မြန်မာ့စကားဇစ်မြစ်မှ ““ ထီးရိုးရှည်...နှင့် ဝေလာဝေး””
ရွှေတိုရဲ့ မြန်မာနိုင်ငံသည် ကိုယ့်ထီးကိုယ့်နန်းဖြင့် ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်စာပေများဖြင့်ထီးထီးတည်ရှိခဲ့သော နိုင်ငံဖြစ်ပါတယ်။ မြန်မာစာပေ မြန်မာစကားလည်း အထင်အရှားရှိခဲ့ပါတယ်။ ဒါကြောင့် နေ့စဉ်သုံးနှုန်းနေကြသော်လည်းအနက်အဓိပ္မါယ် ပိုမိုပြည့်စုံစွာ သိရှိနိုင်ပါရန် ရည်ရွယ်ချက်ဖြင့် မြန်မာစကားဇစ်မြစ်များထဲမှ ““ထီးရိုးရှည် နှင့် ဝေလာဝေး”” စကားနှစ်ခွန်းကိုတင်ပြလိုက်ပါတယ်။
ထီးရိပ်နန်းရိပ် နှင့် မကင်းသောမှုးမတ်၊ မင်းမှုထမ်းတို့မှ ဆင်းသက်လာသော စကားဖြစ်ပါသည်။
စကားအပြည့်အစုံမှာ မောင်မောင်ဆိုလေ ထီးရိုးရှည် ဟူ၍ ဖြစ်ပါသည်။
အသည်သား(သာမန်လူ)တစ်ဦးအား မင်းမှုထမ်း ထီးတော်မိုးအဖြစ်မြှောက်စား၍ လူအများက မင်းညီမင်းသား အနွယ်ကဲ့သို့
မောင်မောင်ဟု အမည်ရှေ့တွင်တပ်ပြီးခေါ်ရရာ ထို သာမန်ညောင်ည အသည်သားသည် ဘ၀င်စိတ်ကြီးဝင်လျက်
““မောင်မောင်“ ဟုအခေါ်ခံရတိုင်း၊သူကိုင်ဆောင်ရသော ထီးကို တလက်မစီမြင့်၍ကိုင်သဖြင့် ထီးရိုးသည် ရှည်၍ရှည်၍သာ
တက်လာသည်ကို အစွဲပြုလျက် ““မောင်မောင် ဆိုလေ..ထီးရိုးရှည်”” ဟုပြောဆိုကြသည်။
ထိုသဘောကိုမှီ၍ မလိုလားလေ ပို၍လွန်ကဲလွန်းလေ စသည်အားဖြင့် ဆန့်ကျင်တော်လှန်၍ အကဲလွန်ပြုမူသည်ကို
အဓိပ္မါယ်ယူကာ တင်စားသုံးနှုန်းကြခြင်းပင်ဖြစ်ပါသည်။
ဤစကားရပ်သည် ကုန်းဘောင်ခေတ်နှောင်းပိုင်း အင်္ဂလိပ်တို့အုပ်စိုးပြီးမှပေါ်ပေါက်လာခြင်းဖြစ်သည်ဟု သုတေသီတို့ကမှတ်သားသည်။
ဗြိတိသျှအုပ်စိုးစဉ်က ဝေလမင်းသား၊ဝေလငါး၊ဝေလနယ်ဟု အသိများသကဲ့သို့ ခေါင်းတုံးတံဆိပ်နှင့် အက်ဒွတ်ဘုရင်ပုံပါသော ဒင်္ဂါးများ
ကိုလည်း“ ဝေလဒင်္ဂါး“ ၊ ၀ိတိုရိယဘုရင်မပုံပါလျှင် “ဆာပါခြုံ“ ခေါင်းမြီးခြုံ ကုလားမခေါင်းဟူ၍လည်းခေါ်ကြသည်။
ထို့ကြောင့် ငွေကြေးပြတ်လပ်သည့်အခါ ငွေနှင့်ဝေးသည် ဆိုရမည့်အစား ဝေလဒင်္ဂါးနှင့်ဝေးသည်ဟု တစ်ကျပ်တပြားမှမရှိသော
သဘောဖြင့် “ဝေလနှင့်ဝေးသည်..ဝေလာဝေးသည်“ ဟုသုံးနှုန်းလာကြသည်။
ထိုကဲ့သို့ပင် ငွေသားမဟုတ် တစ်စုံတစ်ရာကို လုံဝကင်းရှင်း၊ ကင်းလွတ်ကွာဝေးကြောင်းကို ဖေါ်ပြလိုလျှင် ဝေလာဝေးကိုသုံးကြသည်။
နောင်တွင် ဒင်္ဂါးများ၌ ဒေါင်းရုပ်ကိုသုံးစွဲလာကြသောအခါ “ဒေါင်းမပါ..မလာနှင့်“ ဟူ၍လည်းကောင်း၊ ခြူးရုပ်ကိုသုံးစွဲလာသောအခါ၌
လည်း“ခြူးတစ်ပြားမရှိ“ ဟူ၍ အလိုက်အထိုက်သုံးစွဲလာကြပါသည်။
(အလျင်းသင့်ပါက ဆက်လက်ဖေါ်ပြပါမည်။ မြန်မာ့စကားဇစ်မြစ် ၁၀၀ ကျော် (ဦးသိန်းအောင်-မြန်မာစာ) စာအုပ်မှပြန်လည်တင်ပြပါသည်.။)
ရွှေပန်းချီ (Jan10,2013. 12.12AM)