ကောင်းကင်တစ်ခုလုံးသည် လပြည့်ညမို့လင်းဝင်းတောက်ပနေသည်။ ထိုပန်းချီကားကို အားဖြည့်ထားသည့်
အရာတစ်ခုကတော့ နေရာအနှံပြန့်ကျဲစွာတလက်လက်တောက်ပနေသော ကြယ်ကလေးများပဲဖြစ်သည်။ ကျွန်တော်ထိုကြယ်ကလေးများကို ငေးမောနေမိသည်။ ထိုကြယ်များသည် တဖြည်းဖြည်းကျွန်တော့်နှင့်နီးကပ် လာသလိုခံစားလိုက်ရသည်။ ထို့နောက် ကျွန်တော်ကိုယ်တိုင် ကြယ်ကလေးတစ်လုံးဖြစ်သွားကာ နေရာအနှံ လိုက်သွားနေမိတော့သည်။
ကျွန်တော်ရောက်သွားသည့်နေရာလေးသည် တောရွာလေးတစ်ရွာဖြစ်သည်။ ထိုအချိန်သည် ညကိုးနာရီရှိ နေပြီးဖြစ်တာကြောင့် ရွာဓလေ့အရ အားလုံးတိတ်ဆိတ်နေကြပြီးဖြစ်သည်။ သို့သော်အိမ်ကလေးတစ်လုံးတွင် ဖယောင်းတိုင်၏အလင်းရောင်ကိုလှမ်းတွေ့ရသောကြောင့် ကျွန်တော် ထိုအလင်းရောင်လာရာ အိမ်ကလေးဆီ အသာလှမ်းသွားကာ ချောင်းကြည့်လိုက်မိသည်။ ကျွန်တော်တွေ့လိုက်ရသည်က ကလေးငယ်လေးတစ်ယောက်။
တိတိကျကျပြောရလျှင် ထိုကလေးသည် ဆယ်နှစ်အရွယ်ယောကျာ်းလေးတစ်ယောက်။ သူ့လက်ထဲတွင် စာအုပ် တစ်အုပ်နှင့် ခဲတံတစ်ချောင်းရှိသည်။ ကျွန်တော်သူ့ကိုစိတ်ဝင်စားသွားကာ အနားတိုးသွားပြီးသေချာကြည့်မိသည်။
သူရေးထားသောစာများသည် ခပ်မြန်မြန်ရေးထားသလို မညီမညာနိုင်သော်လည်းအသပ်ရပ်ဆုံးဖြစ်အောင် ကြိုးစားပမ်းစားရေးထားပုံရသည်။ ထို့ကြောင့် သူ့စာများကို ကျွန်တော်အသာဖတ်လိုက်မိသည်။
“မေမေ
သားစာရေးလိုက်ပါတယ်။ မေမေကတော့သားကို သိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သားကတော့ မေမေကိုသိနေခဲ့ တယ်။ မေမေစွန့်ပစ်ခဲ့တဲ့ကလေးတစ်ယောက်ကို မေမေမသိနိုင်ပါဘူး။ စွန့်ပစ်ခံရတဲ့သားကလည်း ဒါကိုမသိခဲ့ပါ ဘူး။ ဒါပေမဲ့မေမေရယ် ..။သိပ်မကြာသေးခင်ရက်ပိုင်းလောက်က သားဟာမေမေရဲ့သားဆိုတာသိခဲ့ရတယ်။ သားကိုမွေးစားခဲ့တဲ့ အမေကလည်းသားဟာမေမေသားလို့ပြောခဲ့တယ်လေ။ သားမယုံနိုင်အောင်ပါပဲ။ သားဟာ သိတတ်စအရွယ်ကတည်းက ဒီရွာမှာပဲကြီးပြင်းလာခဲ့တာပါ။ မနက်မိုးလင်းတာနဲ့ အိမ်အလုပ်တွေကို မနားတမ်း လုပ်ပေးပြီး သားတို့ရွာရဲ့တစ်ခုတည်းသောအလယ်တန်းကျောင်းလေးကို သွားတက်ရတယ်လေ။ အခုဆိုသားဟာ ငါးတန်းကျောင်းသားတစ်ယောက်ဖြစ်နေခဲ့ပြီးမေမေ။ သားကိုကျောင်းထားပေးတဲ့ အမေကိုလည်းသားကျေးဇူးတင် တယ်မေမေ။ ဘာဖြစ်လို့လဲဆိုတော့ သားကိုကျောင်းထားပေးခဲ့လို့ပေါ့။ သားပညာတတ်တစ်ယောက်သိပ်ဖြစ်ချင် တာပဲမေမေ။
မေမေရယ်…။သားကိုဘာကြောင့်စွန့်ပစ်ခဲ့လည်းဆိုတာ သားမသိချင်ပါဘူး။ သားကိုမေမေချစ်ခဲ့လားဆို တာပဲသားစိတ်ဝင်စားတယ်။ မေမေဟာ ဘယ်လိုပုံပန်းသဏ္ဍန်ရှိမလဲဆိုတာထက် မေမေသားကို တစ်ခါတလေ လေးတောင်သတိရရဲ့လားဆိုတာ သားသိချင်တယ်မေမေ။ သားကိုပြောပြကြတာက မေမေဟာအရမ်းချမ်းတာတဲ့ သူတစ်ယောက်တဲ့လေ။ နောက်ပြီးမေမေဟာ သားအဖေမဟုတ်တဲ့သူနဲ့ယူထားပြီး ကလေးတစ်ယောက်ရှိတယ်တဲ့ လေ။ အဲဒီကလေးဟာ သားနဲ့ဆိုညီအစ်ကိုပေါ့နော် မေမေ။ သူကသားကိုလက်ခံပါ့မလား မသိဘူးနော်။သြော်..။ သားမေ့ပြီး အဆင့်ကျော်သွားသလိုဖြစ်နေပြီးနော်။ အရင်ဆုံးမေးရမှာက မေမေသားကို သားအဖြစ်လက်ခံရဲ့လား ဆိုတာပဲ။ မေမေလက်မခံဘူးဆိုရင်လည်း ရင်ထဲအသည်းထဲကသားယုံကြည်လိုက်မိတာက သားဟာမေမေ့သား ဆိုတာကိုပေါ့ မေမေ။
သားကိုမွေးစားခဲ့တဲ့အမေဟာ သူနာပြုတစ်ယောက်ဖြစ်နေခဲ့တာက သားကံကောင်းခဲ့တယ်လို့ပြောရ မယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ အမေကပညာတတ်တော့ ပညာရဲ့တန်ဖိုးကိုသိပြီး သားကိုလည်းပညာသင်စေ ခဲ့လို့ပေါ့။ အမေ့မှာ သားနှင့်အတူညီမလေးနှစ်ယောက်နဲ့ ညီတစ်ယောက်ရှိတယ်လေ။ သူတို့ဟာ သားရဲ့မောင်နှမ တွေပဲပေါ့။ သူတို့သားကို သိပ်ချစ်သလို သားလည်းချစ်တယ်။ ဒါပေမဲ့မေမေရယ်။ဟိုးအရင်ကတော့ အမေဟာ ကိုယ့်အမေရင်းလို့ထင်မှတ်နေခဲ့တော့လည်း သားမခံစားရပါဘူး။ ဘယ်မိဘမဆို ကိုယ့်သားသမီးကိုပဲ ကိုယ်အချစ် ဆုံးဆိုတာ သားသိတာပေါ့မေမေ။
မေမေရယ်…။အခုလိုသားမေမေ့ဆီစာရေးနေတာ အမေ့ကိုစော်ကားပြီးရေးတာ မဟုတ်ပါဘူး။ အမေ့ဟာ လည်း သားရဲ့အမေတစ်ယောက်ပါပဲ။ အမေသာ သားကိုမမွေးစားခဲ့ရင် သားဟာအခုလောက်ဆို ဘာဖြစ်နေမလဲ ဆိုတာ မတွေးဝံ့ပါဘူး မေမေ။ မေမေရေ…။သားပြောချင်တာတွေပြောနေတာနဲ့ပဲ အဓိကကျတဲ့သားရဲ့ရည်မှန်း ချက်ကိုပြောဖို့ မေ့တော့မလို့ပါပဲ။ သားရဲ့ ရည်မှန်းချက်တစ်ချို့ကို မေမေ့သိချင်ရဲ့လား။ မေမေ သိချင်မှာပါနော်။ သားအဲဒီလိုပဲယုံကြည်ထားပါရစေ။
သားကလေ ပညာတတ်တစ်ယောက်ဖြစ်ချင်တယ်။ ရွာက ကလေးတွေလို လောက်စာလုံးနဲ့လေးခွမကိုင် ချင်ဘူး မေမေ။ နာကျပ်နဲ့ဆေးထိုးအပ်ပဲကိုင်ချင်တယ်။ နောက်ပြီး အမေ့လို ဆရာဝန်မရှိတဲ့ဒီလိုတောရွာတွေက လူတွေ ကိုဆေးကုပေးချင်တယ်။ သားဟာ ဆရာဝန်တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့စာတွေကြိုးစား နေပါ တယ်။ နောက်တစ်ခုကတော့ သားလိုစွန့်ပစ်ခံရတဲ့ကလေးတွေအတွက် ခိုင်မာတဲ့အနာဂတ်တွေကိုတည် ဆောက်ပေးနိုင်အောင် သားကြိုးစားမှာပါ။ သားရဲ့ရည်မှန်းချက်တွေဟာ သိပ်ကိုကြီးကျယ်နေပြီးလားမေမေ။ တောရွာလေး တစ်ရွာက ကလေးတစ်ယောက်ရဲ့အိပ်မက်ကို ကျေးဇူးပြုပြီး မေမေ မရယ်လိုက်ပါနဲ့နော်။သားအ တွက်ဆိုပြီး အမေကအခုကတည်းက ပိုက်ဆံစုနေတာ မေမေသိရဲ့လားဟင်။ အမေရင်းက ကိုယ့်သားသမီးရဲ့ ရည်မှန်းချက်ကို သိခွင့်မရှိချိန်မှာ မွေးစားအမေကအဲဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ပေးဖို့အုတ်မြစ်တစ်ခု စတင်ချနေခဲ့တယ်လေ။
မေမေရေ..။ဘာပဲဖြစ်ဖြစ်မေမေဟာ သားကိုမွေးပေးခဲ့တာကပဲ ကျေးဇူးကြီးလှပါပြီး။ ဒါပေမဲ့မေမေ သားကို မလိုချင်ခဲ့ဘူး မဟုတ်လား။ မလိုချင်ပဲရလာခဲ့တဲ့ သားဟာအစကတည်းက ကုသိုလ်ကောင်းတဲ့ကလေးမဟုတ်ခဲ့ဖူး နော်။ သားလေ အဲဒီလိုစဉ်းစားမိတိုင်း သိပ်ငိုချင်ခဲ့တယ်။ ဒါပေမဲ့ သားမျက်ရည်မကျဘူးမေမေ။ သား ဘာဖြစ်လို့ မျက်ရည်မကျလဲသိလား မေမေ။ သားကကိုယ်တိုင်မျက်ရည်သုတ်ခံချင်တာ မဟုတ်ပဲ ကျနေတဲ့မျက်ရည်တွေကို
ကိုယ်တိုင်လိုက်သုတ်ပေးချင်လို့ပဲ။ ဟုတ်တယ်။ သားရဲ့ ဒီလက်ဖ၀ါးတွေဟာ အဲဒီလိုကျနေတဲ့ မျက်ရည်တွေကို တားဆီးပေးတဲ့ လက်ဖ၀ါးပဲဖြစ်ချင်တယ်လေ။
မေမေကတော့ အင်မတန်ချမ်းသာတဲ့သူဆိုတော့ ရွာက ကလေးတွေရဲ့ပညာရေး၊ ကျန်းမာရေးတွေကို တွေးမိပုံတောင်မပေါ်ဘူးနော်။ မေမေသာ ဒီလိုတောရွာလေးမှာ မေမေသားတစ်ယောက်ရှိနေတယ်ဆိုတာသိခဲ့ရင် မေမေဘယ်လိုခံစားရမလဲဆို သားသိပ်သိချင်ပါတယ်။ သားဟာ ရွာမှာနေတော့ ရွာရဲ့အကြောင်းတွေကို သိနေခဲ့ တယ်။ ကလေးတွေရဲ့အိပ်မက်တွေကို စိတ်မ၀င်စားတတ်တဲ့ ရွာကမိဘတွေကြားမှာ သားရဲ့အမေဟာသားအ တွက်တော့ တကယ့်ဟီးရိုးတစ်ယောက်ပါပဲ မေမေ။
မေမေသားပြောတာတွေကို စိတ်ဝင်စားရဲ့လား။ ဟုတ်ပါတယ်မေမေ။ သားရဲ့အိပ်မက်တွေကမေမေ ကိုယ်ပေါ်က စိန်တွေလောက်အရောင်မလက်နိုင်ပါဘူး။ ဒါပေမဲ့မေမေ သားအတွက်တော့ သားရဲ့အိပ်မက်တွေဟာ မိုးကောင်းကင်ကကြယ်တွေလို လင်းလက်နေတယ်လို့ပဲ ထင်မှတ်နေခဲ့ပါတယ်။ မနက်ဖြန်ကျောင်းမှာ မာတာမိခင် ဆိုတဲ့ခေါင်းစဉ်နဲ့ စာစီစာကုံးရေးရမယ် မေမေ။ အဲဒါသား ဘယ်သူ့အကြောင်းရေးရမှာလဲဆိုတာ သားမဝေခွဲနိုင် ဘူး။ အခုတော့ သားဆုံးဖြတ်လိုက်ပါပြီး။ သားဘယ်သူ့အကြောင်းရေရမလဲဆိုတာကို။ သားဆုံးဖြတ်ချက်အတွက် မေမေ စိတ်မကောင်းမဖြစ်ပါနဲ့။ သား မေမေကိုလည်း ချစ်ပါတယ်။ ဒါပေမဲ့ သားဒီစာကို မေမေ့ဆီပို့ဖြစ်မယ် မထင် ပါဘူး မေမေ”
သူ့စာသည် ကျွန်တော့်ရင်ကို အပ်တစ်ချောင်းလိုစူစိုက်နေခဲ့သည်။ သူသည် ကြယ်တွေကိုအိပ်မက်နေ သောာ ကြယ်ဖမ်းသမားလေးတစ်ယောက်ဖြစ်နေသည်။ သို့သော် ကျွန်တော်ကကြယ်ဖမ်းသမားလို့ ခေါင်းစဉ်မှား ပေးမိတာလည်း ဖြစ်နိုင်တာပဲ။ တကယ်တော့ သူသည် ကိုယ်တိုင်လင်းလက်ဖို့အားယူနေသောကြယ်တစ်လုံးဖြစ် နေခဲ့တာပဲလို့ ကျွန်တော်ခံစားလိုက်ရသည်။ ကျွန်တော် သူ့အနားမှအသာလှည့်ထွက်ရင်း သူ့လိုလင်းလက်ဖို့တာစူ နေသောကလေးတွေအပြင် လင်းလက်ခွင့်မရရှာသော ကြယ်အိပ်မက်ပိုင်ရှင်ကလေးများ ဘယ်လောက်ရှိနေလိမ့် မလဲလို့ ယောင်ဝါးဝါး တွေးမိတော့ ကျွန်တော်ရင်သည်အပူစတစ်ခုနှင့်ထိမိသလို ပူလောင်သွားတော့သည်။ ကျွန်တော် ခပ်တိုးတိုးဆုတောင်းပေးလိုက်မိသည်။
ကြယ်တွေအားလုံး လင်းလက်နိုင်ကြပါစေ လို့ပေါ့။
ကျွန်တော်သည် ကြယ်ကလေးမှတစ်ဆင့် တဖြည်းဖြည်းမူလပုံစံပြန်ဖြစ်သွားခဲ့ချိန်တွင် ညသန်းခေါင်ယံ အချိန်တောင်ရှိနေခဲ့တော့သည်။ သို့သော် ကျွန်တော်နှလုံးအိမ်တွင်တော့ ကလေးငယ်တစ်ယောက်၏ပုံရိပ်က ကပ်ညှိပါလာခဲ့ကာ ထိုညကကျွန်တော်အိပ်မပျော်တော့ပေ။ ကျွန်တော်ရင်တစ်ခုလုံးအပြည့် ဆုတောင်းသံများသာ ရိုက်ခတ်လို့နေသည်။ ထိုဆုတောင်းသည် အားလုံးသောဆုတောင်းများတွင် ကျွန်တော်အပြည့်ချင်ဆုံးသော ဆုတောင်းတစ်ခုလည်း ဖြစ်သည်။
ထို့အတူ ဒီလိုလပြည့်ည ကြယ်တွေဖွေးဖွေးလက်သည့်အချိန်များတွင် ကျွန်တော်သည်လည်းကြယ်လေး တစ်လုံးအဖြစ်ခရီးဆက်ကာ လင်းလက်ခွင့်မရသော လင်းလက်ခွင့်မသာသောကြယ်ကလေးများကို လိုက်လံ အားပေးချင်ပါသည်။ အားလုံးသောကြယ်ပွင့်ကလေးများ လင်းလက်နိုင်ကြပါစေ။ လင်းလက်ခွင့်မသာသော လင်းလက်ခွင့်မရသော ကြယ်ကလေးများလည်း လင်းလက်နိုင်ကြပါစေလို့ လှိုက်လှိုက်လှဲလှဲထပ်ပြီးဆုတောင်းပေး လိုက်မိတော့သည်။
အတွေးတစ်စအား ခံစားရေးဖွဲ့ထားပါသည်။
↧
ကြယ်တွေအားလုံးလင်းလက်ကြပါစေ။
↧