ရွှေဟင်္သာငှက်၊ တောင်တစ်ရွက်ဖြင့်၊ နှစ်သက်စိတ်က၊ ပေးသမျှကို၊ အားရမရှိ၊ ကဲလွန်ဘိလျက်၊ အတိဗလ၀၊ ကြီးလောဘနှင့်၊ အရသုတ်သုတ်၊ ဖြုတ်ဖြုတ်မကြွင်း၊ နင်း၍ကုန်အောင်၊ နုတ်ယူဆောင်သော်၊ ရွှေရောင်ကွယ်လစ်၊ ဗျိုင်းတောင်ဖြစ်၏--- လို့ မဃဝေလင်္ကာသစ်မှာ ဆိုထားတယ် မဟုတ်ပါလား?
ဒီလင်္ကာကတော့ မြတ်စွာဘုရား သုဝဏ္ဏဟံသ-ဇာတ်တော်မှာ ဟောကြားထားတဲ့ တရားတော်ကို လင်္ကာဖွဲ့ဆိုထားခြင်း ဖြစ်တယ်လေ။
ဒီဇာတ်တော်ရဲ့ အဓိပ္ပါယ်ကတော့ ---
ဒီဇာတ်တော်မှာ ဘုရားအလောင်းတော်ဟာ ပုဏ္ဏားမျိုးမှာ ပုဏ္ဏားတစ်ယောက် ဖြစ်ခဲ့ဘူးတယ်လေ။ အရွယ်ရောက်တဲ့အခါမှာတော့ အနွယ်တူ အဆင့်တူ အပွင့်တူ အသွင်တူတဲ့ ပုဏ္ဏေးမတစ်ယောက်နဲ့ လက်ထပ် ထိမ်းမြား မင်္ဂလာဆောင်ခဲ့တဲ့ပေါ့။ သာယာလှပတဲ့ ဘ၀လေးတစ်ခု တည်ဆောက်ခဲ့တာ ရက် လ နှစ်တွေ အတော်ကြာလာတာနှင့်အမျှ မိသားစုတွေကလည်း များပြားလို့ လာခဲ့တယ်ပေါ့။ ``တို့ယောက်ျားတွေ ရွှေလိုရှားတဲ့ ခေတ်မှာ မင်းတို့ မိန်းကလေးတွေ မွေးဖွားလာ´´ဆိုတဲ့အတိုင်း ဖြစ်မှာပေါ့။ မိန်းကလေးတွေကြီးပဲ သုံးယောက် ထွန်းကားလို့ လာခဲ့တယ်လေ။ မိန်းကလေး သုံးယောက် ထွန်းကားပြီးနောက်မှာတော့ ``အဖြစ်သည် အပျက်မှာသာ အဆုံးသတ်ရိုးပါတကား´´ဆိုတဲ့အတိုင်း ဘုရားအလောင်းဟာ တစ်ဘ၀ဇာတ်သိမ်း ပုဏ္ဏားမျိုးမှ ခန္ဓာ အပြီးအပိုင် ငြိမ်းခဲ့တယ်လေ။
နောက်ဘ၀မှာတော့ သုဝဏ္ဏဟံသ-ဆိုတဲ့ ရွှေအဆင်းရှိတဲ့ ဟင်္သာဘ၀ကို ရရှိခဲ့တယ်လေ။ နောက်ဘ၀တွေကို အောက်မေ့နိုင်တဲ့ ``ဇာတိဿရဥာဏ်´´ကိုလည်း ရရှိခဲ့ပါသေးတယ်။ ပုဏ္ဏေးမနှင့်သမီးသုံးယောက်ကို သံယောဇဉ်တွေ မကုန်သေးလေတော့ ဘယ်လိုများ ဖြစ်နေပါလိမ့်လို့ မိသားစုကို ပြန်ကြည့်လိုက်တယ်လေ။ အဲဒီလို ကြည့်လိုက်တဲ့ အချိန်မှာတော့ ပုဏ္ဏေးမ မိသားစုဟာ သူများရဲ့အစေခံ ဖြစ်ပြီး ဆင်းရဲနေတာကို တွေ့လိုက်ရတယ်ပေါ့။ ဒါနဲ့ မိသားစုကို သနားတဲ့အတွက်ကြောင့် အကျိုး အကြောင်းတွေ ပြောပြပြီး သူ့ကိုယ်မှ ရွှေတောင်များကို တစ်ယောက်လျှင် တစ်တောင်စီ ပေးလိုက်ပါသတဲ့။ ဤအတောင်များကို ရောင်းချ၍ ချမ်းသာစွာ အသက်မွေးရစ်ကြလော့ဟု နှုတ်ကလည်း မှာထားခဲ့ပါသေးတယ်။ နေ့တိုင်းမဟုတ်ပေမဲ့ ရွှေဟင်္သာဟာ မကြာခဏ လာခဲ့ပြီး ရွှေတောင်များကို ပေးလေ့ရှိပါသတဲ့။ ဒါကြောင့် ပုဏ္ဏေးမ မိသားစုဟာ မကြာခင်မှာပဲ မီလျှံနာ သူဌေးကြီး ဘ၀သို့ ရောက်ရှိခဲ့ပါတော့တယ်။
လောဘဟူက၊ မပြည့်ဝ၊ ကြီးလှ ပါပေသည်-ဆိုတဲ့အတိုင်း ပုဏ္ဏေးမဟာ အလွန်ကို လောဘကြီးခဲ့ပါတော့တယ်။ သမီးတို့ တိရစ္ဆာန်ရဲ့စိတ်ကို အလွန် သိနိုင်ခဲတယ်နော်။ ဒီနေ့လာပေမဲ့ နောက်နေ့ လာချင်မှ လာမယ်။ တိရစ္ဆာန်ဆိုတာမျိုးက စိတ်မမှန်ဘူးနော်။ နောင်ဆို ဒါမျိုး လာပြီး ပေးချင်မှ ပေမယ်။ ဒါကြောင့် ဒီတစ်ခါ ရွှေဟင်္သာ လာခဲ့ရင် အတောင်တွေ အကုန်လုံးနုတ်ပစ် ကြရအောင်လို့ ပြောလိုက်ပါသတဲ့။ ဒါပေမဲ့ သမီးတွေက ကန့်ကွက်ကြတယ်လေ။ ကန့်ကွက်သော်လည်းပဲ ပုဏ္ဏေးမကြီးကတော့ ရွှေဟင်္သာ လာတာနဲ့ အတောင်တွေကို အကုန်လုံး နုတ်ပစ်လိုက် တော့တာပါပဲ။ ဘယ်လောက် ကန့်ကွက် ကန့်ကွက် လုပ်ပစ် လိုက်တာပါပဲ။ အော်--- အတိဗလ၀လောဘ အတိဗလ၀ဘောဘ(အလွန်အားကြီးသောလိုချင်းခြင်း) ဟာ အလွန်ကြောက်စရာ ကောင်းလှချီလား။ ``လောဘကြီး အချည်းနှီး´´ဆိုတဲ့အတိုင်း နုတ်ပစ်လိုက်တဲ့ အတောင်တွေဟာ ထင်တဲ့အတိုင်း ရွှေတောင် ဖြစ်မလာပဲ ဗျိုင်းတောင်တွေသာ ဖြစ်လို့ အချည်းနှီးသာ ဖြစ်ပါတော့တယ်။
ရွှေဟင်္သာလည်း အတောင်မရှိတဲ့ အတွက် မပျံသန်းနိုင်တော့ဘူးပေါ့။ ဒါကြောင့်လားတော့ မသိ ``ပျံသန်းတဲ့ ငှက်ကို သူတို့မို့ ဖမ်းချင်းတာ´´တဲ့။ ဒါနဲ့ အိုးကြီးတစ်အိုးထဲမှာ ထည့်ပြီး မွေးထားပါသတဲ့။ မျှော်လင့်ချက် မနက်ဖြန်ပေါ့။ မနက်ဖြန်ပေါင်းတွေ မြောက်များစွာ ဖြစ်လာတဲ့အခါမှာလည်း မျှော်လင့်ချက် မပြည့်ဝ ခဲ့ပါဘူး။ ဘာကြောင့်လဲ --- ပေါက်လာတဲ့ အတောင်တွေဟာ ဗျိုင်းတောင်တွေသာ ဖြစ်နေလို့ပါပဲ။ အော်--- အတိဗလ၀လောဘ အတိဗလ၀ဘောဘ (အလွန်အားကြီးသောလိုချင်းခြင်း) ဟာ အလွန်ကြောက်စရာ ကောင်းလှချီလား။ ကဲ ဒီဇာတ်တော်ရဲ့ အဓိပ္ပါယ်ကတော့ ဒါပါပဲ။
ဒါကြောင့် လောဘဆိုတာ ပြည့်ဝသွားတယ်လို့တော့ မရှိလှပါဘူး။ အလွန်လောဘကြီးလွန်းရင်ဖြင့် ရရှိလာမဲ့ မကောင်းကျိုး အဆက်ဆက်ကတော့ ဘ၀သံသရာလည်ပတ်နေသမျှ ``အပါယ်စခန်း သွားမြဲလမ်းက လက်ကမ်းလို့သာ´´ထာဝရ ကြိုဆိုနေမှာ ဖြစ်ပါကြောင်းကို စေတနာ မေတ္တာဖြင့် တင်ပြလိုက်ရပါတော့တယ်။
(၁၇-၁-၂၀၁၃) သောကြာနေ့ နေ့လည် ၁၁-နာရီ ၂၀ မိနစ်
သုခီ ဒီဃာယုကော ဘ၀။ (ဆရာဗန်)