.ရွှေမြို့တော်မိသားစုဝင်သူငယ်ချင်းများအားလုံး
မင်္ဂလာပါရှင်
သူငယ်ချင်းအားလုံးတစ်နှစ်ပတ်လုံး
စိတ်ချမ်းကိုယ်ကျန်းမာလိုအင်ပြည့်ပါစေရှင်
ရွှေမြို့ တော်ဆိုဒ်လေးအတွင်းမှ
ကဗျာဝါသနာရှင်မောင်နှမများအတွက်
ချစ်သူမြို့တော်လေးမှာချစ်သူများနေ့ကိုဂုဏ်ပြုသောအားဖြင့်
ချစ်သူများနေ့အတွက်
ကဗျာပြိုင်ပွဲလေးကျင်းပခဲ့ပါတယ်
အရင်ဆုံးပမာဏအနေနဲ့ကဗျာပြိုင်ပွဲလေးမှာ
အကဲဖြတ်ဒိုင်များကဘယ်လိုရွေးချယ်ခဲ့တယ်ဆိုတာပြောကြားပါမယ်
ပြိုင်ပွဲကဗျာများကိုလက်ခံပေးသူက
ကျွန်မရှင်းသန့်မေဖြစ်ပါတယ်
ပြိုင်ပွဲဝင်ကဗျာအားလုံး(၂၆)ပုဒ်ကိုလက်ခံရရှိခဲ့ပါတယ်ရှင်
ကဗျာများကိုကဗျာရေးသူနာမည်များဖြုတ်ပြီးအကဲဖြတ်သူများကိုပေးပို့ခဲ့ပါတယ်
အကဲဖြတ်သူများကတယောက်(၇)ပုဒ်စီပထမဆုံးရွေးချယ်ခဲ့ပါတယ်
(၇)ပုဒ်စီရွေးချယ်ပြီးတော့မှ
အကဲဖြတ်သူများစုဝေးပြီးနောက်ဆုံးစကာတင်(၃)ပုဒ်ရွေးချယ်ခဲ့ပါတယ်ရှင်
အကဲဖြတ်သူများကတော့
uoozinlay
မမ
ကိုအောင်ထက်
ကိုနေမင်းခိုင်
ကိုတတိုင်းမွှေး
မမေသဇင်
တို့ဖြစ်ပါတယ်ရှင်
(ချစ်ခြင်းအလင်္ကာ)
နောက်ဆုံးစကားတင်ဆုရသုံးပုဒ်ကတော့
ပထမဆုရသူကတော့
ကဗျာပြိုင်ပွဲအမှတ်စဉ်(၁၈) Heart Canteen (လမင်း)ကဗျာဖြစ်ပါတယ်ရှင်
ငွေလတစ်စင်း ချစ်သူမင်းကို
အပ်နှင်းမေတ္တာ စာကဗျာနှင့်
သာယာနေ့ လေး လက်ဆောင်ပေးမယ်
နွေးထွေးသစ္စာ အလင်္ကာဖြင့်
ကာရန်စစ်စစ် ငါ့အချစ်ကို
ရင်နှစ်ခံစား မင်းလေးနားမှာ
ပျားလိုဝဲပျံ အမှန်ကန်ပဲ
ဤသံသရာ ဖန်ကမ္ဘာဆုံး
ငါဟာသက်လုံး ချစ်နေဦးမယ်
မင်းပြုံးလိုက်တိုင်း ဗာလင်တိုင်းကို
ခိုင်းနှိုင်းဖွဲ့ ဆို ကဗျာပျိုနှင့်
စာဆိုတို့ မှာ မမှီပါဘဲ
လက်ခါရတယ် လင်္ကာကြွယ်လို့ 
နွယ်တစ်ပင်လို ရင်ခွင်ပျိုမှာ
ရစ်ပိုနှောင်ဖွဲ့  မူဟန်နွဲ့ နှောင်း
သွဲ့ ပျောင်းအလှ မေ့မရနိုင်
စိတ်မခိုင်ဘဲ ဒူးထောက်မြဲကွာ
စွဲလမ်းစဉ်သာ ဘ၀င်မှာရူး
ဘယ်ရာသီကူး မပြောင်းဘူးနော်
ထူးထူးခြားခြား ချစ်သူများနေ့ 
လျှောက်သွားလည်မယ် နေမင်းကွယ်လို့ 
ကြယ်ရောင်လာရင် အနမ်းလွင်ပြင်
မင်းမြင်နိုင်စေ ဆုတောင်းချွေလျက်
ရေတွက်မကုန် ကြယ်ရောင်စုံရှက်
ရင်ခုန်လျက်ငါ မျှော်လင့်ကာရယ်
သာယာသီကြွေး သီချင်းတေးဆို
မင်းလေးအတွက် ချောကလက်တို့ 
ထပ်ကျွေးဦးမယ် ချစ်သူရယ်.........။
ကဗျာရှင်သည်…
ချစ်သူအတွက် လက်ဆောင်ပေးသွားပုံ ထူးခြားခြင်းချစ်သူကိုချစ်တဲ့ အချစ်ကို သံသရာနဲ့ချည်၍ ဖွဲ့နိုင်ခြင်း
ချစ်သူနဲ့ လျှောက်လည်ပုံကို ထူးခြားလှပစွာ သုံးသွားနိုင်ခြင်း
ကဗျာရဲ့သဘောကာရန်ကို မပျောက်ပျက်အောင် စွမ်းဆောင်သွားနိုင်ခြင်း
သေသပ်သော လေးလုံးစပ်ကဗျာဖြင့် ချစ်သူများနေ့ကို…
ဒုတိယဆုအနေနဲ့ပြိုင်ပွဲဝင်အမှတ်စဉ်(၇)
ကိုလရောင်ရွှေ
+++ မာတာပီတု ကျေးဇူးပြုတဲ့
အနုပညာ ကျွန်တော်လာ ဖြစ်
အရင်းစစ်တော့ အချစ်သည်သာ
အလင်္ကာ မြောက် စာဖွဲ့ လောက်ဧ။် ။
+++ ကာလရေကြည် သန္ဓေမှီ လျက်
ဖြစ်တည် သွေးမှ ရင်သွေးလှ ကို
ဒုက္ခ မထင် မေတ္တာဝင် လျက်
ဖွားမြင် မီးတွင်း သက်နဲ့ ရင်း တဲ့
ချစ်ခြင်း ဋီကာ အလင်္ကာ မြောက်
စာဖွဲ့ လောက်ဧ။် ။။
+++ အဇာတသတ်
"ဘ"သတ်သည့်သား
လက်ဖျားအနာ အာမှာငုံ ထွေး
ပြည်ပုပ်ဆွေး အား မထွေးမြိုချ
သားလှ ကိုလေ သက်သာ စေကြောင်း
မင်းကောင်းဘုရင် သူတော်စင် ဇာတ်
ဆင်ခြင်တွေး ဖြစ် အရင်းစစ်တော့
အချစ်သည်သာ အလင်္ကာမြောက်
စာဖွဲ့ လောက်ဧ။် ။။
+++ ဒုကု ပါရိ စာမှာရှိ စွ
မိဘနှစ်ဖြာ မျက်ကွယ်ပါတဲ့
လိမ္မာလုပ်ကျွေး ယဉ်ကျေးသည့်သား
ဖြစ်ငြား ဧကန် သစ္စာပန်သ
ထိုခဏ မယ် စက္ကုဝယ် လင်း
မြားဆိပ်ကင်းပျောက်
ဆန်းလောက်အဖြစ် အရင်းစစ်တော့
အချစ်သည်သာ အလင်္ကာမြောက်
စာဖွဲ့ လောက်ဧ။် ။။
+++ မယ်ဥမ္မာ မြင် ရာဇ၀င်၌
ဘုရင်သိဝိ အဆိုရှိ သား
ဖောက်ပြား ဘ၀င် အရူးသွင် နှင့်
အရှင် ရာဇ .... ခ၀ါချ လျက်
ထကြွသောင်းကျန်း တဏှာကျွမ်း တဲ့
ရွှေနန်းပြည့်ရှင် ဘုရင်အဖြစ်
အရင်းစစ်တော့ အချစ်သည်သာ
အလင်္ကာမြောက် စာဖွဲ့ လောက်ဧ။် ။
++တစ်ထောင့်ငါးရာ စွမ်းပကား နှင့်
ငါးနှစ်ရှစ် ကြိုး အမျိုးမျိုး သော
ချစ်မျိုးစုံလင် သံယောဇဉ် ကို
အမျှင်သွယ်တန်း လောကီလမ်း၌
လက်ကမ်းဖေးကူ အိမ်ယာထူကြ
လူသား အချစ် ဆန်းရ်ျစစ် သော်
အချစ်သည်သာ အလင်္ကာမြောက်
စာဖွဲ့ လောက်ဧ။် ။
+++ လူနှင့် အချစ် အချစ်နှင့်လူ
အိုဘယ့်လူသား ခမ်းနားဝင့်ထယ်
အချစ်နယ် တွင် ပစ်ပယ်မရ
မိနှင့်ဘကြား သမီး သား နှင့်
ရည်းစား ချစ်သူ အေးတူပူမျှ
ကြင်နာ ကြလျက်
နှမ နှင့်မောင် အချစ်ဆောင် ထား
နှလုံးသား မှာ အလင်္ကာ ယဉ်
တန်ဆာဆင် မြန်း အချစ်ပန်းသည်
ပွင့်လန်းဝေဆာ ဤကမ္ဘာဝယ်
အပြောကျယ်စွ ။
+++ မိချစ် ဘ ချစ် ငါးနှစ်ရှစ် နှင့်
အချစ်တဏှာ ထောင့်ငါးရာ တဲ့
ဘယ်မှာလူသား ကင်းမလားကွယ်
စဉ်းစား လေးနက် ပေထက်စာလွှာ
အက္ခရာဖြင့် ဖွင့်ဆိုအနက်
ခက်ဆဲ ခုတိုင် ပြည့်စုံနိုင် ဘဲ
ချစ်ခြင်းဝဲ ၌ ထဲထဲဝင်ဝင်
ရင်ရင်ခုန်ခုန် စုန်ဆန်မွေ့ ပျော်
မော်သည့်အဖြစ် အရင်းစစ်တော့
အချစ်သည်သာ အလင်္ကာမြောက်
စာဖွဲ့ လောက်ဧ။် ။။
+++ ဘ၀ အပူ မျှယူကူဖေး
နားလည်ပေးကြ ... ရသချိုမြိန်
လူတို့ အိမ်ဖြစ် အရင်းစစ်တော့
အချစ်သည်သာ အလင်္ကာမြောက်
စာဖွဲ့ လောက်ဧ။်
ဖွဲ့ လောက်သည့်စာ ချစ်ခြင်းသာပင်
အလင်္ကာ ထုံး ဆင်ကာသုံးသည်
ဤမှာပြီးဆုံး နိဂုံးကဗျာ ။။။
ကဗျာရှင်သည်…
အချစ်ကို အများမမြင်သာသော နေရာများမှ သရုပ်သကောင်များစွာဖြင့် လှပစွာရေးဖွဲ့နိုင်ခြင်း
ဆိုလိုရင်းစကားလုံးကို ပေါ်လွင်အောင် ကာရန်ချီ သီဖွဲ့နိုင်ခြင်း…
ချစ်သူများနေ့ကို တစ်မူထူးခြားအောင် ပြုလုပ်သွားနိုင်ခြင်း…
သို့သော်…
ကဗျာရဲ့ ( လေး ၊ သုံး ၊ နှစ် ၊ တစ် ) ကာရန်ကို တစ်ချက်တစ်ချက် ဖောက်ဖျက်သွားခြင်း…
စကားလုံးပြေပြစ်ကောင်းမွန်၍ ပထမရထိုက်သော်လည်း ကဗျာစည်းကမ်းအရ ဆိုင်ရာအက်မင်းတို့မှ
ဒုတိယဆုအနေဖြင့် ရွေးချယ်လိုက်ရခြင်း ဖြစ်ပါကြောင်း…။။။
တတိယဆုပြိုင်ပွဲဝင်အမှတ်စဉ်(၃)
မိန်နွေ
(၁)
မြင်ပါသခင် ရှင်မကြင်လည်း
သည်ရင်နုရွ ကြေမွမွမို့
ကြွေလွအသည်း မျက်ရည်ရွှဲနှင့်
မနည်းခေါင်းထူ စိတ်အားယူကာ
ရင်မှာဝှက်ထား ချစ်ပန်းများလျှင်
ချစ်ခြင်းလင်္ကာ သီးကုံးကာ၍
မတွေ့သခင် မမြင်ယောင်ဆောင်
မခေါ်တောင်မှ ယုတ်စွအဆုံး
ဖတ်သုံးပေးပါ ဤကဗျာကို။
(၂)
အိုကွယ်သခင် မုန်းမာန်ဆင်၍
တမင်ထားရစ် မေ့ပစ်လေလား
စိမ်းကားရက်စက် အေးသက်အကြည့်
လမ်းတွေ့ဘိက ရော်ရိဝမ်းမြောက်
သစ်ရွက်ခြောက်သည် လေလျှောက်တိုင်းလွင့်
လေပင့်တိုင်းဝေး ပမာပေးသို့
မယ့်သွေးပုံရိပ် အွန်လိုင်းထိပ်ဝယ်
မြင်သိပ်ပါသော် မျက်ဝန်းတော်ဖျောက်
ဂျီတော့အောက်၍ ဘာကြောင့်သခင်
ထွက်ပြေးချင်လည်း မောင်ပဲဖြေပါ့။
( ၃ )
အိုကွယ်သခင် သည်မေ့ရင်မှာ
တစ်ယောက်သာချစ် နောင်နှစ်တရာ
ကမ္ဘာနောက်ထပ် မမေ့ရက်ဘူး
အချစ်ဦးမို့ အရူးဆိုဆို
မူနွဲ့ပိုကာ ပြောချင်ပါရဲ့ ။
( ၄ )
အိုကွယ်သခင် ဘယ်ပြစ်မြင်ကာ
ရင်မှာစိုက်ပျိုး အချစ်မျိုးကို
ရေချိုမလောင်း ပေါင်းမသင်ပဲ
အမြစ်ဆွဲနှုတ် ကိုင်းခက်ခုတ်၍
မီးဖုတ်သင်္ဂြိုလ် ရှင်းထုတ်လိုနည်း ။
( ၅ )
သည်မယ်သခင် မကြင်လို၍
မတွေ့အောင်ရှောင် ခေါ်တောင်မထူး
ရှင်းပြဘူးပဲ ရင်ထဲအဝေး
နှလုံးသွေးမှ ထွက်ပြေးသွားလို့
မမြို့နာကျင် မုန်းမည်ထင်က
မောင့်တွေးစများ တကယ်မှားလိမ့် ။
( ၆ )
နှလုံးသည်းပွက် အချစ်ဖျက်၍
အသက်ပင်သေ ထားရစ်လေလည်း
ရင်ထဲမမေ့ မမုန်းသွေ့ဘူး
နောက်ဦးတယောက် အချစ်ရောက်ကာ
တွဲလာတွဲသွား ရှိခဲ့ငြားလျှင်
မငြင်မငြို စိတ်မယိုပဲ
မပြိုအချစ် မေတ္တာစစ်နှင့်
ပြုံးလှစ်ပြကာ ကြည့်နေပါအံ့ ။
( ၇ )
အမှန်စင်စစ် အချစ်ဆိုသည်
နှစ်လီသူငါ စိတ်ပါကိုယ်တူ
အမွှာဟူလို နှစ်ကိုယ်တစ်စိတ်
အရိပ်လိုမျိုး နှောင်ဖွဲ့တိုး၍
ပျော်မွေ့လွန်စွာ ရှိကြပါမှ
ခေါ်ထအချစ် မဟုတ်လစ်ရှင့် ။
( ၈ )
သခင်မချစ် ရှင်ထားရစ်လည်း
တယောက်တည်းကျန် လွမ်းဆွေးလျှံကာ
ဘယ်ခါမမုန်း အပြုံးမပျက်
သက်ဆုံးထက်လျှင် သည်မယ့်ရင်မှ
တမ်းတမပစ် တကယ်ချစ်၏ ။
( ၉ )
ထိုသို့အဖြစ် ရှိခဲ့လစ်က
အချစ်မည်ကြောင်း ရင်ခွင်လောင်းကာ
လင်္ကာချစ်ခြင်း သီဖွဲ့လျဉ်း၍
ရင်တွင်းခံစား ရေးခြစ်ထားသည်
စကားသစ္စာ အမှန်သာတည်း။
ကဗျာရှင်သည်….
ချစ်သူအတွက် အချစ်မြင်အောင် ကဗျာနှင့်
ရင်တွင်းဆန္ဒကို ထုတ်ပြပုံ ကောင်းခြင်း…
ချစ်သူမုန်းသော်လည်း သူ..မမုန်းနိုင်ပုံ…
ချစ်ရပုံ စသည်တို့ကို ဖွဲ့နွဲ့စပ်ဆိုသွားပုံ လှပထူးခြားခြင်း….
သို့သော်လည်း…
ကဗျာ၏ ( လေး ၊ သုံး ၊ နှစ် ၊ တစ် ) ကာရန်ကို အချက်အကျ
တစ်စတစ်စ ဖော်ပြန်ပြောင်းလွဲခြင်း…
ကဗျာပီသသော်လည်း…ကဗျာတို့၏ စည်းကမ်းအရ
ကာရန်အချက်မကျသောကြောင့် ပြိုင်ပွဲဝင်သူ ကဗျာရှင်တို့တွင်
တတိယဆု ရသင့်ရထိုက်ပါသောကြောင့် ဆိုင်ရာအက်မင်းတို့မှ
ရွေးချယ်လိုက် ချီးမြှောက်ရခြင်း ဖြစ်ပါကြောင်း…။။။
အကဲဖြတ်အဖွဲ့ကဆုံးဖြတ်ခဲ့ကြပါတယ်ရှင်
မိသားစုပြိုင်ပွဲဝင်ကဗျာပြိုင်ပွဲကိုဝင်ရောက်ဝင်ပြိုင်ပေးသော
ကဗျာရှင်များအားကျေးဇူးတင်ရှိပါတယ်
မိမိတို့ပြိုင်ပွဲဝင်ကဗျာများကိုကဗျာတင်ရန်နေရာမှ
မိမိတို့ပြိုင်ပွဲဝင်ကဗျာများက
(နှစ်သက်ရာခေါင်းစဉ်ဖြင့်)
ကဗျာတင်ရန်နေရာမှတင်လို့ရပါတယ်ရှင်
နောက်နောင်အစီစဉ်ကောင်းများကို
ကျင်းပပေးသွားပါမယ့်ရှင်။
ဒါကမိသားစုပြိုင်ပွဲလေးတခုသာဖြစ်ပါတယ်ရှင်
ဆုရသူများအနေဖြင့်
မိမိတို့မေးလ်လိပ်စာများကိုဖြစ်စေ
ဆက်သွယ်ရန်ဖုန်းဖြစ်စေ
ကော်မက်နေရာမှပေးခဲ့စေချင်ပါတယ်ရှင်
အားလုံးကိုလေးစားချစ်ခင်လျှက်
ရှင်းသန့်မေ
နောက်ကျသွားမူအတွက်တောင်းပန်ပါတယ်