ပွင့်သောပန်းတိုင်း လှစေချင်
အင်တာနက်ဆိုင်ဆိုတာကြီးကိုလုံးဝမထိုင်ချင်တော့ပါဘူး။
ဒီနေ့ ခိုင်လေး ညဂျူတီချိန်းတော့ စိတ်ပျက်စရာအကြောင်းအရာတွေကိုတွေးတောရင်း လေးပင်တဲ့ ခြေလှမ်းတွေနဲ့ အခန်းထဲကိုရောက်လာခဲ့ပါတယ်။
ခိုင်လေး နားချိန်ကိုရောက်နေပြီဖြစ်ပေမယ့် အတွေးတွေကတော့ ရပ်နားခြင်းမရှိသေးပါဘူး။
ခိုင်လေး အမေကအင်တာနက်ဆိုင်ဖွင့်ထားတာပါ။
မေမေ့ဆိုင်မှာ မနက်(၇)နာရီခွဲကနေ ညနေ(၆)နာရီထိဆိုင်ထိုင်ပေးရပါတယ်။
နေ့စဉ်မြင်တွေ့ နေရတဲ့ မြင်ကွင်းတွေမဆန်းပြားပေမယ့်၊ ဒီနေ့လေးမှကြုံတွေ့ ခဲ့ရတဲ့အဖြစ်အပျက်လေးကတော့ ရင်ထဲကိုတော်တော်လေးမချိအောင်ခံစားရပါတယ်။
ဖြစ်ပုံလေးကတော့ .....
ဆယ်တန်းအောင်စာရင်းတွေထွက်ပြီးတဲ့နောက်ပိုင်းမှာ၊ ခိုင်လေးတို့ အင်တာနက်ဆိုင်မှာ အင်တာနက်သုံးသူတွေအရင်ကထက်ပိုများလာပါတယ်။
ပိုများလာတဲ့သူတွေဟာ ခုမှအင်တာနက်သုံးတဲ့ ကလေးတွေဆိုပိုမှန်ပါလိမ့်မယ်။
ဒီနှစ်မှ (၁၀)တန်းအောင်တဲ့ကလေးတွေပေါ့ ။
အဲဒီထဲက အသားဖြူဖြူနဲ့ ဆယ်ကျော်သက် ကလေးမလေးတစ်ယောက်ကို ခိုင်လေးသတိထားမိပါတယ်။
သူ့ခမျာအင်တာနက်သုံးချင်လွန်းလွန်းလို့ သူငယ်ချင်းအကောင့် နဲ့ ငှားသုံးနေရသူလေးပေါ့။
အဲဒီအချိန်တုန်းကတော့ စာတောင်ကောင်းကောင်မရိုက်တက်သေးပါဘူး။
တစ်နေ့ ခိုင်လေးကောင်တာကိုရောက်လာပြီး အကောင့် သစ်တစ်ခုဖွင့်ခိုင်းပါတယ်။ ခုချိန်မှာအကောင့်သစ်တစ်ခုဖွင့် ဖို့ ဆိုတာအင်မတန်ခက်ခဲပါတယ်။
ဒါပေမယ့် ခိုင်လေးက သူ့ကိုသနားတာနဲ့ ကြိုးစားပြီး အကောင့် လေးတစ်ခုဖွင့် ပေးလိုက်မိပါတယ်။
ဒီကလေးမလေးက တစ်နေ့ ကို(၃)နာရီလောက် အင်တာနက်ထိုင်တက်လာပါတယ်။
ခိုင်လေးမျက်စိရှေ့မှာတင် သူမအကောင့် လေးမှာ လူပေါင်းများစွာရှိလာပါတော့ တယ်။
ဒီအထိတော့ သဘာဝအတိုင်းဖြစ်နေပါသေးတယ်။
သဘာဝကိုပုန်ကန်တဲ့ ဖြစ်ရပ်လေးစတင်လာခဲ့ တာကတော့ ၊ ခိုင်လေးတို့ ဆိုင်မှာ သူ့လိုပဲ အမြဲအင်တာနက်သုံးတတ်တဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။
သူ့နာမည်က ကိုသူရလို့ ခေါ်ပါတယ်။ အသက်က(၂၅)နှစ်လောက်ရှိပါပြီ။
ဆိုင်ထဲမှာသုံးနေရင်း ခုနကောင်မလေးအကောင့် ကိုရသွားပါတယ်။ သူတို့ နှစ်ယောက် အကောင့်ထဲကနေ စကားတွေနေ့တိုင်းပြောကြတယ်။
နေ့ တိုင်းစကားတွေပြောနေကြပေမယ့် ၊ ကောင်မလေးက သူရနဲ့ သူမ တစ်ဆိုင်ထဲပြောနေကြမှန်း လုံးဝကိုမသိပါဘူး။
ဒီလိုနဲ့ သူရတစ်ယောက် ရန်ကုန်မှာသင်တန်းသွားတက်တော့ ၊ ရန်ကုန်ကနေ ကောင်မလေးကိုချက်တင်ထိုင်ကြတယ်။
ဒီအခြေအနေတွေရောက်တဲ့အထိခိုင်လေးမသိရှိခဲ့ ပါဘူး။ တစ်နေ့ သူရကကောင်မလေးကို(VZO)ချက်ဖို့ ပြောလာပါတယ်။
ကောင်မလေးက မဖွင့် တက်ဘူးဖြစ်နေတယ်။
ဒီမှာပဲ သူရက ကောင်တာကမခိုင်လေးကိုလုပ်ပေးခိုင်းဖို့ ပြောလိုက်တော့ကောင်မလေးက လာပြောပါတယ်။
" VZO ကို ဖွင့်ပေးပါလို့ ကိုသူရကပြောခိုင်းလို့ ပါအမ။ "
" ရှင် ... ညီမလေးကကိုသူရနဲ့ သိလို့ လား VZOဖွင့် ချင်တယ်ဆိုတော့ ညီမလေးအကောင့်ရှိလို့ လား "လို့  ခိုင်လေးကမေးလိုက်တယ်။
ကလေးမလေးက သူမမှာအကောင့် မရှိကြောင်းနဲ့ ဖွင့်လည်းမဖွင့် တတ်ကြောင်း၊ သူရက မခိုင်လေးကို လုပ်ခိုင်းဖို့ ပြောလို့  လာပြောရကြောင်း ပြောပြပာတယ်။
ခိုင်လေးလည်း အရမ်းအံ့သြသွားမိပါတယ်။ သူရအကောင့် ကိုသွားကြည့်တော့ခိုင်လေးသိတဲ့ သူရဖြစ်နေပါတယ်။
ဒါနဲ့ မုန်းချင်လဲမုန်းပါစေ မဖြစ်သင့် တာကိုတော့ အသိပေးရမယ်ဆိုပြီးကောင်မလေးကို သူရ နဲ့ ပက်သက်တာတွေကို ပြောပြလိုက်မိပါတယ်။
သူရဟာ လူပျိုတစ်ယောက်မဟုတ်ဘူးဆိုတာကိုပေါ့။
သူရတို့ တွေ့ဆုံမှုက သာမန်ခင်မင်တာထက်ကို ပိုနေပြီလားလို့ တွေးလိုက်မိတာနဲ့၊ ကောင်မလေးကိုသူရအကြောင်းတွေကိုပြောပြလိုက်မိပါတယ်။
" ညီမလေးသူရက အရင် ရွှေတောင်မှာနေတာပါပဲ။
ဒီဆိုင်မှာအမြဲသုံးတယ်လေ။ တစ်ခါတစ်လေညီမရှိတဲ့ အချိန်တွေတောင်ဒီဆိုင်ထဲသူရှိနေတတ်တယ်လေ။
ခုမှတစ်ပတ်လောက်ပဲရှိဦးမယ်၊ နိုင်ငံခြားသွားဖို့ ရန်ကုန်မှာသင်တန်းသွားတတ်တာပါ " ။
အကြောင်းစုံ ပြောပြလိုက်တော့ ကောင်မလေးခမျာ အံ့သြနေတဲ့ အရိပ်အရောင်တွေနဲ့ မင်သက်နေသလိုပါပဲ။
" သူကရန်ကုန်ကလို့ ပြောတာမမ။
သူမှာမိန်းမရှိတယ်ဟုတ်လား။ "
" ဟုတ်တယ်ညီမ။ သူ့မှာမိန်းမရှိတယ်။ တကယ်ပြောတာပါ။ ရိုးရိုးတန်းတန်းခင်နေတယ်ဆိုရင်တော့ အကြာင်းမဟုတ်ပါဘူး။ "
" ဟုတ်ကဲ့ မမ။ကျေးဇူးတင်ပါတယ်။ "
ဒီအကြာင်းကိုလဲ ခိုင်လေးစိတ်ထဲမေ့ တေ့ တေ့ ဖြစ်သွားပါတယ်။
နောက်တစ်လလောက်ကြာတဲ့ အချိန်မှာ ခိုင်လေး သတင်းတစ်ခုကြားသိခဲ့ ရပါတယ်။
ခုနကောင်မလေးက တက္ကသိုလ်မှာကျောင်းမတက်ခင် သင်တန်းတစ်ခုတက်နေပါတယ်။
ခိုင်လေးပြောပြီးတဲ့ နောက်ပိုင်းသူရနဲ့ ဆက်ပြီးချက်တင်ထိုင်ပြီး ရင်းနှီးမှုတစ်ခုထက်ပိုခဲ့ ကြတယ်တဲ့လေ။
အဲဒီနေ့ ကကောင်မလေးသင်တန်းကိုသူရကလိုက်သွားပြီးအပြင်ခေါ်သွားပါတယ်။
ကောင်မလေးကသင်တန်းမတက်ဘဲလိုက်သွားတော့၊ သင်တန်းဆရာကအိမ်ကိုပြန်တိုင်လိုက်ပါတယ်။
အိမ်ပြန်ရောက်တာနဲ့ ကောင်မလေးပြဿနာတွေတက်ပါရော။
အဲဒီအချိန်က သူရဟာ ခိုင်လေးဆိုင်ကိုရောက်နေတဲ့အချိန်ပေါ့။
ကောင်မလေးသူငယ်ချင်းကသူရကိုစာပေးခိုင်းလိုက်တယ်။
ကောင်မလေးသူငယ်ချင်းက သူရကိုမသိတော့ ခိုင်လေးကိုတဆင့် ပေးခိုင်းတော့ မှ၊ ခိုင်လေးမှာ အကြောင်းစုံသိခွင့်ရပါတော့တယ်။
သိသိချင်း ပထမဆုံးအံ့သြတယ်....... ။
ဒုတိယ အနေနဲ့ အသားတွေတဆက်ဆက်တုန်တဲ့အထိ စိတ်တိုမိပါတယ်။
နောက်တော့ မိုက်မဲလွန်းတဲ့ကောင်မလေးကိုနှမြောမိတယ်။
ဒီလို ခံစားချက်ပေါင်းများစွာ ခိုင်လေးရင်ထဲမှာဖြစ်ပေါ်နေပါတယ်။
ကောင်မလေးလို အဖြစ်ပျက်မျိုးကို ကြူံတွေ့နေရတဲ့ မိုက်မဲနေတဲ့ ကလေးမတွေ ဘယ်လောက်များနေပြီလဲ။
အင်တာနက်ကို အသုံးပြုကြရာမှာ၊ ချက်တင်ထိုင်ဖို့တစ်ခု အတွက်ပဲ ကလေးတွေဘာလို့သဘောထားနေကြတာလဲလို့တွေးမိလာပါတယ်။
ချက်တင်ထဲကစာသားလေးတွေပေါ်ကိုသာယာစီးမျောပြီး၊ ဖောက်ပြန်မှုဆိုတဲ့ မိုက်မဲခြင်း ၀ဲဂယက်အတွင်းကို ဆင်းသက်မိကြရတယ်။
ဒီဖောက်ပြန်မှုတွေကနေ မိမိတို့နစ်နာနေကြပြီဆိုတာကို ညီမငယ်တို့သိသိကြီးနဲ့၊ ဘာလို့မိုက်တွင်းနက်နေကြရတာလဲလို့ တွေးမိပြီး စိတ်မကောင်းတော်တော်ဖြစ်မိပါတယ်။
အင်တာနက်ပေါ်မှာ လူတော်တော်များများက အမှန်တရားဆိုတာကို မျက်ကွယ်ပြုပြီး၊ ကိုယ်ထင်ရာတွေကိုလုပ်နေကြပါတယ်။
ရှုပ်ထွေးမှုတွေနဲ့ ယဉ်ပါးနေကြပြီး၊ သစ္စာစောင့်သိမှု၊ နှမချင်းစာနာမှုတွေ နည်းပါးလာကြပါပြီ။
ဗုဒ္ဓဘုရား ဟောခဲ့တဲ့ တရားတော်တွေကိုလဲမေ့၊ လူ့ကျင့်ဝတ်ဆိုတာတွေကိုပါ မျက်ကွယ်ပြုလာတာဟာ အဆိုးဘက်ကို ဦးတည်နေတာဖြစ်ပါတယ်။
ဒီလိုအဖြစ်ပျက်လေး နဲ့ ဒီဆောင်းပါးလေးက၊ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ရေးလက်စနဲ့ သိမ်းထားတာလေးပါ။
ဒီဆောင်းပါးလေးကို ရှေ့ဆက်ရေးသားချင်မိပါတယ်။
ခုဆို ခိုင်လေး မလေးရှားကို ရောက်နေတာ 6 လ ကျော်ရှိနေပါပြီ။
ကိုယ်မကြားဖူး မမြင်ဖူးတဲ့ လူတွေရဲ့ အနေထိုင် စိတ်ဓာတ်တွေကို အခု မလေးရှားကို ရောက်ချိန်မှာ၊
လက်တွေ့ မျက်ဝါးဝါးထင်ထင် တွေ့ရှိလာရတော့ အလွန်တစ်ရာ ရင်ထုမနာ ဖြစ်ရပါတယ်။
မလေးရှားရောက်မှ ခိုင်လေး ရေးဖြစ်ခဲ့တဲ့ ဆောင်းပါး လေးတွေမှာ တစ်ချို့တစ်ချို့သော သူတွေက မနှစ်မြို့စွာ တုံ့ပြန်ကော်မန့်လေးတွေ ရေးထားတာကို ဖတ်ရှူရပါတယ်။
မလေးရှားမှာ မိန်းကလေးတစ်ယောက် 100 မှာ 80 ဟာ အလွန်ဆုံး လခ မလေးငွေ RM1000 ကျော်ကျော်လေးနဲ့ အဲဒီဝန်းကျင်ဟာ အများဆုံးပါ။
မလေးငွေ တစ်ထောင်ကျော်လေးဆိုရင်တောင် မိန်းကလေးတွေ အတွက် များလှပြီလို့ ပြောမယ်ဆိုရင်တောင် ရနိုင်ပါတယ်။
ခုလက်ရှိ ငွေဈေးက 275ကျပ်ပါ။ မလေးငွေ တစ်ထောင်ဆိုရင် မြန်မာငွေ နှစ်သိန်းခုနှစ်သောင်းငါးထောင်ရပါ့မယ် ။
ဒီလောက်ပဲရတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့အသုံးစရိတ် တစ်လကို ပျမ်းမျှ 400 သုံးမယ်ဆိုရင် 600 ပဲ ပိုပါတော့တယ် ။
ဒီလောက်ပဲ ၀င်ငွေရှိတဲ့ မိန်းကလေးတစ်ယောက်က တစ်လတစ်လ အိမ်ကို 3 ၊ 4 သိန်းပို့နေပြီဆိုရင် မိဘတွေ အနေနဲ့ ဆင်ခြင် သုံးသပ်ဖို့ လိုအပ်နေပါပြီ။
မိဘတွေကတော့ ငါသမီးလေး အပျိုလေးလို့ဘဲ ထင်မှတ်နေချိန်မှာ၊
ဒီမှာတော့ တရားဝင်လက်ထပ်တာလည်း မဟုတ် ချစ်သူတွေနဲ့ တူတူနေကာ ဘာတွေဖြစ်နေမှန်းကို မသိတော့ပါဘူး ။
ခုပြောတာတွေဟာ မည်သူတစ်ဦးတစ်ယောက်ကိုမှ မလိုမုန်းတီးခြင်း အလျဉ်းမရှိပါ ။
မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ ရင်နာရလွန်းလို့ သတိပေးရေးသားခြင်းသာဖြစ်ပါတယ် ။
ဒါတွေဟာ တကယ်ဟုတ်မဟုတ်ဆိုတာ၊ မလေးရှားရောက် မြန်မာတိုင်းသိကြမှာပါ။
မိတွေရင်ခွင်မှာ ကလေးလေးတွေလို နေခဲ့ကြတဲ့ ညီမငယ်တွေလည်း ဒီရောက်လို့မကြာခင်မှာ မှားယွင်းတဲ့ လမ်းမပေါ်ကို စလျှောက်မိကြတော့တာပါဘဲ ။
ဒီမှာလည်း တရားဝင် သံရုံးကိုသွားပြီး လက်ထပ်လို့ရပါရဲ့နဲ့၊
လွယ်လွယ်ကူကူ တူတူနေခြင်းဆိုတဲ့ လမ်းမှားကြီးကိုဘဲ လျှောက်လှမ်းနေကြတာဟာ၊ သိပ်ကို ၀မ်းနည်းစရာကောင်းလှပါတယ်။
မိဘတွေ အနေနဲ့ ဆင်ခြင်စဉ်းစားပေးကြပါ။
ပိုက်ဆံပိုရတာ တစ်ခုထဲကို မကြည့်ဘဲ မိမိတို့ သမီးလေးတွေရဲ့ တန်ဖိုးလေးတွေကို ထည့်တွေးစဉ်းစားပေးကြပါ။
ငါ့သမီးလေး ငွေတွေ ပို့လိုက်တာဆိုတဲ့ ကြည်နူးပျော်ရွင်ခြင်းတွေကိုဘဲ မတွေးမိပါစေနဲ့ ။
ရတဲ့ ၀င်ငွေထက် ပိုနေတဲ့ ဒီငွေတွေကို ငါတို့ သမီးလေး ဘ၀နဲ့ရင်း ရှာနေသလားဆိုတဲ့ အချက်လေးကိုလည်း ထည့်တွက်စဉ်းစားပေးကြပါ ။
မိကျောင်းခင်းရေခင်းပြ ဆရာ လုပ်နေရခြင်းမဟုတ်ရပါ။
တစ်ကယ်ဖြစ်နေတောတွေကို အမြင်တိုင်းတင်ပြခြင်းသာ ဖြစ်ပါတယ်။
ကောင်းကောင်းမွန်မွန်နေနေတဲ့ မိန်းကလေးတွေလည်းရှိနေပါတယ် ။
ဒီလိုနေတဲ့ မိန်းကလေးတွေရဲ့ ဦးရေတွေ တိုးပွားလာစေချင်ပါတယ် ။
သူတစ်ပါးနိုင်ငံမှာ မြန်မာမိန်းကလေးတွေဆိုတာ ဒါမျိုးတွေလားလို့ အထင်မခံစေချင်ပါဘူး။
မြန်မာမိန်းကလေးတွေဆိုတာ အစဉ်လာနဲ့ ဂုဏ်သိက္ခာကြီးစွာနေလာကြသူတွေဆိုတာကို၊ လူမျိုးခြားတွေ အလည်မှာ လက်မထောင်ချင်မိတယ် ။
အိမ်ထောင်ရှင်တွေ ဖြစ်နေပါရက်နဲ့လည်း အနေထိုင်တွေ မဆင်ခြင်ကြ။ ကိုယ့်သူငယ်ချင်းမိန်းမလည်းမရှောင် ။
လူမျိုးခြားတွေကြားထဲမှာ သိပ်ကို အရှက်ရစရာကောင်းလွန်းနေပါပြီ။
ဒီအကျင့်ဆိုးတွေကို ကျွန်မတို့ အမြန်ဆုံးတိုက်ထုတ်ပစ်ဖို့ဆိုတာ၊
အားလုံးရဲ့ အသိဥာဏ်တွေထဲမှာ ဝေဖန်ပိုင်းခြား ဆင်ခြင်နိုင်ခြင်းဆိုတဲ့ အသိတွေ ၀င်လာဖို့ ပိုအရေးကြီးပါတယ် ။
သစ္စာစောင့်သိဖို့ဆိုတာလည်း သတိမရ ။
လွတ်လပ်ခြင်းအရသာကို အခွင့်ရေးပေးသလောက် အသုံးချပစ်ဖို့ကိုသာ ဦးတည်ကြိုးစားနေကြခြင်းဟာ၊
သိပ်ကို ရင်နာစရာ ကောင်းလှပါပေတယ် ။
မလေးရှား ရောက် မြန်မာတွေမှာ လူတန်းစာ 4 မျိုးရှိပါတယ် ။
နံပတ် ( ၁ ) ။ မလေးကိုရောက်ကာစ လူတွေ ။ အလုပ်ကို အရမ်းကြိုးစားမယ် ။ အားတယ်ဆိုတာနဲ့ အိမ်ကိုလွမ်းနေမယ် ။ လကုန်တယ်ဆိုတာနဲ့ အိမ်ကိုငွေပို့မယ် ။
နံပတ် ( ၂ ) ။ ရောက်တာ နည်းနည်းလေးကြာလာပြီ။ အရက်သောက်ခြင်းဘက်ကို ဦးတည်သွားသူတွေပါ ။ တစ်လတစ်လကို အရက်ဖိုးကို အလျှင်မှီအောင် ရှာနေရသူတွေ ။
နံပတ် ( ၃ ) ။ ရောက်တာ ကြာလာတော့ ကောင်မလေးရပြီး တူတူနေကြသူတွေ ။
တရားဝင်လက်ထပ်တာမျိုးလည်းမဟုတ် ။ အိမ်ကို ငွေပို့ဆိုတာလည်း မဖြစ်နိုင်တော့ပါ ။ ကောင်မလေးတွေကို ထောက်ပံ့နေရသူတွေပေါ့ ။
နံပတ် ( ၄ ) ။ အတည်တကျ အိမ်ထောင်ပြုကာ ဇနီးမောင်နှံ တူတူနေကာ ဒိုးတူဘောင်ဖက် အလုပ်လုပ်နေကြသူမျိုး ။
ဒီလူလေးမျိုးထဲက အရက်သမားတွေကိုမှ ရွေးချယ်မိသူတွေလည်းရှိပါတယ် ။
ဘယ်လိုလူမျိုးတွေလည်းဆိုတော့ ကောင်လေးက ငယ်မယ် 20 နဲ့ 25 ဝန်းကျင်……….
မိန်းကလေးတွေက အပျိုကြီး အသက် 40 နီးနီးတွေ 40ကျော်တွေပါ ။
ဘာထောက်ပံ့ခြင်းမှ မရတဲ့အပြင် တူတူလည်းပေါင်းရတယ် ။ ယောကျာင်္းလေးတွေဆီလည်း ကိုယ်ဘာကို သွားရ ချက်ပြုတ်ကျွေးရ ။ ၀ယ်ခြမ်းပေးရတယ် ။
ဒီလောက်ကွာခြားနေတဲ့ အသက်ရွယ်တွေ ဘယ်သူက ယူမှာလည်းရှင်။
ဒါတွေကို မတွေးတာ မသိတာ မဟုတ်ဘဲ သိသိနဲ့ မိုက်တွင်းနက်နေကြတဲ့ မမတွေရယ် ကိုယ့်လုပ်ရပ်တွေက ရှက်စရာဆိုတာကို မြင်လှည့်ကြပါတော့ ။
မမတို့ ကွယ်ရာမှာ အားမနာပါးမနာ ပြောနေကြတဲ့ ရှုံ့ချပြောဆိုသံတွေကို ကြားလှည့်ကြပါတော့ ။
အိမ်ထောင်ရှင်တွေအနေနဲ့ ခင်ပွန်းသည်မပါဘဲ မိမိတို့ဇနီးမယားတွေကို မလေးရှားဆိုတာကို အလုပ်လုပ်ဖို့ မလွတ်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ် ။
ယောကျာင်္းမပါဘဲ လာကိုမလာသင့်ဘူးလို့လည်း ထင်မြင်ယူဆမိပါတယ် ။
ကိုယ့်ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေမှု မရှိတဲ့ ဓလေ့အကျင့်စရိုက်တွေကို အတုယူမမှားကြပါနဲ့ရှင်။
ယနေ့ခေတ်အခါမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကျွန်မတို့လို နိုင်ငံလေးတွေကို စစ်အင်အားသုံးငွေကြေးအကုန်ကျခံ မသိမ်းပိုက်တော့ပါဘူး ။
မိမိတို့နိုင်ငံ ယဉ်ကျေးမှုတွေကို ပျက်ယွင်းအောင် ကြိုးစားတဲ့ နည်းစနစ်တွေကိုသာ အသုံးလာကြပါတယ် ။
ဒါကို ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့ သူတို့ရဲ့ စနစ် အလေ့ထတွေနောက်ကို မျောပါမသွားဘဲ၊
မိမိတို့ ယဉ်ကျေးမှု စနစ်တွေကို ကြံ့ကြံ့ခံကာကွယ်ရပါ့မယ် ။
တိုင်းပြည်ကို ချစ်တယ်ဆိုတာ ပါးစပ်ကနေ အော်နေရုံနဲ့ မပြီးပါဘူး။
ဘာမှ မလုပ်နိုင်ရင်တောင် မိမိတစ်ကိုယ်ရည်အတွက် ပြင်ဆင် ကာကွယ်ခြင်းကလည်း တိုင်းပြည်အတွက် အထောက်ကူဖြစ်စေပါတယ် ။
သူများနိုင်ငံကို ကျွန်မတို့လာကြတယ် ။ ဘာလုပ်ဖို့လည်းဆို ငွေရှာဖို့ပါ။
အချိန်တန်ရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်နိုင်ရမယ်။
လုံလောက်တဲ့ ငွေကြေးစုဆောင်းနိုင်ရပါ့မယ် ။
အကျိုးမရှိတာတွေ အချိန်တွေဖြုန်းနေတာတွေကို ရပ်တန်းက ရပ်သင့်နေပါပြီ။
ခုဆို အသစ်တွေ ရှိလာသေးတယ် ။
မလေးကနေ စင်ကာပူက homemade လုပ်သူတွေနဲ့ ဖုန်းတွေ ပြောကြတယ် ။
အင်တာနက်ချက်တင်ကမှ vzo ထဲ ပုံမြင်ဖူးပါဦးမယ်။
ခုဟာက ဘယ်ပုံ ရှိမှန်းလဲ မသိ ချစ်တယ်လို့ အဖြေပေးတယ် ။
ဒီဘက်က ပြောနေတဲ့သူက အအိုလား လူပျိုလားမသိ။
ရင်မောစရာ ကောင်းပါဘိ မြန်မာ မိန်းကလေးတွေရေ ။
ခုလိုရေးနေတာတွေဟာ မြန်မာမိန်းကလေးတွေကို မုန်းလို့မဟုတ်ပါဘူး ။
ကျွန်မတို့ မြန်မာမိန်းကလေးတွေ ညီမတွေ အမတွေကို သိပ်ချစ်လို့ပါ။
ကျွန်မသိပ်ချစ်တဲ့ မြန်မာမိန်းကလေးတိုင်းကို တန်ဖိုးရှိတဲ့ မိန်းကလေးတွေ ဖြစ်စေချင်မိတဲ့စေတနာနဲ့ပါ။
ပြောနေကျစကားလေးလိုပါဘဲ ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှ တပါးသူကလည်း တန်ဖိုးထားမယ်ဆိုတာ မမေ့ကြပါနဲ့ ။
အပျိုလည်း အပျိုဂုဏ်ဆိုတာကို တန်ဖိုးထားနားလည်စေချင်မိပါတယ် ။
အိမ်ထောင်ရှင် မိန်းကလေးတွေ အနေနဲ့လည်း မိမိတို့ အိမ်ထောင်ရေးအပေါ် တန်ဖိုးထားတတ်ပါစေ။
ဇနီးမယားဆိုသည်မှာ လင်ယောကျာင်္းများဧ။် မိတ်ဆွေကောင်းများသာ ဖြစ်သင့်ပေတယ်။
ရင်မှာဖြစ်လာသော မေတ္တာတရားကို အခြေခံကာ မွန်မြတ်တဲ့ စိတ်ထားနဲ့ အိမ်ထောင်မှုဘ၀ကို အကောင်းဆုံးတည်ဆောက်သင့်ပါတယ် ။
*မယားအပြားခုနှစ်ပါး*ရှိပါတယ် ။
မယားအပြား ခုနှစ်ပါး
၁။ သူသတ်သမားနဲ့တူသော ၀ဓကမည်သောမယား။
၂။ခိုးသူနဲ့ တူသော စောရီမည်သော မယား ။
၃။ အရှင်နဲ့ တူသော အယျာမည်သော မယား။
၎။အမိနဲ့တူသောာ မာတာမည်သော မယား။
၅။နှမနဲ့တူသော ဘဂိနိမည်သော မယား။
၆။အဆွေခင်ပွန်းနဲ့ တူသော သခီမည်သောမယား။
၇။ကျွန်မနဲ့ တူသော ဒါသီမည်သော မယား။ တို့ ဖြစ်ကြပါတယ်။
ဒီခုနှစ်မျိုးထဲက သူသတ်နဲ့တူသော မယား ၊ ခိုးသူနဲ့သူသော မယား ၊ အရှင်နဲ့ တူသော မယား တို့သည် ကိုယ်ကျင့်သီလကင်းမဲ့ကြသူများဖြစ်ပါတယ်။
ကျွန်မတို့ မြန်မာမိန်းကလေးတွေအနေနဲ့လည်း ဒီမယားသုံးမျိုးထဲကို ပါဝင်သူတွေ မဖြစ်ကြပါစေနဲ့ရှင်။
နိုင်ငံရပ်ခြားမှာ မိမိခင်ပွန်းသည်သာ ကိုးကွယ် ယုံကြည်ရာလို့ သဘောထား သစ္စာရှိကြပါ။
အိမ်ထောင်ရှင် မိန်းကလေးများအနေနဲ့ မိမိခင်ပွန်းသည်မှ လွဲပြီး တခြားမည်သည့် ယောကျာင်္းလေးနဲ့မှ လိုအပ်တာထက် ပိုတဲ့ ရောနှောနေထိုင်ခြင်းမျိုးတွေလည်း မပြုသင့်ပါ ။
ခုလိုရေမြေခြားမှာ ပိုတောင် သတိထားရပါ့မယ် ။
လူမျိုးခြားတွေနဲ့ အလွန်တစ်ရာ ခြေပုတ်လက်ပုတ်နေသူ မြန်မာမိန်းကလေးတွေကို လက်တွေ့မြင်တွေ့နေရပါတယ် ။
ကွယ်ရာရောက်တာနဲ့ မိမိတို့ကို ရစရာမရှိအောင် ပြောဆိုဝေဖန်ကြတယ်ဆိုတာကို သတိမူမိကြစေချင်ပါတယ် ။
မိန်းကလေးတစ်ယောက် ဘာကို ထိန်းသိမ်းတန်ဖိုးထားရမယ်ဆိုတာကို မမေ့လျော့ဘဲ တန်ဖိုးတွေ မြင့်တက်လာကြပါစေ ။
အချုပ်ဆိုရမယ်ဆိုရင် မိဘတွေအနေနဲ့ ငါ့သမီး ခေတ်မီလို့ အင်တာနက်သုံးနေတာဘဲ ဆိုပြီး လွှတ်ပေးမထားကြပါနဲ့ ။
ချက်တင်ဘဲ သုံးနေတာမျိုးဆို နားလည်သဘောပေါက်အောင် ပြောပြဆုံးမပေးကြပါ ။
မလေးရှားရောက်နေတဲ့ သမီးရှင်မိဘတွေအနေနဲ့ ကျွန်မတွက်ပြသွားသလို လိုတာထက် ပိုတဲ့ငွေကြေးတွေ ပို့လာပြီဆို သုံးသပ်ဝေဖန်ပိုင်းခြားစေချင်ပါတယ် ။
ဖြစ်နိုင်မယ်ဆို မိမိတို့ တန်ဖိုးရှိလှတဲ့ သမီးငယ်လေးတွေကို ရေမြေခြားကို မသွားခိုင်းကြပါနဲ့ရှင် ။
မိမိတို့ရင်ခွင်မှာသာ သူတို့ဘ၀လေးတွေ ဖူးဝေပွင့်လန်းကြပါစေ ။
မိမိသားသမီးရဲ့ တွေးခေါ်ဆင်ခြင်နိုင်စွမ်းကို မိမိတို့ အသိဆုံးဖြစ်မှာပါ ။
ဝေဖန်ပိုင်ခြား ဆင်ခြင်ပြီးမှ လွှတ်သင့်ပါတယ် ။
တချို့တကယ်ထူးချွန်ထက်မြက်တဲ့ မြန်မာမိန်းကလေး နိုင်ငံရပ်ခြားမှာ သိက္ခာရှိရှိ ရပ်တည်နေသူတွေအများကြီးရှိပါတယ် ။
ဒီလိုတန်ဖိုးရှိတဲ့ အရေအတွက်တွေ များပြားလာပါစေ ။
မြတ်စွာဘုရား ပရိနိဗ္ဗန်စံတော်မူတာကိုပင် ဆုံးမသူ ကွပ်ညှပ်မည့်သူ မရှိတာ ကောင်းတယ် ။
ငါတို့ အခွင့်ရေးရပြီကွ လို့ ယူဆသူ၊ ၀ိနယ ( ဝိနည်း )ကို မကြိုက်သူတွေ မလိုက်နာချင်သူတွေ သွေဖယ်သူတွေ ရှိခဲ့သေးတာပဲလေ။
ကျွန်မ လို သာမာန်လူတစ်ယောက်ရဲ့ စေတနာ နဲ့ သတိပေးမှုတွေကို မလိုသူတွေလည်း ရှိကောင်းရှိနေနိုင်ပါတယ် ။
ဒါပေမယ့် ကျွန်မအနေနဲ့ကတော့ မြန်မာမိန်းကလေးတွေကို သိပ်ချစ်လို့ ဒီဆောင်းပါးေးလကို ရေးသားတင်ပြလိုက်ရပါတယ်ရှင် ။
ခိုင်လေး ( ရွှေတောင် )
↧
ပွင့်သောပန်းတိုင်း လှစေချင်
↧