တိုက်ပွဲပျော်မယ့် လယ်စောင့်တဲ
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး ။
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာ တည် ။
ကြာနီတစ်ပွင့်ဖြူတစ်ပွင့်
တဲနဲ့ ပနံတင့် ။ ။
ကျောင်းသုံးစာအုပ်တွေထဲမှာရော၊ ကလေးငယ်တွေရဲ့ ပါးစပ်ဖျားမှာရော၊ ကဗျာသမားစာသမား
တွေရဲ့  အတွေးအမြင်တွေ ထဲမှာရော နှစ်ပေါင်းများစွာ နေရာယူထားခဲ့ တဲ့  ဘယ်တော့မှလည်း ပျောက်ကွယ်မသွားမယ့် ၊ အမြဲတမ်း လတ်ဆတ်နေမယ့်  ဆရာကြီးမင်းသုဝဏ် ရဲ့  ကဗျာတိုလေး တစ်ပုဒ်ပါ။
ဒီကဗျာလေးကို သာမန် အတွေးသာမန် အမြင်နဲ့  ခံစားပြီး ဖတ်မယ်ဆိုရင်တော့ မိုးရေတွေအောက်က ကြာပွင့် တွေ ဝိုင်းနေတဲ့  ကွင်းပြင်ကျယ် ကြီးထဲက လယ်စောင့်တဲ လေး ရဲ့  လှပကြည်နူးဖွယ် မြင်ကွင်း အကြောင်းကို အသံသာသာနဲ့  အနုပညာမြောက်စွာ သီကုံးထားတဲ့  ကဗျာ ပန်းကုံးလေး တစ်ကုံး မျှသာပါပဲ ။
ဒါပေမယ့်  သေသေချာချာ၊ စူးစိုက် ပြီး (မိမိခံစားမိသလို၊ မိမိရင်ဘတ်နဲ့  တိုက်ဆိုင်မိသလို) နှိုက်နှိုက်ချွတ်ချွတ် တွေးမြင် ခံစား ကြည့်လိုက်မယ်ဆိုရင်တော့ ကဗျာရှင် ဆရာကြီးရဲ့  ကဗျာ အပေါ်မှာထားတဲ့  စေတနာ ရောင်စုံဆေးစက်တွေ လျှို့ ဝှက်စွာ ခြယ်သထားတာ ကို မြင်ကြရလိမ့် မယ် လို့  ကျွန်တော်တွေးမိနေပါတယ်။
ဒီလို တွေးကြည့်ရအောင်ဗျာ။ (ကျွန်တော်တွေးမိတဲ့ အတိုင်းပြောပြခြင်းပါ။) မိုးရေတွေ၊ မိုးစက် ၊ မိုးပေါက်တွေဟာ ကံကြမ္မာရဲ့ လှည့်စားမှု၊ ကြည်စယ်မှု၊ ရက်စက်မှု၊ လောကဓံတရားရဲ့ ရိုက်ပုတ် မှု၊ အထောင်းအခတ်တွေ၊ ဒုက္ခတွေ လို့ တွေးမြင်ကြည့်ပါ။
ပြီးတော့  ကွင်းပြင်ကျယ် ကြီးဟာ ကျွန်တော်တို့ ကျင်လည်ကျက်စားရာ လူ့ လောကကြီးလို့  ထင်မှတ်လိုက်။
နောက်ပြီး လယ်စောင့်တဲလေး ဟာ ကျွန်တော်တို့ ပေါ့  လူသားပေါ့ ။
မိုးကုတ်စက်ဝိုင်း ကြီးကိုတော့ ကျွန်တော်တို့ ရဲ့  အသက်ရှင်ရပ်တည်နေတဲ့ သက်တမ်း ဆိုပါစို့  ။
ကြာနီကြာဖြူတွေကိုတော့ ကျွန်တော် ဒီလိုမြင်တယ်ဗျ။ မိဘ၊ မောင်နှမ၊ ဆွေမျိုး၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ရည်းစား၊ ချစ်သူ၊ အိမ်ထောင်ဘက်၊ သားသမီး အစရှိသည်ဖြင့်ပေါ့ ဗျာ။
အဲတော့ဗျာ။ လူသားမှန်ရင် လောကဓံ ရဲ့ အထုအထောင်းကို အနည်းနဲ့ အများတော့ ခံကြရစမြဲပါ။ သူတောင်းစားက ခွက်ပျောက်တဲ့  ဒုက္ခ၊ သူဌေးက သင်္ဘောမှောက်တဲ့ ဒုက္ခ၊ ခေါင်းစဉ်ပေါင်းများစွာသော ဒုက္ခ တွေအတွက် အံကြိတ် လူးလိမ့်  ခံနေကြ ပေမယ့် ကြာဖြူကြာနီတွေလို အနားမှာ အားပေးမယ့် ၊ အထောက်အပံ့ ပြုမယ့် ၊ လက်တွဲခေါ်မယ့်  ၊ နားလည်ပေးမယ့်  တစ်ယောက် တလေ သာရှိနေမယ်ဆိုရင် တဲလေးက ကြာပွင့်တွေနဲ့  ရှုမငြီးအောင် တင့်တယ်နေသလို ကျွန်တော်တို့ လဲ ကျင်လည်ရာဘဝမှာ လောကဓံကို မမှုပဲ နေပျော် ၊ ရှင်ပျော် နေကြမှာပဲလို့  ကျွန်တော် တွေးမိနေပါတယ်ဗျာ။
တကယ်တမ်း ဒီစာမျက်နှာမှာ ကျွန်တော်ပြောဖို့ တွေးနေတာက ဓနုဖြူကျော်ထွန်း(ခ) ဆရာကြီး အီကြာကွေးရဲ့  တိုက်ပွဲပျော် ဆိုတဲ့ ကဗျာ လေးအကြောင်း ကိုပါ ၊ ဆရာကြီးရဲ့  ကဗျာ ကို ပြောဖို့  တွေးနေရင်းနဲ့ အတွးတွေ ဆက်စပ်ပြီး အခုလို လယ်စောင့်တဲ လေးနဲ့  လေပြေ ခင်းလိုက်သလို ဖြစ်သွားရတာပါ။
တိုက်ပွဲပျော်
ပုခက်ထဲက
အူဝဲဟစ်ကာ
စစ်ကြေညာပြီး
လောကကြီး၏
ခါးသီးတွေ့ ကြုံ
အလုံးစုံကို
မဖြုံအံခဲ
ပွဲဆက်နွှဲရင်း
လူလဲ တော်တော်ကြီးခဲ့ ပေါ့  ။
ပုခက်ထဲကနေစလိုက်ပြီးသင်္ချိုင်းမှာ ဆုံးသွားတဲ့ တိုတောင်းတဲ့ သက်တမ်း တစ်ခုကို သက်သောင့်သက်သာ ဖြတ်သန်းရလိုက်တဲ့ သူဆိုလို့  အလွန်ပဲ ရှားပါး၊ နည်းပါးကြမှာပါ။
မိုက်လဲမိုက်လို့ 
တိုက်လဲတိုက်ခဲ့ 
ရှုံးလိုက်တာလဲ အသင်္ချေ ။
ပညာတတ်ဖြစ်ဖို့ ၊ ကြီးပွားဖို့ ၊ သြဇာအာဏာ ရဖို့ ၊ ချမ်းသာဖို့ ၊ ဂုဏ်သိက္ခာ ရှိဖို့ ၊ ကျော်ကြားဖို့  စတာတွေအပြင် စားဝတ်နေရေး ဆိုတဲ့  အတ္တမျက်နှာဖုံး တွေစွပ်ရင်း ဘဝရဲ့  လှေကား ထစ်တွေကို တက်တဲ့ အခါတိုင်းမှာ ခြေချော်လက်ချော် နဲ့  ချော်ကျ ခဲ့ ဖူးကြတာတွေကို ပြန်ပြီး မြင်ယောင် မိကြစေမှာပါ။
ရဲလဲရဲလို့ 
နွှဲလဲနွှဲခဲ့ 
တိုက်ပွဲတွေလဲ အနန္တ ။
စွန့် ဝံ့ သူသာ အောင်ကြောင်းဖြာ ဆိုတဲ့ စကားကိုလက်ကိုင်ထားပြီး ဘဝရဲ့  ပန်းတိုင်ကိုချီတက်တဲ့  အခါ တွေမှာ တွေ့ ကြုံ လာကြမယ့်  အကွေ့ အကောက်၊ အဖုအထစ်၊ အခက်အခဲဆိုတာ တွေအတွက် “မုဆိုးခြေထောက်ဆူးမကြောက်” ဆိုတဲ့  စကားကို သတိရလိုက်မိစေပါတယ်။
ဒီလိုပဲပေါ့ 
တိုက်ပွဲဆိုတာ
သာချင်သာမယ်
တိုက်ပွဲဆိုတာ
နာချင်နာမယ်
ဘယ်မှာခန့် မှန်းသိနိုင်မလဲ ။
အောင်မြင်မလား၊ ရှုံးနိမ့် မလား၊ ဆိုတာတွေဟာ ဗေဒင်ဆရာတိုက်တဲ့  ဗီတာဇုံအားဆေးနဲ့  အသက်ဆက် ရှူနေကြရတဲ့ ဘဝတွေ ဆိုတော့ မရေရာမသေချာတဲ့  စမ်းတဝါးဝါး အဖြစ်တွေပါပဲ။ အလံထူနိုင်ခဲ့ သလို၊ အလံလှဲချ အရှုံး ရတဲ့  အခါမျိုးတွေလဲ ရှိကြမယ်ဆိုတာကို အသိဝင်လာစေပါတယ်။
နာနာသာသာ
ဘာမှမဖြုံ
စိတ်လုံခြုံရင်
အကုန်မလန့် ဖျပ်ပါဘူး ၊
အကုန်မရပ်တန့် ပါဘူး ။
လက်သီးကိုတင်းတင်းဆုပ်၊ ရင်ကိုကော့ ၊ ခေါင်းကိုမော့ ၊ အံကြိတ်ထားပြီး စိတ်ဓါတ်ခွန်အားတွေကို အစွမ်းကုန် စုစည်းပြီး ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် ရင်ဆိုင်ပစ်လိုက်မယ့်  ရှေ့ သို့  ချီ စေမယ့်  တွန်းအားပေးစေတဲ့ အတွေး မျိုး ပေါ့ ဗျာ။
ရှေ့ ကဆီး၍
အဟန့် အတား
ဆူးတွေထားမလား
ယောင်္ကျားဟေ့ နော်
တိုက်ပွဲပျော်
ကျွန်တော်တိုက်ရင်းတက်မှာပဲ ။ ။
လူတိုင်းလူတိုင်း၊ သူ့ အတိုင်းအတာနဲ့ သူ၊ ကိုယ့် အတိုင်းအတာနဲ့ ကိုယ် ရင်ဆိုင်ဆင်နွှဲ နေကြရတဲ့  ဘဝ တိုက်ပွဲ တွေအတွက် ဒုက္ခ ဆိုတာ တကယ်တော့ ကိုယ်ပိုင်ဆန္ဒ တွေ အလျောက် အယားဖျောက် သလောက် ပဲလို့  မိမိစိတ်ကို ဖေါ့ တွေး တွေးနေရင်း နောက်ဆုံး သွေးတစ်စက် တိုးနေတဲ့ အထိ၊ ရင်ခုန်သံရဲ့ နောက်ဆုံးစည်းချက် ရောက်တဲ့  အထိ၊ ထွက်သက်ရဲ့ နောက်ဆုံး ရှူထုတ် လိုက်တဲ့  အချိန်အခိုက်အတန့် အထိ အရှုံးမပေးဘူးဆိုတဲ့ စိတ်ဓါတ် နဲ့  ဆက်လက် ချီတက်နေမယ့်  ခွန်အားတွေ ရရှိလိုက်စေပါတယ် လို့ ကဗျာလေးနဲ့ ပတ်သက်လို့  တွေးမိသမျှပြောပြရင်းနဲ့  အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။
ဆရာကြီး တွေရဲ့  မြင်းမိုရ်တောင် မက ထုထည်ကြီးမားတဲ့ စေတနာတွေ ပြည့်နေတဲ့  ဒီကဗျာလေးတွေကို ကျွန်တော့ရဲ့ ဆီးစေ့ လောက် အသိအမြင်အတွေးနဲ့  (ခံစားနိုင်သလောက်လေး) အတွေးသရုပ်ဖေါ်ပြရတာ တကယ်တော့ ရှက်စရာပါပဲဗျာ။
တွေးမိနေတာလေးတွေကို အခြေအနေပေးရင် နောက်ထပ်ပြောပြချင်ပါသေးတယ်ခင်ဗျားး
ကညွတ်နွယ်