သံဝေဂ ဆည်းဆာ
ဘဝနိကန္တိက အစဖြာရင်း
ပဋိသန္ဓေ ဂဗ္ဘ အမိ ဝမ်းတွင်းက
ကိုးလ လွယ် ဆယ်လ ဖွားလို့
ဇာတိ လှောင်အိမ်ထဲက ထွက်ခဲ့သူ..
အချို့က အမှောင်က လာ အမှောင်သွား သူ..
အချို့က အမှောင်က လာ အလင်းသွား သူ...
အချို့က အလင်းက လာ အမှောင်သွား သူ...
အချို့က အလင်းက လာ အလင်းသွား သူ...
ဘယ်သူ ဘယ်အမျိုးစားထဲ ပါလာသလဲ.....။
အကယ်၍....
နိယာမ တံတိုင်းခတ်ထားတဲ့
ဥဒ္ဓစ္စ မိုးတိမ်အောက်
မောဟတွေ မှောင်မိုက်
အတ္တတွေ ပျော်မွေ့
မာနတွေ စီးဆင်း
လောဘတွေ ရိုက်ခတ်
ဒေါသတွေ ပုန်ကန်ထကြွ
ဣဿာရဲ့ ငြူစူမှုနဲ့
မစ္ဆရိယ တောက် ခေါက်တဲ့
ထိန မိဒ္ဓ နေ့ညတွေကို
အမှား မိစ္ဆာ အတွေးများနဲ့ အိပ်စက်ရင်း
အနောတ္တပ္ပ နွံ့အိုင်အတွင်း
အကုသိုလ်တွေကို မိတ်ဆွေဖွဲ့လို့
ဘဝကို ကမ္မသကာနဲ့
နိဂုံး အဆုံးသတ် မလှခဲ့ဘူးဆိုရင်....။
အကယ်၍...
သံသရာကျင်လည် ခရီးသွားရင်း
နှောင်ကြိုးတွေ ရစ်ပတ်လို့
သံယောဇဉ် လယ်ကွက်ထဲ
မျိုးစေ့တွေ ကျဲဖြန့်
ဒုက္ခရဲ့ နေလောင်ပြင်မှာ
အငှား သောကတွေနဲ့
ပရိဒေဝ မျက်ရည်ပူတွေ လောင်းချ
စွဲလန်းခြင်း ဥပါဒ်တစ်ခု
အိပ်မက်ကမ္ဘာအထိ သိမ်းသွင်းခဲ့လည်း
သမုဒယရဲ့ အက်ကြောင်းများတဲ့
ဝေဒနာ သမိုင်းကို ရေးဆွဲနေဦးမယ်ဆိုရင်...။
အကယ်၍....
အစောင့်တော် သဘာဝ ဓာတ်ကြီးလေးခု
သတိဆိုတဲ့ သမားတော်
သမာဓိ တရားရှင်
ဘဝ နာမည်ရ ပညတ်
ဖွဲ့စည်းပုံ ခန္ဓာ ငါးချက်
ဖြစ် တည် ပျက် လက္ခဏာ သုံးချက်
အတိတ် ပစ္စုပ္ပန် အနာဂတ် ညီအစ်ကို
ကံ အမိ အဖ ဦးတည်ချက် ဇိဝိတိနြေ္ဒ
အနိစ္စ ဒုက္ခ အနတ္တ သွေးသောက်ရဲဘော်တွေနဲ့
ဝင်သက် ထွက်သက် ဖွားဘက်တော်တွေ ဝိုင်းရံထားပါလျက်
အကြောင်း သမုဒယ နန်းတော်မှာ
ဝေဒနာ ဦးစီးတဲ့ ဘုရင် တစ်ဆူဖြစ်နေသေးတယ်ဆိုရင်...။
ဒါပေမဲ့....
အချိန်ဆိုတာ ကြွေကျဖို့
တဖြေးဖြေး ရင့်ကျက်လာပြီ...
အချိန်နဲ့ တပြေးညီ..
အရှေ့က ရောင်နီဟာ အနောက်သို့ ယွန်းလာပြီ...
ဟိုတုန်းက နုပျိုမှုဟာ ဒီနေ့ ပြိုကျလာပြီ...
ခိုင်မာတဲ့ စိတ်ဓာတ် တံတိုင်းတွေ ဆွေးမြေးလွန်းလို့
ကျားကန်ထားတဲ့ ဒေါင့်တိုင်းတွေလည်း
ပိုးကိုက် ပျက်စီး စ ပြုလာပြီ...
စိုပြေတဲ့ ကိုယ့် အသားရေတွေလည်း..
ခြောက်ခမ်းခမ်း ကွဲအက် စ ပြုလာပြီ...
ထာဝရ မပြောင်းလွဲ မပျက်စီး မယိုးယွင်းတဲ့
ဟိုတုန်းက ဆောင်ရွက် လှူဒါန်းခြင်း
ပုညကိရိယ ကုသိုလ်တွေကို
သတိ တရား လက်ကိုင်ထားလို့
တဖန်ဖန်...ကိုယ် ပြုခဲ့တဲ့
ထိုကုသိုလ်တွေ အာရုံပြုပြီး
ပီတိအပြုံးတွေ ဝေဝေဆာဆာနဲ့
လဲလျောင်းနေတဲ့ အိပ်ယာထက်မှာ
ဘဝတစ်ခုရဲ့ နေဝင်တံခါးကို
ကိုယ် ကိုယ်တိုင် ပိတ်ချေပြီ... တကား..။
တက္ကသိုလ်မြတ်မင်း