွေ့ခွင့်ရခဲ့တာကိုပဲ ကျေနပ်လှပါပြီ…
ကျွန်မအတွက် မိဘရော အဒေါ်တွေပါ ကျေးဇူးကြီးမားလှတဲ့အတွက် ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုပြီး ကျွန်မမခွဲခြားခဲ့ပဲ ကျေးဇူးရှင်တွေ အဖြစ်သာ စိတ်ထဲမှာ မှတ်သားထားမိပါတယ်…
ကျွေးကျေးဇူး၊ မွေးကျေးဇူးတွေကိုသာ တတ်နိုင်သလောက် ပြန်ဆပ်သွားမယ်လို့လည်း ခံယူထားပါတယ်…
မေကြီးနဲ့ ကျွန်မတို့က သိပ်အလှမ်းမဝေးတဲ့ နေရာလေးတွေမှာ နေထိုင်ကြပေမဲ့ မေကြီးဆီကို ရောက်ဖို့ ကျွန်မ စိတ်ကူးနဲ့တောင် မသွားခဲ့ဖူးပါဘူး…
မေကြီးကသာ တစ်ခါတစ်လေ ကျွန်မတို့ဆီရောက်အောင် လာခဲ့ပါတယ်…
မိဘမေတ္တာကို အပြည့်အဝ မရခဲ့ပေမဲ့ မိဘကျေးဇူးကိုတော့ အထူးသိနားလည်ခဲ့အတွက် အရင်က ကျွန်မတစ်ယောက်ထဲ အလုပ်ရှိစဉ်တုန်းက ပုံမှန်မဟုတ်တောင် ကျွန်မတတ်နိုင်သလောက်မေကြီးကို ထောက်ပံ့ခဲ့ပါတယ်…
ခုတော့ ကျွန်မ ညီမလေးရော မောင်လေးပါ ပညာလည်းစုံ အလုပ်လည်း ကိုယ်စီရသွားကြပြီမို့ လစဉ် ၁၅ရက်နေ့တိုင်း မောင်နှမ ၃ယောက်တတ်နိုင်တဲ့ ပမာဏနဲ့ မေကြီးကို ထောက်ပံ့နိုင်ခဲ့ကြပါပြီ…
ကျွန်မတို့ကြောင့် မေကြီးဟာ သူနေထိုင်ရာ ဒေသမှာ သားသမီးကောင်းကျိုး ပြန်ခံစားရသူအဖြစ် ချီးကျူးခံရတယ်ဆိုတဲ့ စကားကို မေကြီးပြန်ပြောပြချိန်တိုင်း ကျွန်မအတိုင်းမသိ ဝမ်းသာမိပါတယ်…
တစ်ခါတစ်လေ မေကြီးကို ကျွန်မအနားပြန်ခေါ်ထားချင်ပေမဲ့ တစ်ကိုယ်ကောင်းဆန်လွန်းနေသလို ဖြစ်နေတဲ့အတွက် မေကြီးဘက်ကိုလည်း ပြန်ငဲ့ညှာရင်း အဝေးကနေပဲ မေတ္တာခံယူခဲ့ပါတယ်…
မေကြီးနဲ့ နေထိုင်မှု သိပ်ရင်းနှီးခြင်း မရှိခဲ့ပေမဲ့ သွေးသားထဲက ရင်းနှီးမှုကြောင့် ကျွန်မမှာ ရင်ဖွင့်စရာ ကြုံလာတိုင်း မေကြီးကိုပဲ ပထမဆုံး သတိရမိပါတယ်…
မိုးတွင်းတုန်းက မေကြီးနေထိုင်ရာဒေသမှာ ရေကြီးတဲ့အတွက် ပစ္စည်းတွေဘာမှမသယ်ပဲ လူသာလွတ်အောင်ရှောင်ပါလို့ ကျွန်မဖုန်းနဲ့ လှမ်းသတိပေးချိန်မှာ မေကြီးက ဘာပြောသလဲဆိုရင် “သူ့မှာ သယ်စရာဆိုလို့ ကျွန်မတို့ဆီ တစ်ခေါက်လာတိုင်း မရိုးနိုင်ပဲ ယူယူသွားတတ်တဲ့ ကျွန်မတို့ မောင်နှမသုံးယောက် ဓာတ်ပုံတွေကလွဲပြီး ကျန်တာဘာမှ အရေးမကြီးဘူးလို့ ပြောပါတယ်”…
အခြေနေတစ်ရပ်ကြောင့်သာ မေကြီး ကျွန်မတို့ကို ခွဲခွာခဲ့ပေမဲ့ သူ့ရဲ့  မေတ္တာစိတ်ကတော့ ကျွန်မတို့အပေါ် အမြဲရှိနေခဲ့တယ်ဆိုတာ မေကြီး မပြောပြလည်း ကျွန်မ မြင်မိခဲ့ပါတယ်…
မေကြီးအပေါ် ကျွန်မအပြစ်မမြင်ခဲ့ပေမဲ့ မေကြီးကတော့ သူ့ကိုယ်သူ အပြစ်ရှိသူအဖြစ် ခံယူထားလေသလား မသိပါဘူး… ကျွန်မကို တစ်ခါက စကားတစ်ခွန်းပြောဖူးပါတယ်…
“ သမီးကြီး… ခုဆို ညီမလေးနဲ့ မောင်လေးလည်း အလုပ်ကိုယ်စီနဲ့ သူတို့ခြေထောက်ပေါ် သူတို့ရပ်တည်နိုင်တဲ့အချိန်ဖြစ်သွားတဲ့အတွက် ဒီအချိန်မှာ သမီးအိမ်ထောင်ပြုချင်ရင်ပြုပါတဲ့…ဒါပေမဲ့ မေကြီးကိုတော့ ပစ်မထားပါနဲ့လို့” ကျွန်မကို ပြောဖူးပါတယ်…
ကျွန်မအရမ်းဝမ်းနည်းသွားပြီး နှုတ်က မေကြီးကို ဘာစကားမှ ပြန်မပြောပဲ ငြိမ်နေလိုက်ပေမယ့် စိတ်ထဲမှာတော့ “ မေကြီးရယ်…မေကြီးကို ပစ်ထားပြီး အိမ်ထောင်ပြုရမဲ့ လမ်းကို သမီး မရွေးပါဘူး…မေကြီးကို ပစ်ထားပြီး အိမ်ထောင်ပြုရမယ်ဆိုရင် သမီး အပျိုကြီးအဖြစ်ပဲ နေလိုက်ပါ့မယ်…
အိမ်ထောင်ဖက်ဆိုတာ အစားထိုးလို့ရပေမဲ့ မိဘနေရာကိုတော့ အစားထိုးလို့မရနိုင်ဘူးဆိုတာ သမီးနားလည်ထားပါတယ်…
သမီးရဲ့  စိတ်ကို မေကြီးသာ နားလည်မယ်ဆိုရင် ကျန်းကျန်းမာမာ၊ အသက်ရှည်ရှည်နေပေးပြီး သမီးကို လုပ်ကျွေးခွင့်ပြုပါလို့ပဲ တောင်းဆိုပါရစေ…
မေကြီးကို ကျွန်မမပြောဖြစ်ခဲ့သော စကားလေးတွေ ခံစားချက် စာအဖြစ်ချရေးမိပြီး ညစဉ် စိတ်ဝယ်မှန်းဆ ဦးချကန်တော့လျှက် မေကြီးနဲ့အတူ နေနိုင်ဖို့ ကြိုးစားရင်းနဲ့ ဤကမ္ဘာပေါ်ဝယ် ရှိကြကုန်သော သားသမီးတိုင်းလည်း မိဘမေတ္တာ အထူးသိနားလည်နိုင်ကြပြီး မိဘကိုပြန်ကျေးဇူးဆပ်နိုင်သောသူများ ဖြစ်ကြပါစေလို့ ထပ်တူဆန္ဒပြု တင်ပြလိုက်ပါတယ်…………………………………..
(ကိုယ်တိုင်ရေး)