ကိုကိုရေ
ကိုကို့ အတွက် ငါရေးထားတဲ့ ခဲခြစ်ပန်းချီကားထဲမှာ
ကိုကိုနဲ့ငါ စတွေ့တုန်းက ကိုကို့ မျက်ဝန်းထဲကနူးညံ့တဲ့အကြည့်လေးတွေပါတယ် ။
Valentine's Day ဆိုင်က ချောကလတ်လေးတွေပါတယ် ။
အဲဒီနေ့က ကိုကိုနဲ့အတူတူ ထိုင်ခဲ့တဲ့ ဘဝသစ်ကဖေးက လတ်ဖက်ရည်နံ သင်းသင်းလေးလည်းပါတယ်။
ကိုကိုရေ
ကိုကို့ အတွက်ငါရေးထားတဲ့ ခဲခြစ်ပန်းချီကားထဲမှာ
ကိုကိုငါ့ကို ချစ်ရေးဆိုခဲ့တဲ့ ညနေခင်း နေရောင်ချည် မှိန်မှိန်လေးတွေပါတယ် ။
ကိုကိုမျက်နှာပေါ်က အပြုံးလေးတွေပါတယ် ။
ကိုကိုပေးတဲ့စာကို ငါယူပြီးတက်သွားတဲ့ ရွှေမြင်တင်ကျောင်းကားကြီးလည်းပါတယ် ။
ကိုကိုရေ
ကိုကို့ အတွက်ငါရေးထားတဲ့ ခဲခြစ်ပန်းချီကားထဲမှာ
ကိုကို နဲ့ ငါ ပထမဆုံးရည်းစားဖြစ်တဲ့နေ့က ထိုင်ခဲ့တဲ့ နေ့ သစ်ကဖေးထိုင်ခုံလေးပါတယ် ။
ချွေးလေးတွေစို့နေတဲ့ ငါ့လက်ဖဝါးလေးပါတယ် ။
အဲဒီနေ့ကရွာခဲ့တဲ့ မိုးစက်တွေပါတယ် ။
ကိုကိုရေ
ကိုကို့ အတွက်ငါရေးထားတဲ့ခဲခြစ်ပန်းချီကားထဲမှာ
မင်္ဂလာဒုံလေဆိပ်ကြီးထဲက ခုံတန်းလေးတွေပါတယ် ။
အဲဒီနေ့က ကိုကို့ မျက်ဝန်းထဲက မျက်ရည်တွေပါတယ် ။
ငါ့ရင်ထဲက တို့နှစ်ယောက်ရဲ့ အိမ်လေးလည်းပါတယ် ။
ကိုကိုရေ
ကိုကို့ အတွက်ငါရေးထားတဲ့ခဲခြစ်ပန်းချီကားထဲမှာ
ကိုကို့ ဆီကိုငါ နှစ်ပတ်တခါဖုန်းဆက်ခဲ့တဲ့ ရက်စွဲတွေပါတယ် ။
ကိုကို့ လက်ရေးလှလှလေးနဲ့ ရေးပို့ခဲ့တဲ့စာတွေပါတယ် ။
ငါ့အနားမှာ အမြဲ ညို့မှိုင်းနေတတ်တဲ့ အလွမ်းတွေပါတယ် ။
ကိုကိုရေ
ကိုကို့ အတွက်ငါရေးထားတဲ့ခဲခြစ်ပန်းချီကားထဲမှာ
ငါ့အိမ်မက်တွေကို ဖျက်ဆီးလိုက်တဲ့ မင်္ဂလာဆောင်ဖိတ်စာတခုပါတယ် ။
လောကကြီးတခုလုံးချာချာ လည်သွားတဲ့ ညတွေပါတယ် ။
ငါ့နှလုံးသားထဲက ထွက်ကျလာတဲ့ မျက်ရည်တွေပါတယ် ။
ကိုကိုရေ
ငါရေးထားတဲ့ ခဲခြစ်ပန်းချီကားကို
ကိုကိုတို့အိမ်ရဲ့ ဧည့်ခန်း ထဲမှာမချိတ်ဆွဲပေးရင်နေပါ
ကိုကို့ အတွက်မင်္ဂလာလက်ဆောင်အဖြစ်လက်ခံပေးခဲ့တာကိုပဲငါကျေနပ်ပါတယ် ။
ကိုကိုအမြဲစိတ်ချမ်းသာပါစေ ။
ဒီလင် ဒီမယား အိုအောင် မင်းအောင် ပေါင်းရပါစေနော် ။