ဆုလေးရေ...
ငါတို့နှစ်ယောက် အတူတူ ထိုးခဲ့တဲ့ (၅၂၈)ခေါင်းလောင်းကြီးဟာ အသံတလွင်လွင်နဲ့ မေတ္တာသံတွေ စီးဆင်းနေတယ်နော်။ နင်ကြားလိုက်ရလား...ဆုလေး။ နားဝင်ပီယံချိုလွန်းတဲ့ အဖြူရောင် သံစဉ်ချိုတွေကိုပေါ့။ တို့နှစ်ယောက်ကြား ပေါင်းကူးတံထားထိုးထားတဲ့ နားလည်မှုဖြင့် နားစွင့်ထားနော်။ ကြည်လင်တဲ့ အသံချိုကို ပီပီသသ နင်ကြားရမှာပါ။
ဆုလေးရေ...
လူသောက်တဲ့ ဆေးတိုင်းတောင် ဘေးထွက်ဆိုးကျိုးနဲ့ ကင်းတာ မဟုတ်ဘူး။ ဒါကြောင့် နင်အကောင်းဆုံး လုပ်ထားတဲ့ အလုပ်တောင် တချို့တွေက အမြင်မတူလို့ အပြစ်ပြောချင် ပြောမယ်။ အဲ့ဒီအတွက်တော့ ခေါင်းအလေးခံပြီး နင်စိတ်ဓာတ်မကျနဲ့နော်။ နင့်အနားမှာ ဘယ်သူမှ မရှိတောင် ငါအမြဲ ရှိနေမှာပါ။ ပြီးတော့ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းဆိုတာလည်း လောကဓံထဲမှာပါတဲ့ အရာပဲဟာ။ ဤအရာက ရှစ်ပါးထက် မပိုပါဘူး...ဆုလေ။ နင်ရင့်ကျက်နိုင်မယ်လို့ ငါ ယုံကြည်ပါတယ်။
ဆုလေးရေ...
နင်ပျော်တာကို ငါ အပြစ် မပြောလိုပေမဲ့ အပျော်လွန်ရင်တော့ သတိပေးရလိမ့်မယ်။ အဲ့ဒါက ငါဟာ နင့်ရဲ့ သူငယ်ချင်းကောင်း စိတ်အပြည့်နဲ့ပေါ့ဟာ။ သူငယ်ချင်းကောင်းဆိုတာ တစ်ယောက်ကို တစ်ယောက် လမ်းမမှားအောင် တစ်ယောက်က လက်တို့ သတိပေးရမယ် မဟုတ်လား။ တစ်ယောက်အားငယ်ရင်လည်း တစ်ယောက်က ခွန်အားပေးရလိမ့်မယ်။ တစ်ယောက်ဝမ်းနည်းရင် တစ်ယောက်က ဖြေသိမ့်ပေးရမှာ မဟုတ်လား။ တစ်ယောက်နဲ့ တစ်ယောက်ဟာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အပြန်အလှန်ပေါ့။ ဒီတော့ နင်ပျော်စရာရှိတာတော့ ပျော်ပေါ့ဟာ။ ဒါပေမဲ့ အပျော်လွန်ပြီးတော့ မပျက်စေနဲ့နော်။ နင့်ကိုယ်နင် ထိန်းသိမ်းနိုင်မယ်လို့ ငါယုံကြည်တယ်။
ဆုလေးရ...
ငါ နင့်ကို ပြောချင်တာက ဘယ်အရာမဆို အယုံမလွယ်ဖို့ပဲ။ လောကကြီးမှာ လူတွေဟာ ကိုယ့်အကျိုးရှိဖို့ဆို ခပ်လွယ်လွယ်ပဲ မုသားသုံးတတ်ကြတယ်။ ဒါကြောင့် ဘယ်အရာမဆို အထပ်ထပ် အခါခါ ဆန်းစစ်ပြီးမှ ယုံပါ။ ပြီးတော့ လူဆိုတာ ပတ်ဝန်းကျင်ထဲမှာ ကျင်လည်ရတာနော်။ ဒီနေရာမှာ လိုက်လျောညီထွေ ဖြစ်ဖို့တော့ အရေးကြီးတယ်။ ဒါပေမဲ့ အမြဲတမ်းတော့ ပတ်ဝန်းကျင်ကို နင်ထည့်မတွက်နဲ့နော်။ သူ့ကို မြွေမသေ တုတ်မကျိုး ဆက်ဆံပေးရုံလောက်ပဲ။ နင် လိမ္မာပါးနပ်မယ်လို့ ငါ ယုံကြည်ပါတယ်...ဆုလေး။
ငါတို့ဟာ လူ့အသိုင်းဝိုင်းမှာနေတဲ့ လူသားတွေပဲ မဟုတ်လား။ ဒါကြောင့် နင် လူဖြစ်ပြီး လူပီသဖို့လည်း အရေးကြီးသေးတယ်။ နင်ဟာ အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ဖြစ် လူလောကအတွက် တတ်နိုင်သမျှ ပေးဆပ်နိုင်အောင် ကြိုးစားပါ။ အဲ့ဒီနေရာမှာ အကျိုးလိုလို့ ညောင်ရေလောင်းတာတော့ မဖြစ်စေနဲ့ပေါ့။ နင့်အတွက် ပေးသလောက် ပြန်မရရင်တောင် ရသလောက်ထက် ပိုပြီး ပေးဆပ်နိုင်အောင် ကြိုးပမ်းရမယ်နော်။ ငါ မြင်ယောင်နေတယ်...ဆုလေး။ နင်ဟာ လောကအတွက် ကိုယ်ပိုင်အတ္တလျော့ပြီး အလင်းပေးမဲ့ လမင်းတစ်စင်းဆိုတာ ငါ ယုံကြည်မိတယ်။
ဆုလေးရေ...
ငါနင့်ကို ပြောလိုသမျှတော့ ဆရာကြီးဒီဇိုင်းနဲ့ ရေးလို့ ပြီးသွားပြီ။ နင်နဲ့ ငါနဲ့က ပြောမနာ ဆိုမနာဆိုတော့ ရေးသမျှအတွက် ရန်ဖြစ်စရာ အကန့်လည်း မရှိပါဘူး။ နင်သိထားမဲ့ သဘောတရားတွေကို ငါက နင်မေ့မှာစိုးလို့ ပြန်လက်တို့လိုက်တာပါ။ နင်က ဦးတည်ချက်နဲ့ ပန်းတိုင်ကို သိနေတဲ့သူပဲ။ နင်လှမ်းတဲ့ ခြေလှမ်တိုင်းဟာ ပန်းတိုင်ကို နီးမဲ့ ခြေလှမ်းတွေပဲ ဖြစ်မှာပါ။ ပန်းတိုင်မရှိပဲ ယောင်လည်လည် မဖြစ်တဲ့နင့်ကို ငါ အမြဲ ဂုဏ်ယူနေတာ နင်သိလား။
တစ်နှစ်ထက် တစ်နှစ်ပိုလို့ ခင်မင်သွားမဲ့
နင့်ရဲ့သူငယ်ချင်း
စေပိုင်ထွဋ်(ပုသိမ်)