Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

“ပညာရှိဟုခေါ်သည်”

$
0
0

တစ်ခါတုန်းကပေါ့ဗျာ...မြို့ငယ်လေးတစ်မြို့မှာ အတွေးအခေါ်ပညာရှင်ကြီး/ပညာရှိကြီးတစ်ဦးနေထိုင်ပါတယ်။ သူဟာ ပထမတော့ လူသားတွေကို သူ့ရဲ့အတွေးခေါ်ပညာရပ်တွေနဲ့ အကျိုးပြုြ့ပီး လူသားတွေရဲ့ ကိစ္စအ၀၀ ပြဿနာမျိုးစုံတွေကို ကူညီဖြေရှင်းပေးပါသေးတယ်။ဒါပေမယ့် လူသားတွေရဲ့ခေါက်ရိုးကျိုးနေတဲ့ အယူအဆနဲ့ အစွဲတွေကြားမှာ သူ့ရဲ့အယူအဆအသစ်တွေဟာတိုးမပေါက်တဲ့အပြင် နောက်ပိုင်းမှာလူတွေက သူကိုအရူးလို့တောင် ဝေဖန်သမုတ်လာခြင်းကိုပါခံလာရပါတယ်။ဒါကြောင့် သူဟာစိတ်ပျက်ပြီး နောက်ပိုင်မှာ အိမ်ထဲကနေ အိမ်အပြင်ကိုတောင်မထွက်တော့ပဲ သူ့ရဲ့အတွေးတွေ ဒဿနတွေ သဘောတရားအမြင် အယူအဆတွေကို စာတွေရေးမှတ်ပြီးစုသိမ်းထားပါတော့တယ်။။ဒီစာတွေကိုလည်း သူသေသွားပြီးနောက်ပိုင်းမှ တစ်နေ့နေ့မှာ လူတွေက သူ့ရဲ ဒဿနတွေ အယူအဆတွေကို လက်ခံလာတယ်ဆိုမှသာ ထုတ်ပေးဖို့ သူ့ရဲ့သေတမ်းစာမှာရေးထားပြီး အရင်းအနှီးဆုံး နဲ့ယုံကြည်စိတ်ချရဆုံးဖြစ်တဲ့ တစ်ဦးတည်သောမိတ်ဆွေ ရှေ့နေကြီးကိုကြိုမှာထားပါတယ်။

အဲ...သူမှာအဖော်ဆိုလို့ကလည်း သူ့ရဲ့ဝေယျာဝတ်စ တွေကို အမြဲတမ်းလုပ်ပေးနေတဲ့ အိမ်ကူ သူရဲ့အလုပ်သမား တပည့်လေးတစ်ယောက်ပဲရှိပါတယ်။မောင်အောင်လို့ပဲ ဆိုကြပါစို့ဗျာ။ အဲ့ဒီ့ မောင်အောင်ဟာ ပညာရှိကြီးရဲ့ အိမ်မှု တွေကို လုပ်ပေးပြီးလို့အားပြီဆိုရင် သူတို့လမ်းထိပ်က ဆံပင်ညှပ်ဆိုင်လေးကို ထွက်ပြီးလည်တတ်ပါတယ်။ဆံပင်ညှပ်ဆိုင်ဆိုတာကလည်း သိတဲ့အတိုင်းပဲလေ ..အလုပ်မရှိ/အားတဲ့သူတွေ နေ့လည်နေ့ခင်း စုဝေးရာအရပ်တစ်ခုဖြစ်နေတော့ လူကဆုံးပါဘိ...သတင်းတွေကလည်း ဆုံပါဘိ.။

လူတွေဆိုတာကလည်းခက်သာလားဗျ...အိမ်ထဲက အိမ်အပြင်ကို ခုနောက်ပိုင်းမှာ လုံးဝမထွက်တော့တဲ့ ပညာရှိကြီးရဲ့အကြောင်းကို လုံးဝစိတ်ဝင်စားလာကြတယ်။စပ်စုလာကြတယ်ပေါဗျာ။အဲ့ဒီတော့ သူတို့သိချင်တဲ့ အကြောင်းအရာတွေကို ဦးတည်မေးလို့ရနိုင်မယ့် တစ်ဦးတည်းသောလူက ဘယ်သူရှိုရမလဲ မောင်အောင် ပေါဗျာ.။ အဲ မောင်အောင်ကလည်း နဂိုတည်းကမှ သူ့အလုပ်ရှင်ကို မြို့သူမြို့သားတွေက အရူးလို့ သမုတ်ပြီး သူသခင်ကို ပညာရှိကြီးအဖြစ်မလေးစားကြတော့ အသိအမှတ်မပြုကြတော့ မခံချင်စိတ်ကလည်းရှိပြန် အခွင့်ကလည်းသင့်ပြန် ဆိုတော့ ပိုပိုသာသာလေးပြောပြီးပေါဗျာ...ချီးမွမ်းခန်းဖွင့်လေသတည်းပေါ. ဘယ်ပြောကောင်းမလဲ။ သူ့သခင်ဟာ အိမ်မှာ ဘယ်လိုတွေစဉ်းစားခန်းဖွင့်ပုံ သူ့ရဲ့ အတွေးတွေ ဒဿနတွေကို စာတွေရေးမှတ်ထားပြီး သိမ်းဆည်းထားရှိပုံ စတာတွေကို ပြောတော့တာပေါ့။

မောင်အောင်ရဲ့ လေကြောအောက်မှာမျောသွားကြတဲ့လူတွေဟာ အတွေးခေါ်ပညာရှိကြီး ရေးမှတ်ထားတဲ့ စာတွေကို သိချင်လာတယ် စိတ်ဝင်စားလာကြတယ်။ဒါကြောင့်“ မောင်အောင်ရေ မင်းကဒီပညာရှိကြီးရဲ့အိမ်မှာ နေတဲ့သူလည်းဖြစ်ပြန် တပည့်လည်းဖြစ်ပြန်ဆိုတော့ သူရေးတဲ့စာတွေကို မင်းကဖတ်ခဲ့ကွာ ဒီရောက်ရင်တော့ မင်းက ငါတို့ကို ပြန်လည် ပြောပြပေးပါ” လို့ဝိုင်းပြီး တောင်ဆိုကြတာပေါ့။ဒီတာဝန်ကို မောင်အောင်ကလည်းကျေကျေနပ်နပ်ကြီး ယူလိုက်တာပေါ့....... နေ့စဉ်ဆိုသလိုပါပဲ.....မောင်အောင်က ပြော.... နားထောင်တဲ့သူကနားထောင်...ငြင်းခုံကြတဲ့သူတွေကငြင်ခုံကြနဲ့ ဆံပင်ညှပ်ဆိုင်လေးကစကားဝိုင်းလေးဟာ နေ့စဉ်နဲ့အမျှ စီကားလို့ နေပါတော့တယ်....ဒီလိုနားထောင် နေရင်းနဲ့မှ မြို့သူမြို့သားတွေဟာ အတွေးအခေါ်ပညာရှိကြီးကို ရှိန်တာလိုလို ကြည်ညိုတာလိုလို လေးစာတာလိုလိုဖြစ်လာ ကြပါတယ်။

သိကြတယ်မို့လား (စကားဆိုတာ စတာနဲ့ ကားပြီးသားပဲလေ)လူတွေဆိုတာကလည်း သူတို့ဟုတ်ပြီထင်ရင် တစ်စိတ်ကို တစ်အိတ်ဖြစ် အောင်၊ နားကားလေးမွေးတာကို နဂါးလေးမွေးတယ် ဖြစ်အောင်၊ ဆန်ကောကို စိန်မြောင်ဖြစ်အောင် စသည်စသည်ပြောနိုင်စွမ်းကလည်းရှိပါဘိနဲ့လေ။ အဲ့ထဲကမှ မောင်အောင်ရဲ့ တော်ကီအောက်မှာမိသွားသူ ဆံပင်ညုပ်ဆရာကြီးဟာ အတွေးခေါ်ပညာရှိကြီးအပေါ်မှာ တော်တော်ကြီးကို ကျိတ်ပြီး ကြည်ညိုဆုံးလေးစားဆုံးဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့ကျတော့ ပညာရှိကြီးဟာ ဘာစိတ်ကူးပေါက်လာတယ်မသိပါဘူးးးးးးးးးးးးအိမ်ထဲမှာပဲ နှစ်တွေကြာအောင် အောင်းနေရလို့ ညှင်းသိုးသိုးဖြစ်နေတဲ့သူဆံပင်တွေကိုပဲ စိတ်ပျက်လို့ပဲလားမသိပါဘူး ...ဆံပင်ညှပ်ဖို့အတွက် ဆံပင်ညှပ်ဆိုင်လေးကိုထွက်လာခဲ့ပါတယ်.။ဒါ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ထွက်ရှိခြင်းပါပဲ။ အပြင်လောကကြီးနဲ့အဆက်ပြတ်နေတာကြာပြီဖြစ်တဲ့သူ့အဖို့တော့ အိမ်အပြင်ထွက်လိုက်ပြီဆိုရင်ပဲ သူနဲ့ပတ်သတ်ပြီး အရင်နဲ့မတူတစ်မူထူးခြားနေတဲ့ လူတွေရဲ့အပြုမူ မျိုးတွေကို သူ့စိတ်မှာခံစားလိုက်ရပါတယ်။

ဘာရယ်ဆိုတာကိုတော့ သူမသိပါဘူး။ မကြာခင်မှာ ဆိုင်ထဲကိုရောက်ပြီဆိုရင်ပဲ လူတွေဟာသူ့ကို နေရာပေးတာလိုလို ရှိန်တာလိုလိုနဲ့ ခေါင်းလေးတွေငုံပြီး အသီးသီးထွက်ခွါသွားတာကို သူတွေ့လိုက်ရပါတယ်။သူစိတ်ထဲမှာ သိပ်တော့ ကျေလည်ချင်ပုံ ရဟန်မတူပါဘူး။။ဒါပေမယ့် လူဆိုတာ သူကိုအများက အရေးတယူ/နေရာပေးဆက်ဆံခံရတာကို ကျေနပ်ကြတဲ့ လူတွေချည်းပဲလေ။သူလည်း ထို့နည်းတူပဲနေမှာပေါ့ဗျာ။ပညာရှိကလည်းဖြစ်ပြန်ဆိုတော့ စိတ်ထဲမှာ သူရဲ့အတွေးခေါ် ဒဿန နဲ့ သဘောတရားအမြင်တွေကို လူတွေက အသိအမှတ်ပြုလာကြလို့ သူကိုကြည်ညိုလေးစားလာကြပြီလို့ပဲ အောက့်မေ့ဟန်တူပါရဲ့။

ဆံပင်ညှပ်ဆရာအဖို့တော့ ဒီနေ့သူ့ဆိုင် ကံထူးပြီပေါ့...ဟုတ်တယ်လေဗျာ သူကျိတ်ပြီး လေးစားအားကျနေတဲ့ ပညာရှိကြီး ပထမဦးဆုံးအကြိမ် အပြင်ထွက်လာလာချင်း သူ့ဆိုင်မှာဆံပင်လာညှပ်တာဆိုတော့ ပျော်ပြီပေါ့။ဆံပင်တောင် အလကားညှပ်ပေးပြီပေါ့။ ဆံပင်ညှပ်နေရင်နဲ့မှ ဆံပင်ညှပ်ဆရာဟာ ပညာရှိကြီးကို ချီးမွမ်းခန်းစဖွင့်ပါပြီ။ပညာရှိကြီး ရဲ့ အတွေးခေါ် ဒဿန တွေဟာဘယ်လို ကောင်းကြောင်း ၊သူ လက္ခံကြောင်း သူတင်မက မြို့သူ-သားတွေကပါ ချီးမွမ်း လက္ခံနေ ကြပြီဖြစ်ကြောင်း၊နေ့စဉ်ဆိုသလိုပဲ ဆရာကြီးရေးထားတဲ့ စာတွေကို ဆရာကြီးရဲ့တပည့် မောင်အောင် ကတစ်ဆင့်သူတို့သိရလို့ ပြောဆိုဝေဖန်ကြကြောင်းတွေကို ၀မ်းသာအားရနဲ့တရပ်စပ်ပြောသွားပါတော့တယ်။

အဲ့ချိန်မှာ ပညာရှိကြီးဟာ မျက်လုံးပြူး အံ့အားသင့်သွားပါတော့တယ်....သူအသိချင်ဆုံးတစ်ခုတည်းကိုပဲမေးပါလေပြီ

“ဘာ....ဘယ်လို ငါရေးတဲ့စာတွေကို ငါ့တပည့်ဖြစ်တဲ့ မောင်အောင်က ဖတ်ပြီးတော့မှ တဆင့် မင်းတို့က သိရတာ”ဟုတ်လား “ဟုတ်ပါတယ်ခင်ညား....မောင်အောင် ကတဆင့်မှ ကျွန်တော်တို့ မြို့သူ မြို့သားတွေ သိရတာပါခင်ည၊ ဒီလို ဆရာကြီရဲ့ ဂုဏ်သတင်ကို ကြီးမားအောင်ပြုလုပ်ပေးတဲ့ ဆရာကောင်းတပည့်ဖြစ်တဲ့မောင်အောင်ဟာ ချီးကျူးထိုက်သူတစ်ယောက်ဖြစ်ပါတယ်ခင်ညား”

လို့ တောင် မောင်အောင် ကိုပါ ဆံပင်ညှပ်ဆရာက ချီးမွမ်းခန်းဖွင့်လိုက်ပါသေးတယ်။ ပညာရှိကြီးဟာ ဘာစကားတစ်ခွန်းမှ နောက်ထပ် ထပ်မပြောတော့ပဲ တိတ်ဆိတ်စွာနဲ့ ပဲ ပြန်လာခဲ့ပါတော့တယ်။ဆံပင်ညှပ်ဆရာမှာတော့ အံ့အားသင့်ခြင်းများစွာနဲ့ကျန်ခဲ့ပါတော့တယ်။

..........................................................

နောက်သိပ်မကြာခင်မှာပဲ မောင်အောင်ဟာ အထုပ်ကလေးပိုက်လို့ မြို့ကလေးကနေ အပြီးတိုင်ထွက်ခွါသွားဖို့အတွက် တရွေ့ရွေ့နဲ့ထွက်လာတာကိုတွေ့လိုက်ရပါတယ်...

ဒါပေမယ့်သူဟာ အဲ့ဒီ့မြို့လေးကမထွက်ခွါခင်မှာ တော့ ဆံပင်ညှပ်ဆရာကို သူ့ကိုယ်စား တစ်မြို့လုံးကိုရှင်းပြပေးဖို့အတွက် နောင်တကြီးစွာနဲ့ ပြောသွားတဲ့ စကားလေးတွေကတော့ “တစ်ကယ်တော့ ကျွန်တော်ဟာ စာလုံးဝမရေးတတ်သလို ၊စာလည်းလုံးဝမဖတ်တတ်တဲ့ သူတစ်ယောက်ပါဗျာ...တစ်ကယ်တော့ ကျွန်တော့်သခင်ပေါ်မှာ ခင်မင်လေးစာစိတ်တစ်ခုတည်းနဲ့ ရယ် တစ်မြို့လုံးက အသိအမှတ်မပြုပဲ အရူးလို့သမုတ်ကြတာတွေကြောင့်မခံချင်စိတ်တစ်ခုတည်းနဲ့(သခင့်ဆီက နားစွံ့နားဖျးကြားခဲ့တဲ့ စကားလုံးတစ်ချို့လည်းပါမှာပေါ့လေ) ကြားဖူးနားဝတွေနဲ့ ကျွန်တော်ထင်သလို လျှောက်ပြောခဲ့ခြင်သာဖြစ်ပါတယ်”ဆိုတာပါပဲ......

နောက်ထပ်ရက်အနည်းငယ်ကြာတဲ့ အခါမှာတော့ ပညာရှိကြီးဟာလည်း အဲ့ဒီ့မြို့လေးကနေ အပြီးတိုင် ထွက်ခွါသွားပါတော့တယ်။သူရေးထားတဲ့စာတွေဟာ သူနဲ့အတူပဲပါသွားသလား? မြေကြီးထဲမှာပဲမြှုပ်သွားသလား? မီးရှို့ပြီးတော့ပဲဖျက်ဆီးသွားသလား ?ဆိုတာကိုလည်း ဘယ်သူမှ အတိအကျ မသိရှိရပါဘူး။ကြာလာတော့လည်း ဒီပညာရှိကြီးရဲ့ ဇာတ်လမ်းလေးဟာ ပါးစပ်ရာဇ၀င်လေးတစ်ခုသာ ဖြစ်လို့သွားပါတော့တယ်။ ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က စာအုပ်တစ်အုပ်ထဲက ဖတ်မှတ်ကြားနာဖူးတာလေးကို အမှတ်ရသလောက်ရယ် အနော့်အတွေးလေးရယ်ပေါင်းပီးပြန်လည် ရေးသားကြည့်တာပါဗျာ...။

စာပေချစ်သူ ညီအစ်ကိုမောင်နှမများအားလုံးကိုချစ်ခင်လေးစားလျှက်...

...မင်းပိုင်စိုး...

                                                            (ခေတ္တလူ့ပြည်)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>