စစ်မှန်သော အောင်မြင်ခြင်းတွေကို ထာဝရ ပိုင်ဆိုင်နိုင်ကြပါစေ
(ဆောင်းပါး )
အောင်မြင် အဆင်ပြေတဲ့ဘ၀ကို လူတိုင်းရလိုကြပါတယ် ။ ဒါပေမယ့် အောင်မြင်အဆင်ပြေတဲ့ ဘ၀တွေကို ပိုင်ဆိုင်ရဖို့ဆိုတာ ကိုယ်တိုင် ကြိုးစားအားထုတ်တတ်ဖို့ လိုအပ်ပါတယ် ။ လူငယ်တွေ အနေနဲ့ ကိုယ်တက်လမ်းကို လျှောက်လှမ်းဖို့အတွက် ကိုယ်လမ်းကိုယ်ဖောက်တတ်ဖို့ လိုအပ်ပါတယ် ။ သူများနောက်လိုက်ဘ၀နဲ့ ကျေနပ်နှစ်သိမ့်နေမယ်ဆို တိုးတက်တဲ့ဘ၀တစ်ခုနဲ့ ဝေးကွာနေအုံးမှာပါဘဲ။ ကိုယ်ပိုင်အတွေး ကိုယ်ပိုင်ဟန်နဲ့ တိုးတက်နေသူတွေရဲ့ ကောင်းမွန်တဲ့ အကျင့်စရိုက်တွေကို လေ့လာအတုယူပြီး ကိုယ်ပိုင်ဟန်တစ်ခုနဲ့ ကြိုးစားမယ်ဆို တိုးတက်အောင်မြင်တဲ့ လမ်းကြောင်းတစ်ခုကို အောင်မြင်စွာ လျှောက်လှမ်းနိုင်မယ်ဆိုတာ အသေချာပါဘဲ။ လူတိုင်း အော င်မြင်တိုးတက်ကြချင်ပေမယ့် အောင်မြင်သူအရေတွက်တွေ ဘာကြောင့်နည်းပါးနေရသလဲဆိုတာ ကိုယ်ကိုကိုယ် ပြန်လည် သုံးသပ်ကြသူတွေ အင်မတန်ကို နည်းပါးကြပါတယ် ။ နောက်တစ်ခု ကိုယ်ကိုကိုယ် ဝေဖန်တဲ့နေရာမှာ အားမနာတမ်း ဝေဖန်ရမယ် ။ ဒါမှသာ ကိုယ်မှာ ရှိတဲ့ အားနည်းချက် အားသာချက်တွေ ကို ထင်ထင်ရှားရှား မြင်တွေ့ရမှာပါ ။ အရေးကြီးတဲ့ တစ်ချက်ရှိပါသေးတယ် ။ ဒါကတော့ သူတစ်ပါးကို ခြေထိုးခံပြီးမှ ရလာမယ့် အောင်မြင်မှုဆိုတာ ကို အရသာခံမနေကြဖို့ အထူးလိုအပ်ပါတယ် ။ အဲဒီအောင်မြင်မှုဟာ ခဏတာ အောင်မြင်တစ်ခုသာဖြစ်ပါလိမ့်မယ် ။ ဒီကိစ္စနဲ့ ပတ်သတ်ဆက်စပ်နေတဲ့ ခေတ်သစ်ပုံပြင်လေးတစ်ပုဒ်ကို ပြောပြချင်တယ် ။
မကြာသေးတဲ့ ကာလတစ်ခုကပေါ့ ။ နိုင်ငံခြားစက်ရုံတစ်ခုမှ မြန်မာ အလုပ်သမား 5ယောက်တိတိ ရှိကြသတဲ့ ။ ဒီထဲက 2ယောက်က အလုပ်ချိန်ကို ပုံမှန်ရောက်အောင်သွားကြတယ် ။ ကျန်တဲ့ 3ယောက်ကတော့ အမြဲလိုလိုနောက်ကျတတ်တယ် ။ ဒီလိုနဲ့ လည်ပတ်နေလိုက်တာ အလုပ်က အကြီးကဲက ဒီအချက်ကို သတိထားမိလာတယ် ။ သူတို့ 5ယောက်စလုံးက သူဠေးငှားပေးတဲ့ အိမ်မှာ တူတူနေကြသူတွေပေါ့ ။ တစ်အိမ်ထဲနေကြသူတွေ ဖြစ်ပါရဲ့ ကျန်တဲ့ 3ယောက်က ဘာလို့ နေ့စဉ်နေ့တိုင်းနောက်ကျနေရသလဲလို့ သူတို့အကြီးကဲက စဥိးစားလာတာပေါ့ ။ တစ်ရက်တစ်လေလည်း မဟုတ် ။ နေ့စဉ်နေ့ရက် ဖြစ်နေတော့ နောက်ကျတတ်တဲ့ 3ယောက်ကို သတိထားပြီး ပိုလို့စောင့်ကြည့်နေသတဲ့ ။ နောက်ကျတတ်သူ 3ယောက်ထဲက တစ်ယောက်က မြန်မာ ပြည်ကို ပြန်သွားတဲ့အခါကျန်တဲ့ 2ယောက်က ထုံးစံအတိုင်း နောက်ကျနေဆဲပါဘဲ ။ မြန်မာပြည်ကို ပြန်သွားသူက အလုပ်မှာ လုပ်ငန်းကျွမ်းကျင်သူတစ်ဦးမို့ သူရှိနေစဉ်က မပြောခဲ့တဲ့ အကြီးကဲက သူမြန်မာပြည်ကို ပြန်တာနဲ့ ကျန်တဲ့ 2ယောက်ကို ခေါ်ဆူပါလေကော ။
မင်းတို့ နေ့တိုင်းဘာလို့နောက်ကျရတာလဲ။ တစ်အိမ်ထဲ တူတူနေကြတာချင်းတူတူ ဟိုနှစ်ယောက်ဆို အမြဲ အချိန်မှန်ရောက်တယ် ။ မင်းတို့ကျမှ အမြဲကိုနောက်ကျနေတယ် ။
လို့ ပြောလိုက်တယ်ဆိုရင်ဘဲ နောက်ကျတတ်သူထဲက တစ်ယောက်က အချိန်မှန်ပါတယ်ဆိုတဲ့ သူရဲ့ အလုပ်ဝင်တဲ့ ကတ်ကို သွားယူပြီး စောဒကတက်လိုက်ပါတယ် ။
ဖြစ်ချင်တော့ အချိန်မှန်တတ်သူ နှစ်ယောက်က အဲဒီရက်ပိုင်းလေးကြမှ 3ရက်လောက်နောက်ကျနေသတဲ့ ။ ဒီတော့ အကြီးကဲက ကတ်ကိုကြည့်ပြီး အချိန်မှန်အောင်ဝင်ကွာ ဆိုပြီး စကားကို အဆုံးသတ်လိုက်ပါတယ် ။ ပုံပြင်လေးကတော့ ဒါပါပဲ ။
ကဲတွေးကြည့်ပါအုံးနော် ။ ဖြစ်သင့်လား ။ ဒီလို လုပ်သင့်လား ။ ပထမဆုံးတွေးရမှာက အကြီးကဲဆူတာ လွန်နေတာလား ၊ ကိုယ်ကိုတိုင်က မှားနေတာလား ။ နောက်ကျလို့ နောက်ကျတယ်ပြောတာ မဆိုင်တဲ့သူကို တစာခံ လုပ်သင့်လား ။ အမြဲလို အချိန်မှန်စောစော အလုပ်သွားနေသူ တစ်ယောက် တစ်ရက် နှစ်ရက်လေး နောက်ကျတာကို အခွင့်ကောင်းယူ ယှဉ်ပြောသင့်ရဲ့လား ။ ခုလို ပြောလိုက်တဲ့ အတွက် ကိုယ်အတွက် ဘာတွေ ထူးခြားတိုးတက်ပြောင်းလဲ သွားပါသလဲ ။ ဘယ်သူဘယ်သူအတွက်မှ အကျိုးမရှိစေတဲ့ လုပ်ရက်တွေကို ဘာလို့ လုပ်ချင်ကြရတာလဲ ။ ဘာအတွက်မှ အကျိုးမဖြစ်စေတဲ့ လုပ်ရပ်မျိုးတွေကို ကျွန်မတို့တွေ ရှောင်ယှဉ်သင့်ပါတယ် ။ ကိုယ်အတွက်လည်း တမူထူးကဲတဲ့ အကျိုးဖြစ်ထွန်းမှုမရှိစေဘဲ တစ်ဖက်သားကို အကျိုးမဲ့စေတဲ့ အပြုမှူတွေကို သတိပြုရှောင်ရှားသင့်ပါတယ် ။ ကိုယ်အမှားအတွက် သူတစ်ပါးကို အကာကွယ်မပြု မထိုးချဘဲ ကိုယ်အမှားကို ပြင်ဆင်တာဝန်ယူတတ်ပါစေ ။
နောက်တစ်ချက် ဆိုးကျိုးတခုခုဖြစ်လာပြီဆို ကံမကောင်းဘူးကွာလို့ ညဉ်းတွားတတ်သူတွေကို သတိလေးပေးချင်ပါတယ် ။ လူတွေဟာ မွေးဖွားလာစဉ်ထဲက တရားသေ သတ်မှတ်ခံထားရသူတွေ မဟုတ်ကြပါဘူး ။ အကြောင်းမလှစွာ မပြည့်မစုံမွေးဖွားလာသူတွေတောင် တစ်နေ့မှာ လျှမ်းလျှမ်းတောက်အောင်မြင်သူတွေ ဖြစ်လာတတ်သေးပါတယ် ။ သူကံကောင်းချိန်ရောက်လာလို့ပေါ့လို့ ယေဘူယျပြောနိုင်ပါတယ် ။ တကယ်တော့ ကံဆိုတာ လူကလုပ်မှ အသက်ဝင်လာတတ်တာမျိုးပါ။ လူကိုယ်တိုင် လက်တွေ့ ကြိုးစားလုပ်ဆောင်ကြည့်မှသာ ကံဆိုတာလည်း ပိုလို့ သက်ဝင်အကျိုးဖြစ်ထွန်းစေတာမျိုးပါ ။ အောင်မြင်မှုဆိုတာ သူ့အလိုလို ဖြစ်လာတတ်တဲ့ အရာတော့ မဟုတ်ပါဘူး ။ ကိုယ်ရဲ့အောင်မြင်မှုကို ကိုယ်တိုင်ဘဲ ခေါ်ဆောင်နိုင်ရပါ့မယ် ။ ကိုယ်ရဲ့ အောင်မြင်မှုအတွက် ကိုယ်ကို တိုင်မှာသာ တာဝန်ရှိပါတယ် ။ ဟိုလူအားကိုး ဒီလူမျှော်ကိုးနေလို့ ကျွန်မတို့လိုချင်နေတဲ့ အောင်မြင်မှုဆိုတာ ကျွန်မတို့ အနားကို အလိုလိုရောက်မလာနိုင်ဘူးဆိုတာကို ကျွန်မတို့ ရင်ထဲ အသည်းထဲမှာ စွဲစွဲမြဲမြဲ နားလည်မှတ်သားထားဖို့ လိုအပ်ပါတယ် ။ ကြိုးစားရင်း မှားခဲ့တဲ့ အမှားလေးတွေကိုလည်း ထုတ်ဖော်ဝန်ခံပြင်ဆင်တတ်ပါစေ ။ အမှားဆိုတာတွေကို နည်းနိုင်သလောက်နည်းအောင်ကြိုးစားရင်း အမှားနည်းသူတွေ ဖြစ်ပါစေ ။ မှန်ကန်ခြင်းဟာ အားတစ်ပါး လို့ ဆရာမဒေါက်တာ မတင်ဝင်းရေးသားတဲ့ စာအုပ်လေးထဲမှာ မှတ်သားခဲ့ဖူးပါတယ် ။ မှန်ကန်ခြင်းဆိုတဲ့ အားတွေကို များများမွေးဖွားနိုင်ကြပါစေ ။
နောက်တချက်ကတော့ ငွေကြေးအများပြားကိုတော့ လိုချင်ကြပါရဲ့ ။ ကြိုးစားမှုကြတော့ ဗလာနတ္ထိဆိုတဲ့ လူငယ်တွေ အများပြားတွေ့နေရပါတယ် ။ လိုချင်တာကို ရဖို့ အတွက်ဆိုတာ ကိုယ်စွမ်းကိုယ်စရှိပြီး ကိုယ်တိုင်ကြိုးစားအားထုတ်၇မယ့်ဆိုတဲ့ အချက်ကိုတော့ မေ့ထားကြတော့ လိုချင်တဲ့ စိတ်သာရှိနေပြီး ပန်းတိုင်ဆိုတာနဲ့တော့ ဝေးကွာနေကြရတာပေါ့ ။ စိုင်ကော်လို့ ချုံပေါ်ရောက်သွား တဲ့ စကားပုံလေးက နားထောင်လို့ ကောင်းပေမယ့် ချုံပေါ်ရောက်ဖို့ ထိုင်စောင့်နေသူတွေတော့ မဖြစ်စေချင်ဘူး ။ ဆရာမတင်ဝင်းက ပြောတယ် ။ စိုင်က ချိုနဲ့ကော်လိုက်လို့ ရလာတဲ့ ဒဏ်ရာတွေဘယ်လောက်ကြီးမယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ပါ တဲ့လေ။ အမှန်တစ်ကယ်အောင်မြင်ချင်သူတွေ အတွက် ကျွန်မဖတ်မှတ်ခဲ့ဘူးသော စာပေတွေကနေ သုံးသပ်မိတဲ့အချက်လေးတွေ ရှိပါတယ် ။
၁။ မိမိမှာ စစ်မှန်တဲ့ အစွမ်းစနဲ့ ကြိုးစားမှုရှိရမယ် ။
၂။မိမိကိုယ်ကို ယုံကြည်စိတ်ချမှု ရှိရမယ် ။
၃။ရိုးသားကြိုးစားရမယ်။
၎။ကိုယ်အောင်မြင်ဖို့အတွက်သူတစ်ပါးကို အသုံမချမိပါစေနဲ့ ။
၅။ကံကောင်းချိန်ကို ထိုင်စောင့်နေသူမဖြစ်ပါစေနဲ့ ။
၆။ကိုယ်ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်အောင်လျှောက်လှမ်းနိုင်သူဖြစ်ပါစေ။
၇။အရည်အတွက် မှ အရည်ချင်းသို့ ရှေးရှူတတ်သူဖြစ်ပါစေ။
ဒီအချက်လေးတွေကို လက်ကိုင်ပြုကျင့်သုံးခြင်းဟာ အောင်မြင်မှုအတွက် များစွာအထောက်ကူပြုစေနိုင်မယ်လို့ ယုံကြည်မိပါတယ် ။ အလုပ်လုပ်တဲ့နေရာမှာ တချို့တချို့တွေ ပြောတတ်ကြတာတွေ ရှိပါသေးတယ်။ အရင်းနှီးမရှိဘဲ ဘာလုပ်မလဲတဲ့ ။ ကျွန်မဖေဖေ အမြဲပြောတတ်တဲ့ စကားလေး တစ်ခုရှိတယ်။
*ငွေကြေးအရင်းနှီးရှိမှ အလုပ် လုပ်တတ်တယ်ဆိုတာ အရည်ချင်းမရှိသူတွေ ငပျင်းတွေ ပြောတဲ့ ဆင်ခြေစကားတဲ့ ။*
ဖေဖေပြောခဲ့စဉ်က ဒီတိုင်းလေး မှတ်သားထာပေမယ့် ခုချိန်မှာတော့ ဖေဖေ ပြောခဲ့တဲ့ စကားလေးက သိပ်မှန်တယ်ဆိုတာကို ပီပီပြင်ပြင်လက်ခံသဘောပေါက်လာမိပါတယ် ။ အချုပ်အားဖြင့်ဆိုရသော် တိုးတက်အောင်မြင်တဲ့ ဘ၀တွေကို ပိုင်ဆိုင်ချင်တဲ့သူတိုင်း ကောင်းမွန်းတဲ့ ကိုယ်ပိုင်အစွမ်းစတွေကို ကြိုးစားလေ့ကျင့်မွေးမြူနိုင်ကြပါစေ ။ မိမိတို့ကို အမှန်တကယ် လမ်းပြပေးသူမဟုတ်သော ကပ်ပါးရပ်ပါးအပေါင်းသင်းများရန်မှ ကင်းဝေးကြပါစေ။ တိုးတက်ချင်တဲ့ လူငယ်တွေကို တစ်ထောင့်တစ်နေရာကနေ အနည်းငယ်ဖြစ်စေ အကျိုးဖြစ်ထွန်းစေလိုသော စိတ်စေတနာနဲ့ ဖတ်မှတ်ခဲ့ဖူးသော စာပေတွေထဲက ရရှိလာသော အသိတွေကို ပြန်လည်ဝေငှစေသော သဘောဖြင့် ဒီဆောင်းပါးလေးကို ရေးသားလိုက်ရပါတယ်ရှင်။
ခိုင်လေး (ရွှေတောင် )