ဗုဗ္ဗေ၀ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေန ၀ါ။
ဧ၀ံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ-လို့
ဇာတ်တော်မှာ မြတ်စွာဘုရားက ဟောကြားထားသည် မဟုတ်ပါလား။
အဓိပ္ပါယ်ကတော့- ရေနှင့်ညွှန်ဆိုတဲ့ အကြောင်းနှစ်ချက်ကြောင့် ရေကန်ထဲမှာ ကြာမျိုးစုံ ပေါက်ရောက်လာခဲ့ရသလို အတိတ်ဘ၀က အတူနေခဲ့ရ ဘူးတာရယ်၊ ပစ္စုပ္ပန်ဘ၀အကျိုးစီးပွါးတွေ လုပ်ကြရဘို့ရယ်-ဆိုတဲ့ အကြာင်းနှစ်ချက်ကြောင့် ယခုဘ၀မှာ ဆုံတွေ့ခွင့် ချစ်ခွင့် ရရှိနေကြတယ်လို့ ဆိုလိုတာပါပဲ။
ဆောင်းပါးနာမည်ကို တစ်လုံးတည်း ပေးထားပါတယ်။ မော်လမြိုင်ဘက်ကို ခရီးထွက်ခဲ့ရင်း ဝေါမြို့ ပေါင်မြို့ ရေးမြို့တို့သို့ ရောက်ရှိခဲ့ပါတယ်။ အဲဒါနဲ့ မြန်မာနိုင်ငံမှာ တစ်လုံးတည်း ရှိတဲ့မြို့တွေကို အောက်မေ့ သတိရမိသွားခဲ့တယ်။ ဆွာ ယော ဆော မြိုင် ချောက်စ-တဲ့ မြို့တွေကိုပေါ့။ ဒီတော့ တစ်လုံးတည်း မြို့တွေကို သတိရရင်း ကနေ ခေါင်းစီး ခေါင်းစဉ်ကို တစ်လုံးတည်းနဲ့ ဆောင်းပါးတစ်ပုဒ် ရေးချင်စိတ် ပေါ်လာလို့ ဒီဆောင်းပါး နာမည်ကို ဆုံ-လို့ ရေးလိုက်မိတာပါ။
ဆုံ-ရဲ့အနက် အဓိပ္ပါယ်ကို နည်းနည်းလောက် ဖွင့်ဆိုချင်ပါသေးတယ်။ သက်ရှိ သက်မဲ့တို့၏ တွေ့ဆုံရာ ဆုံစည်းရာ ရေစက်ဆုံရာ ချစ်ခွင့်ဆုံရာ-စသည်ကို ဆုံ-လို့ ခေါ်ဝေါ်သုံးနှုန်း လေ့ရှိကြတယ်လေ။
လုပ်ငန်းသုံးတဲ့ နေရာမှာဖြစ်တဲ့ ဆီဆုံ ငရုပ်ဆုံ စပါးထောင်းတဲ့ မောင်း စ-သည်ကိုလည်း ဆုံ-လို့ ခေါ်ဝေါ်သုံးနှုန်း လေ့ရှိကြပါသေးတယ်။
ဒီနေရာမှာတော့ သက်ရှိ သက်မဲ့တို့၏ တွေ့ဆုံရာ ဆုံစည်းရာ ရေစက်ဆုံရာ ချစ်ခွင့်ဆုံရာ-ဖြစ်တဲ့ ဆုံ-ကို ရေးလိုပါတယ်။
မြစ်နှစ်စင်းတို့၏ တွေ့ဆုံရာ (မြစ်ဆုံ)။ လမ်းနှစ်သွယ်တို့၏ တွေ့ဆုံရာ (လမ်းဆုံ)။ သစ်ကိုင်းနှစ်ခုတို့၏ ဆုံရာ။ ကားနှစ်စီးတို့၏ ဆုံရာ။ ရထားနှစ်စီးတို့၏ ဆုံရာ။ စသည်ဖြင့် သက်မဲ့အရာဝတ္ထုတို့၏ တွေ့ဆုံရာကို ဆုံ-လို့ခေါ်ကြတယ်မဟုတ်လား။ အဲဒါကတော့ သက်မဲ့အရာဝတ္ထုတို့၏ တွေ့ဆုံရာ ဆုံစည်းရာ ဖြစ်ပါတယ်။
သက်ရှိလောက၏ တွေ့ဆုံပုံတွေကိုလည်း ရေးချင်ပါသေးတယ်။ သတ္တလောကကြီးက အတိုင်းအတာ ပမာဏမရှိလောက်အာင်ကို ကျယ်ပြန့်တယ်လေ။ လူ့လောက နတ်လောက ဗြာဟ္မာလောက တိရစ္ဆာန်လောက စ-သည်ဖြင့် အမျိုးမျိုး အဖုံဖုံပေါ့။ ဘယ်ဘ၀ ဘယ်လောကမှာပဲ ရောက်နေ ရောက်နေပါစေ။ ကိုယ်ဘ၀နှင့်ကိုကတော့ ပျော်နေကြတာချည်းပါပဲ။ တိရစ္ဆာန်လောကထဲမှာ ရောက်နေတဲ့ တိရစ္ဆာန်ကလည်းပဲ တိရစ္ဆာန်အလျှောက် ပျော်နေကြတာပဲလေ။ ဘ၀နိကန္တိကတဏှာ (လက်ရှိ ရထားတဲ့ ကိုယ့်ဘ၀ကို တပ်နှစ်သက်တဲ့လောဘ) ရှိတဲ့နေတဲ့ အတွက်ကြောင့်ပေါ့။ မည်သည့် ပုဂ္ဂိုလ် မည်သည့် သတ္တ၀ါ မဆို ကိုယ့်ဘ၀ကို ပျော်နေကြတာချည်းပါပဲ။ ဥပမာ-စာကလေးတွေကြည့်ပေါ့။ စာကလေးတွေဟာ နံနက်လင်းလာလို့ရှိင်ရင် အိပ်ရာကထ။ အသိုက်အမြုံမှ ထွက်ပြီး တူနှစ်ကို အစာရှာ။ တစ်ကောင်နှင့် တစ်ကောင် နှုတ်သီးချင်းဆိတ်။ ပျော်ကြပါးကြ။ သားသမီးတွေ အစာပြန်ကျွေး။ တစ်ကောင်နှင့် တစ်ကောင် အပြန်အလှန် အကျိုးပြုပြီး နေကြတယ်ပါ့။ ဒါကို တစ်စုံတစ်ယောက်က မင်းတို့ စာဘ၀က ပျင်းစရာပါကွာ။ ပျော်စရာ မကောင်းပါဘူးလို့ သွားပြောကြည့်ပါလား။ စာကလေးတွေက ပြန်မပြောပြ နိုင်သော်လည်းပဲ သူတို့ရဲ့ အမူအရာနဲ့ ပြန်ဖြေကြပါလိမ့်မယ်။ တို့ဘ၀က ပြင်ပလောကကြီး မရှိလောက်အောင်ကို မိုး မမြင် ကမ်းမမြင် လမ်းမမြင် ချစ်ပင်လယ်ကြီး ရွက်ဖွင့်နေကြတယ်ပေါ့။ အဲဒါ ဘာကြောင့်လဲဆိုရင် ဘ၀နိကန္တိကတဏှာ (လက်ရှိ ရထားတဲ့ ကိုယ့်ဘ၀ကို တပ်နှစ်သက်တဲ့လောဘ) ရှိတဲ့နေတဲ့ အတွက်ကြောင့်ပေါ့။
စာကလေးပေါင်း မြောက်များစွာ ရှိတဲ့အထဲမှာ သူ့မိသားစု သူ့အသိုင်းအ၀ိုင်း သူ့ပတ်ဝန်းကျင်လောက်ကိုသာ တွေ့ဆုံခွင့် ဆုံစည်းခွင့် ရေစက်ဆုံခွင့် ချစ်ခွင့်ဆုံခွင့် ရကြတယ်လေ။
ဒါကြောင့် ရေနှင့်ညွှန်ဆိုတဲ့ အကြောင်းနှစ်ချက်ကြောင့် ရေကန်ထဲမှာ ကြာမျိုးစုံ ပေါက်ရောက်လာခဲ့ရသလို အတိတ်ဘ၀က အတူနေခဲ့ရ ဘူးတာရယ်၊ ပစ္စုပ္ပန်ဘ၀အကျိုးစီးပွါးတွေ လုပ်ကြရဘို့ရယ်-ဆိုတဲ့ အကြာင်းနှစ်ချက်ကြောင့် ယခု ဘ၀ ဆုံတွေ့ခွင့် ချစ်ခွင့် ရရှိနေကြတယ်လို့ မှတ်ကြမှာ ဖြစ်ပါကြောင်းကို စေတနာ မေတ္တာဖြင့် တင်ပြလိုက်ရပါတော့တယ်။
ရေ ညွှန်နှစ်ခု၊ အကြောင်းပြု၊ ဖြစ်မှု့ ဖြူ နီကြာ။
အတိတ်ရေစက်၊ ပစ္စုပ္ပုန်ဖက်၊ နှစ်ချက် ချစ်မှု့ဖြာ။
(၆-၁-၂၀၁၃) တနင်္ဂနွေနေ့ ည ၆-နာရီ ၂၅-မိနစ်
သုခီ ဒီဃာယုကော ဘ၀။ (ဆရာဗန်)