အတွေးအမြင် ဆိုတာ ဒဿနတွေနဲ့ သက်ဆိုင်ပါတယ်။ လူတိုင်းကတော့ ဒဿနနဲ့မနေချင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အချို့သောသူတွေက ဒဿနဆိုတာ စိတ်ဝင်စားဖို့လည်းမကောင်း၊နားလည်ဖို့လဲမလွယ် ပျင်းစရာလို့မြင်တတ်ကြပါတယ်။ ထင်ရှားတဲ့စာရေးဆရာ တစ်ယောက်ကတော့ ဒဿနပညာဆိုတာ ..........
“လကွယ်ည သန်းခေါင်ယံမှာ ရှိလည်းမရှိတဲ့ ကြောင်နက်ကြီးတစ်ကောင်ကို စမ်းတ၀ါးဝါး ရှာဖွေနေခြင်းဖြစ်တယ်“ ..တဲ့။ ကျမဖတ်ဖူးတဲ့စာလေးတခုထဲမှာတော့.......
””ဒဿနဟာတွေးခေါ်မှုမှာ ဓမ္မဓိဌာန်ကျမှု၊ဆန္ဒစွဲမှု၊၀ါဒကင်းမှု၊ပြသနာတခုကိုအပေါ်ယံမဟုတ်ဘဲ သေချာစွာလေ့လာမှု၊ ဝေါဟာရစကားရဲ့ အနက်ကို အရင်းမြစ်ကျကျ စီစစ်မှု၊ခိုင်လုံတဲ့ အကြောင်းအချက်များမှကောက်ချက်ချမှု၊ စသည့် စဉ်းစားဥာဏ်ကိုထက်မြက်စေဖို့အတွက်လိုအပ်တဲ့အကျင်းကောင်း မို့ မိမိအယူအဆတခုကိုစွဲမြဲစွာဆုတ်ကိုင်မထားဘဲ ဗဟုသုတ ကျယ်ပြန့် အောင်အားထုတ်မှုပညာရှာရာမှာ အလွန်လိုအပ်တဲ့ အရည်အချင်းများ ရရှိနိုင်ပါတယ်”” လို့ သိခဲ့ရပါတယ်။ ဒဿနပညာရဲ့ အကျိုးသက်ရောက်မှုကတော့ စဉ်းစားတွေးခေါ်တဲ့ဥာဏ် ထက်မြက်ရင့်သန်လာ နိုင်ခြင်း ပင်ဖြစ်ပါတယ်။ တကယ်လို့ အသိပညာ ဥာဏ်အမြော်အမြင် ပြည့်စုံခြင်းကိုနှစ်သက်မြတ်နိုးရင်ပေါ့...
ကျောက်တုံးဖိုနဲ့ ဓားမကလေး...ဘယ်လိုညားမလဲ (အတွေးအမြင်)စဉ်လေးနဲ့ ဘ၀ရဲ့အတွေးအမြင်လေးတခုကိုဖြန့်ဝေတင်ပြ လိုက်ပါတယ်။ နာမည်အရ နဲနဲတော့ အမြင်အကြားရိုင်းမယ်ထင်ပါတယ်။ဒါပေမဲ့ ကဗျာဆရာကြီးတစ်ဦး ရေးခဲ့တဲ့ ကဗျာလေးကို ဦးတည်ထားပြီး တင်ပြချင်တဲ့အတွက် နာမည်ပေးလိုက်တာဖြစ်ပါတယ်။ကဗျာလေးကတော့....
ကျောက်တုံးနဲ့ ဓား
ဘယ်လိုညားမလဲ
အညားမတော်တစ်ချက်
တစ်သက် သုံးမရ
အညားတော်ရင် အချက်ချက်
ထက်သထက် ထက်မည်
ဘ၀ဂ်လွန်ခံစားပါလိမ့်..။။။။
ကဗျာကလေးကို မူရင်းဆရာကြိးကတော့ လောကဓံတရား အဖြစ် ကျောက်တုံးနဲ့ နှစ်လုံးသွင်းနားလည်မှုကို ဓားဖြစ်တယ်လို့ညွန်းဆိုခဲ့ပါတယ်။ အခုမှာတော့ ကိုယ်ပိုင်အတွေးကလေးနဲ့ ကဗျာကိုကြည့်ရင်း ကျောက်တုံးက “ဘ၀ပေးအခြေအနေ“ ဓားကတော့ “လူ“ဖြစ်တယ်လို့ သဘောထားပြိး တင်ပြရေးသားလိုက်ပါတယ်။
လူသည် ဘ၀တွင် ကြုံတွေ့ရသည့် အခြေအနေတွေကို အကောင်းဆုံးအသုံးချတတ်ဖို့လိုပါတယ်။အသုံးမချတတ်ရင်တော့ ကျောက်တုံး နဲ့ဓား အညားမတော်သလို သွေးနည်းကြောင့် တစ်သက်လုံး သုံးမရဖြစ်သွားနိုင်ပါတယ်။ ဘ၀အခြေအနေတွေကို အသုံးချတတ် ရင်တော့ ကျောက်တုံးနဲ့ဓား အညားတော်သလို ဓားသည်ထက်သည် ထက်ပြီး အသုံးဝင်လာနိုင်သလို ပိုမိုအကျိုးရှိတဲ့ လူ့ဘ၀ကို ရရှိပိုင်ဆိုင်နိုင်ပါတယ်။ တကယ်တော့ လူ့ဘ၀ဆိုတာ အခြေအနေကောင်းတွေရှိသလို အဆိုးတွေလဲရှိတတ်ပါတယ်။လူတွေဟာ အခက်အခဲတွေ အကျပ်အတည်းတွေက လွန်မြောက်အောင် မကြိုးစား နိုင်တဲ့အခါ ဘ၀ကို အလွယ်တကူ အရှုံးပေး တတ်သလို ဘ၀ကို အဆိုးမြင်ပြီး အရွဲ့တိုက်စိန်ခေါ်တဲ့စိတ်တွေ ကလဲ့စားချေချင်တဲ့စိတ်တွေ အလိုမကျမှုတွေ ဖြစ်တတ်လာပါတယ်။ တချို့ကတော့ လွန်မြောက်အောင်ကြိုးစားခဲ့သူတွေလည်းရှိပါတယ်။
လူသားတွေရဲ့ အရည်အချင်းကိုစမ်းသတ်တဲ့ မှတ်ကျောက်တခုလို့ သတ်မှတ်ကြပါတယ်။ လူတွေသည်လည်း ဘ၀မှာအစမ်းသတ်ခံနေရတဲ့ သူတွေဖြစ်ပါတယ်။ ကံ ကံရဲ့အကျိုးတရားတွေကြောင့် ကံကြမ္မာက ပစ်ချလိုက်တဲ့ အခြေအနေတိုင်း လူ့ဘ၀ကိုရောက်ရှိလာကြတာပါ။ ရွေးချယ်ခွင့်ရှိစွာ နဲ့ရလာခဲ့တာမဟုတ်ပါဘူး။လူဟာ မိဘရဲ့ မျိုးရိုး၊ အခြေအနေ၊အဆင့်အတန်း၊ ကိုးကွယ်တဲ့ ဘာသာ ဆင်းရဲ ချမ်းသာ ရုပ်ရည် စသည်တို့ကို ရွေးချယ်ပြီး မှလူဘ၀ ကိုလာခဲ့ကြတာမဟုတ်ပါ။ ဒါပေမဲ့လည်း လူဖြစ်လာပြိးတဲ့နောက် မှာတော့ မိမိရဲ့ ဆန္ဒနဲ့အညီ ကောင်းမှု မကောင်းမှု တရားမှု နဲ့ တရားမမျှ တမှု သဘောတွေကို ရွေးချယ်ပြီး လုပ်ဆောင်ခွင့်ရှိလာပါတယ်။ ဒါကြောင့် လူဆိုသည်မှာ မကောင်းမှု၊ တရားနဲ့မလျော်ညီတဲ့အမှု များကိုရှောင် ကြဉ်ပြီး ကောင်းတဲ့အမှုတွေ ကိုသာရွေးချယ် ဆောင်ရွက်သင့်ပါတယ်။
လူတယောက်သည် မိမိရဲ့ အသက်မွေးမှုနဲ့ ပက်သက်လာရင်လည်း သမ္မာအာဇီဝကျတဲ့ အလုပ်တွေကို ရွေးချယ်ပြီး လုပ်ဆောင်ခွင့် ရှိသလို ဘ၀အတွက် လမ်းညွှန်မှုတွေပေးဆောင်နိုင်သော စာကောင်းပေကောင်းတွေကို ရွေးချယ်ဖတ်ခွင့်၊ အများအကျိုး သယ်ပိုးရွက်ဆောင်ခြင်း စသည့် ကောင်းမွန်မြင့်မြတ်တဲ့ ပရဟိတလုပ်ငန်းများ ကိုလည်း ရွေးချယ်ပြီး လုပ်ဆောင်ခွင့်တွေ ရရှိကြပါတယ်။
(မန္တလေးဂျာနယ်(၂၀၀၃-ခုနှစ်)မှဆောင်းပါးလေးအား မိမိအာဘော်ဖြင့် ပြန်လည်ကောက်နုတ်တင်ပြပါသည်။ )
ရွှေပန်းချီ (၃၁-၁-၁၃)၃း၀၀။
ဲ့