ဖေဖော်ဝါရီလ ( ၁၂ ) ရက်နေ့ ဟာ ကျွန်မ တို့  မြန်မာ နိုင်ငံရဲ့  ပြည်ထောင်စု နေ့ အဖြစ် သတ်မှတ်လူသိများ ကြပါတယ်။ မြန်မာ နိုင်ငံမှာ ပြည်ထောင်စုနေ့ ရောက်တိုင်း ပြည်ထောင်စုစိတ်ဓာတ်ကို သိရှိ ကြစေချင်ပါတယ်။
တကယ်တော့ ပြည်ထောင်စု နေ့ ဖြစ်တည်လာခဲ့တာဟာ ပင်လုံစာချုပ် ကနေစခဲ့တာပါ။ မြန်မာပြည်ကြီး ပြည်ထောင်စုနေ့  ပြည်ထောင်စုစိတ်ဓာတ် ဖြစ်တည်လာခဲ့တယ့် သမိုင်းကို ပြန်ပြောပြရမယ်ဆိုရင် ..
ကျွန်မ တို့ မြန်မာနိုင်ငံဟာ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားလူမျိုးများအပြင် အခြားလူမျိုးစုများလည်း အများအပြား နေထိုင်ကြပါတယ်။ ရှေးယခင်လက်ထက်ကတော့ တိုင်းရင်းသားလူမျိုးတွေဟာ ကိုယ့်ထီးကိုယ်နန်းတွေနဲ့  နေထိုင်ခဲ့ကြ ကိုယ့်ဒေသ ကိုယ် အုပ်ချုပ်နေခဲ့ကြပါတယ်။
၁၈၂၄ ခုနှစ်မှာတော့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲနဲ့အတူ ရခိုင်နဲ့တနင်္သာရီဒေသကို ဗြိတိသျှအစိုးရက သိမ်းပိုက်ခဲ့ပါတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ ပဲခူးတိုင်းနဲ့ အောက်ဗမာပြည်ကို သိမ်းယူပြီးတော့ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီးမှာတော့ ဗမာတပြည်လုံးကို အင်္ဂလိပ်အစိုးရက သိမ်းယူခဲ့ပါတယ်။
သိမ်းပိုက်အုပ်ချုပ်စဉ်ကာလမှာ ဒေသအသီးသီးကို အမျိုးမျိုး ခွဲခြားအုပ်ချုပ်ခဲ့ပါတယ်။ ရခိုင် ၊ ဗမာ နှင့် မွန်တွေ အုပ်ချုပ်တဲ့ ဒေသကို ပေါင်းပြီးတော့ ဗမာမြေပြန့်ဒေသအဖြစ် အုပ်ချုပ်ခဲ့သလို ရှမ်းပြည်နဲ့ တောင်တန်းဒေသတွေကို သီးခြားခွဲခြားပြီးတော့ အုပ်ချုပ်ခဲ့တယ်။
၁၉၄၇ ခုနှစ် လွတ်လပ်ရေးအကြိုကာလမှာ မြန်မာနိုင်ငံကို လွတ်လပ်ရေးမပေးမဖြစ် ပေးရတော့မယ့် အခြေအနေကို ရောက်လာတဲ့အခါ ဗြိတိသျှအစိုးရရဲ့ သဘောထားကတော့ ဗမာပြည်ကိုသာ လွတ်လပ်ရေးပေးပြီး ရှမ်းပြည်နဲ့ တောင်တန်းဒေသကို ချန်ထားလိုပါတယ်။
အကယ်၍ ဗမာပြည်နဲ့ တောင်တန်းဒေသကို တပေါင်းတစည်းတည်း လွတ်လပ်ရေးရချင်ရင် တောင်တန်းသားများရဲ့ သဘောထားအရ ပေါင်းစည်းနိုင်မှသာလျှင် ဖြစ်နိုင်မယ်ဆိုပြီး အကျပ်ကိုင်ခဲ့တယ်။
ဒီအခြေအနေမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ တောင်တန်းဒေသနဲ့ ဗမာပြည်ကို ပေါင်းစည်းရေးအတွက် ကြိုးပမ်းလှုပ်ရှားခဲ့တယ်။
ဒီလိုပေါင်းစည်းရေးအတွက် ကြိုးပမ်းရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောထားကတော့ “ဗမာပြည်ကို လွတ်လပ်ရေးပေးပြီးတော့ ရှမ်းပြည်နဲ့ တောင်တန်းဒေသကို ချန်ထားခဲ့မယ်ဆိုရင် ဒီလွတ်လပ်ရေးဟာ ပြီးပြည့်စုံတဲ့ လွတ်လပ်ရေးမဟုတ်ဘူး” လို့ ခံယူသလို ဗမာလူမျိုးတွေဟာ ဗြိတိသျှကိုလိုနီဘ၀နဲ့ မနေချင်သလို တောင်တန်းသားများကိုလည်း ဗြိတိသျှကိုလိုနီလက်အောက်မှာ မနေစေလိုပါဘူး။ ဗမာတွေ လွတ်လပ်ရေးရသလို တောင်တန်းသားများကိုလည်း လွတ်လပ်ရေး ရစေချင်ပါတယ်။
ဒါ့အပြင် ရှမ်းက တမျိုး၊ ကချင်က တဖုံ၊ ဗမာက တခြား အကွဲကွဲအပြားပြား ကြိုးပမ်းဆောင်ရွက်နေကြမယ့်အစား စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းအားထုတ်ကြမယ်ဆိုရင် တိုင်းပြည်ဟာ ပိုမိုတိုးတက်ဖွံ့ဖြိုးလာမှာဖြစ်ပြီး ရလာတဲ့ အကျိုးကျေးဇူးတွေကိုလည်း အားလုံးသာတူညီမျှ ခံစားကြရမှာဖြစ်တယ်လို့ ယုံကြည်ခဲ့ပါတယ်။
ထို့အတူ တိုင်းရင်းသား ခေါင်းဆောင်များကလည်း အကယ်၍ ဗမာပြည်ကိုသာ လွတ်လပ်ရေးပေးခဲ့ပြီး ရှမ်းပြည်နဲ့ တောင်တန်းဒေသတွေကို ချန်ထားခဲ့မယ်ဆိုရင် တောင်တန်းသားများအနေနဲ့ ဗြိတိသျှကိုလိုနီလက်အောက်က လွတ်မြောက်နိုင်ဖို့ အလှမ်းဝေးသွား လိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါကြောင့် ဗမာပြည်နဲ့ပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလို စိတ်ဓာတ်တွေနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဗမာပြည်နဲ့ တောင်တန်းဒေသများပေါင်းစည်းရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။
တကယ်တော့ ပင်လုံစိတ်ဓာတ်၊ ပင်လုံသဘောတူညီချက်ဆိုတဲ့ ပြည်ထောင်စုမူဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ချမှတ်ခဲ့တဲ့မူလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးကြိုးပမ်းမှုအစမှာ
‘ဗမာပြည်သည် တို့ပြည်၊
ဗမာစာကို ချစ်ပါ၊
ဗမာစကားကို မြတ်နိုးပါ’
ဆိုတဲ့ အမျိုးသားရေးဝါဒကို ချမှတ်ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲဝင်ခဲ့ပါတယ်။
လွတ်လပ်ရေးအကြိုကာလကို ရောက်တဲ့အခါမှာတော့ လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊ ပူးပေါင်းနေထိုင်ရေးဆိုတဲ့ ပြည်ထောင်စုမူကိုချမှတ်ပြီးတော့ အမျိုးသားသွေးစည်းညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့ပါတယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးဆိုတဲ့ အမျိုးသားရေးဝါဒဖြစ်ပါတယ်။
ဒါတွေ ဟာ ပြည်ထောင်စုနေ့  ကို ဖြစ်ပေါ်လာစေတယ့် အကြောင်းတရားတွေပါ။ ကျွန်မတို့ ငယ်ငယ်တုန်းကဆို ပြည်ထောင်စုနေ့  ရောက်တိုင်း မြင်းပြိုင်ကွင်း ( ယခု ကျိုက္ကဆံကွင်း ) လို့ ခေါ်တယ့် ကွင်းမှာ ခုနစ်ရက် ခုနှစ်လီ ပွဲကျင်းပါပါတယ်။
ပြည်နယ်နှင့် တိုင်း အသီးသီးမှ ဆိုင်ခန်းတွေ အလှပြတွေ အကတွေ ရောင်းကုန်တွေ နဲ့  ပြည်ထောင်စုနေ့ ပွဲတော်ဟာ အမတန်မှ ပျော်ရွှင်စရာကောင်းလှပါတယ်။
ယခုခေတ် လူငယ်တွေ တော်တော်များများ ပြည်ထောင်စုနေ့ ကို သတိမရကြတော့ပါဘူး။ သေသေချာချာလည်း မသိရှိကြတော့ပါဘူး။
ယခုခေတ်နောက်ပိုင်းမှာ ပြည်ထောင်စုနေ့  အထိမ်းအမှတ်ပွဲတွေလည်း ပျောက်သလောက်ရှိနေပါပြီ။ ကျွန်မ တို့ မြန်မာလူမျိုး မြန်မာတိုင်းရင်းသားတွေ ရဲ့  အထင်ကရ နေ့ လေးကို အမြဲအမှတ်ရနေစေချင်ပါတယ်။
ကျွန်မတို့  မြန်မာနိုင်ငံကြီး လွတ်လပ်ရေးအကြို ပင်လုံစာချုပ် ကို ချုပ်ဆိုခဲ့တယ့် နေ့  ထို နေ့ ကို ပြည်ထောင်စုနေ့  အထင်ကရ နေ့ ထူးနေ့ မြတ်မဖြစ် သတ်မှတ်ပြီး အားလုံး သတိတရနဲ့  မိမိ နိုင်ငံကြီး စည်းစည်းလုံးလုံး ရှိစေရန် ၊ လွတ်လပ်ရေးခိုင်မြဲစေရန် ကြိုးပမ်းနိုင်ကြပါစေလို့ ။
ပြည်ထောင်စုနေ့ မှသည် မြန်မာပြည်သူ ပြည်သား တိုင်းရင်းသားများ အားလုံး ကျန်းမာ ပျော်ရွှင်ကြပါစေလို့ လည်း ဆုမွန်တောင်းလိုက်ပါတယ်...
ခရေ
( ကြိုးစားပါအုံးမည်)