နှောင်တွယ်ကြိုးလေးများကိုဖြတ်ကြခြင်းနှင့်....သံယောဇဉ်ရေအိုးလေးခွဲကြတယ်
ရွှေမြို့တော်က သူငယ်ချင်းများကို ဒီတခါ ရွှေပန်းချီ တင်ပြချင်တာက မြန်မာ့ရိုးရာဓလေ့ထုံးစံတွေထဲက လူတယောက်သေလွန်ချိန် မှာ ပြုလုပ်ကြတဲ့ အရာတွေကို ပြောပြမှာမို့ မင်္ဂလာမရှိလို့တော့ မထင်ပါနဲ့ရှင့်။။ လူငယ် မောင်လေး ညီမလေးတွေ အနေနဲ့လဲ တချိန်မှာ လူကြီးဖြစ်လာကြမှာပါနော်။ တချို့ဆို အခု ရွှေမန်းမြို့မှာဆိုရင် နာရေးကူညီမှု အသင်းတွေမှာ လူငယ်လေးတွေ အချိန်ပိုင်းလုပ်အားပေးတောင်ဆောင်ရွက်နေကြပါတယ်။
လူ့လောကအတွင်း မှီတင်းနေထိုင်ကြသည့် လူမှန်သမျှ သာရေးနာရေးကိစ္စများနှင့် မကင်းနိုင်ကြပါ။ သာရေးကိစ္စကိုသာ မသွားဖြစ်သော်လည်း နာရေးကိစ္စကိုတော့ မသွားမဖြစ်ဘူးလို့ လူကြီးသူမတွေ ပြောတာကြားရပါတယ်။ နာရေးခေါ် အသုဘနှင့် ပက်သက်၍ မိရိုးဖလာအစဉ်အလာဓလေ့ ထုံးစံတို့သည်လည်း အရပ်ဒေသတခုနှင့်တခု တူညီကြသလို မတူညီတာ လည်းရှိနေမှာဖြစ်ပါတယ်။ ဒီနေရာမှာ ရွှေပန်းချီ အရင်ဆုံးပြောပြချင်တာ ကတော့ ဒီလိုဆောင်ရွက်ချက်တွေက မြတ်စွာဘုရား တရားဟောတွေထဲ မပါဝင်ပါဘူး။ အခုနောက်ပိုင်း အသိအမြင်ကျယ်ပြန့်လာကြတဲ့အတွက် သိပ်ပြီးတောင် အသုံးမပြုကြတာတွေလဲ ရှိနေမှာပါ။ မြန်မာရိုးရာဓလေ့ကလေးတွေကို သိစေချင်တဲ့အတွက် တင်ပြခြင်းဖြစ်ပါတယ်။
နှောင်တွယ်ကြိုးလေးများနဲ့အတူ တိုင်းထည့်ခြင်း....
သေဆုံးသူသည် မိသားစုအကြီးအကဲ တစ်ယောက်ဖြစ်ခဲ့ပါက သား သမီး မြေးမြစ် ငယ်ရွယ်သော ခလေးသူငယ်များ ကျန်ရစ်ခဲ့ပါက အသုဘမချမီ ကျန်ရစ်ခဲ့သည့် သား သမီး မြေးမြစ် ငယ်ရွယ်သော ခလေးသူငယ်များတို့၏ ကိုယ်အရပ်အတိုင်း အပ်ချည်ကြိုးနှင့် တိုင်းထွာပြီး ခေါင်းတွင်းသို့ ထည့်ပေး ရခြင်းပင် ဖြစ်ပါတယ်။ ဤသိုဆောင်ရွက် ရသည်မှာ သေဆုံးသူသည် ၄င်းနဲ့အတူ သံယောဇဉ်ကြိုး နှောင်တွယ်ကြိုးများအား ယူဆောင်သွားစေခြင်း ဖြတ်ပေးလိုက်ခြင်းဟု ယူဆကြဟန်တူပါတယ်။ (တကယ်သာဆိုရင် ရက်စက်ကြတယ်နော် မသေခင်တုန်းက သိပ်ချစ်ကြပြီး သေတော့မှ ကြိုးဖြည် လွှတ်လိုက်သလိုပါပဲ....နောက်ပြီး လူပျိုကြီး အပျိုကြီးတွေသေရင်တော့ နှောင်တွယ်ကြိုးလေးတောင် မပါရှာပါလားနော်...စကားချပ်လေးပါ)။
သွားလေသူလမ်း
နှောင်မတွယ်တမ်း..တဲ့
ကြိုးတိုင်းလွတ်သော်
ချစ်ဖော်တတွေ
ရက်စက်ကြလေနော်...........ရှင့်။
ရေအိုးလေးခွဲကြသည့်အစဉ်အလာထုံးစံ....
သေဆုံးသူအား သုသာန်သို့ ထုတ်သွားသည်နှင့် တပြိုင်နက် ရေအပြည့်ပါသည့် အိုးတစ်လုံးကို အိမ်လှေကားရင်း(သို့) အိမ်တံမြိတ်အောက်တွင် ရိုက်ခွဲပစ်ချခြင်းပင်ဖြစ်ပါတယ်။ ဤအစဉ်အလာဓလေ့လေးကိုတော့ ဒဏ္ဍာရီဆန်ဆန် လိုသလိုဆွဲယူပြီး ထားကြောင်းတွေ့ရပါတယ်။ ဂေါတမဘုရားရှင် ပွင့်တော်မူခြင်းမရှိသေးသောကာလတွင် ကာသိတိုင်း ပါဋလိနေပြည်တော်တွင် “အဿက“မင်း စိုးစံတော်မူစဉ် ဘုရားအလောင်းတော်သည် တောထဲတွင် ဈာန်အဘိညာဉ်သမာပတ်နှင့် ပြည့်စုံတော်မူသည့် ရသေ့တပါးဖြစ်ခဲ့ပါတယ်။ အဿကမင်းကြီးမှာ ဥပရိအမည်ရှိသော မိဘုရားခေါင်ကြီးသည်အနာရောဂါနှိပ်စက်ပြီး သေလွန်သွား သည့်အခါ မင်းကြီးက ပူဆွေးသောကတွေ ရောက်လျက် ရုပ်အလောင်းကို မပစ်ရက်သောကြောင့် မပုတ်မသိုးစေရန် ဆေးဝါးများ စီရင်ပြီး ခေါင်းတလားမှာထည့်လျက် သူရဲ့နန်းဆောင်အတွင်းမှာ ထားခဲ့ပါတယ်။ မင်းကြီးက နေ့ရှိသမျှ မိဘုရားအလောင်းကိုသာ ရှုစားရင်း မအိပ်နိုင်၊မစားနိုင် ငိုရှိုက်မြည်တမ်းနေခဲ့ပါတယ်။ (ဟိုတုန်းက ဖြစ်မှာပါ..ကျမအထင်ပါနော်)။
အလောင်းတော်ရသေ့ ဆွမ်းခံကြွလာတဲ့အချိန်မှာ မင်းကြီးကိုမြင်တွေ့ပြီး တရားသံဝေဂ ရရှိစေရန်အတွက်ဟူသော ရည်ရွယ်ချက်ဖြင့် မင်းကြီး၏ ဥယျာဉ်တော်တွင် သီတင်းသုံးလျက် မင်းကြီးနှင့် တွေ့ဆုံပါတယ်။
“တကာတော် မင်းကြီး..ဒီလောက်ပူဆွေးနေတာဆိုတော့ အခုများ ဥပရိမိဘုရားကြီးကို တွေ့မြင်ချင်ပါသလား“
“အရှင်ရသေ့ ..မိဘုရားကြီးကို အလွန်ပင်တွေ့ချင်လှပါတယ်“
“ကောင်းပြီ ဒကာတော်မင်းကြီး“
“မိဘုရားကြီး ဘယ်ဘ၀ရောက်ပြီး ဘယ်လိုအဆင်း ဘယ်လိုနေထိုင်နေသလဲဆိုတာ သိပါရစေ ဘုရား“...
“မင်းကြီး..မိဘုရားကြီးက လှပတဲ့သူရဲ့ရုပ်အဆင်းကို မာန်ယစ်စွဲလမ်းပြီး ဘ၀ကူးပြောင်းသွားတာဖြစ်လို့ ဒီဥယျာဉ်ထဲမှာပဲ နွားချေးပိုးမ ဖြစ်နေပါတယ်“
“ တပည့်တော် မယုံပါဘူး ခေါ်ပြနိုင်ပါသလား အရှင်ရသေ့“
“မင်းကြီးမယုံရင် နွားချေးပိုးမနဲ့ ကိုယ်တိုင်စကားပြောကြည့်မလား“
“ပြောချင်ပါတယ် အရှင်ရသေ့“
အလောင်းတော် ရသေ့ကြီးသည် တန်ခိုးအာနုဘော်ဖြင့် သဘာဝအလျောက် ပျော်မြူးနေသည့် နွားချေးပိုး မောင်နှံကို မင်းကြီးရှေ့သို့ခေါ်စေလျက် လူတို့နားလည်သည့်စကားဖြင့် ပြောစေသတည်းလို့ အဓိဌာန်လိုက်ပါတယ်။ ရသေ့ကြီးက မင်းကြီးအား လက်ညှိုးညွန်လျက်
“မင်းကြီး..ရှေ့က ပိုးဖိုဖြစ်ပြီး နောက်ကနေတဲ့ ပိုးမကတော့ သင်မင်းကြီး အလွန်ပင်ချစ်လှသော ဥပရိဒေ၀ီ မိဘုရားကြီးပင်ဖြစ်ပါတယ်“
မင်းကြီး မယုံသောလေသံနှင့်..“ ဖြစ်နိုင်ပါ့မလား အရှင်ရသေ့“
“ကောင်းပြီလေ မယုံပါက ပိုးမနှင့်စကားပြောစေရပါမယ်“ ပိုးမကိုကြည့်လျက်..
“ဥပရိ“ ခေါ်လိုက်ရာ..
လူတို့ဘာသာစကားဖြင့်ပင် “အရှင်ဘုရား အဘယ်ကြောင့်ခေါ်ပါသနည်း“
“အသင်ပိုးမ၊ သင်ဟာ အခုဘ၀ကို ရောက်မလာခင် အရင်ဘ၀ကဘယ်မှာဖြစ်ပြီး သင့်အမည်ဘယ်လိုခေါ်တယ် အခုဘ၀မှာဘယ်လိုနေထိုင်သလဲဆိုတာ သိချင်ပါတယ်“
“ အရှင်ရသေ့မြတ်... ဟောဒီ မင်္ဂလာဥယျာဉ်တော်ဟာ အရင်ဘ၀က ချစ်ခင်ကြင်နာတဲ့ မောင်တော်အဿကဘုရင်နဲ့ အတူပျော်ခဲ့ကြ တဲ့နေရာ ဖြစ်ပါတယ်။ အခုဘ၀မှာတော့ အသစ်ဖြစ်တဲ့ ချစ်လင် ပိုးဖိုနဲ့သာ ဥယျာဉ်အတွင်းလှည့်လည် ပျော်ပါးကျက်စားနေ တာဖြစ်ပါတယ်။ ဒါကြောင့် အဟောင်းဖြစ်တဲ့ အဿကမင်းကြီးထက် အသစ်ဖြစ်သော နွားချေးပိုးဖိုကိုသာ ပိုမိုချစ်မြတ်နိုး အားကိုးပါတယ်ဘုရား“ (တိန်....သေပြီဆရာပဲနော် မင်းကြီးတော့)
မင်းပရိတ်သတ် ကြားအောင် ကျယ်လောင်သောအသံဖြင့်လျှောက်ထားတော့ မင်းကြီးလည်း ဒေါသတွေထွက် နှလုံးမသာယာဖြစ်ပြီး အနားတွင်ခစားနေသော မင်းချင်းတို့အား အခုချက်ချင်းနန်းတွင်းသို့ဝင်စေကာ ခေါင်းတလားနှင့် ဥပရိမိဘုရားအလောင်းကောင်အား ဖယ်ထုတ်စွန့်ပစ်စေရန် အမိန့်ချမှတ်လိုက်ပါတယ်။( သူထက်ပိုချစ်တယ်လဲဆိုရောနော် ချက်ခြင်းကြီးပဲ သွားတော့တဲ့)....
ဒါ့ပြင် အလောင်းထားရာ ခန်းမဆောင်ကိုလည်း ရေ၀င်အိုးများဖြင့် ဆေးကြောသန့်စင်ကြရန် အမိန့်ထုတ်တော်မူလိုက်ပါတယ်။ ထိုအခြင်းအရာကို အစွဲပြုပြီး လူတို့သည် သေသူ၏ ရုပ်အလောင်းအား အိမ်ပေါ်မှ ချသွားပြီးသည်နှင့်တပြိုင်နက်စတိသဘောဖြင့် ရေပြည့်နေသည့် အိုးတစ်လုံးအား ပေါက်ခွဲဆေးကြောကြသည့် ဓလေ့ထုံးစံတစ်ရပ်ကို ပြုလုပ်ကြခြင်းသာ ဖြစ်ပါတော့တယ်။
ဘုရားဟော ကျမ်းဂန်
ပြုလုပ်ရန်ကား မမှာကြားပေ
တို့ချစ်ဆွေတို့ ချင့်လေ
မှတ်ကြပါကုန်...ရှင့်။။။
(မြန်မာ့ရိုးရာဓလေ့ထုံးတမ်းများစာအုပ်မှ ကောက်နုတ်လျက် ကဗျာစာထည့်ပြန်လည်ရေးသားတင်ပြပါသည်။)
ရွှေပန်းချီ။(၄.၂.၁၃) ၁၂း၀၀။