တစ်နေ့ ။ အိမ်မှာ ဆွမ်းခံကြွနေတဲ့ ကိုရင်ကို (ဆားလင်းကြီးမြို့နယ်က) ဆွမ်းလောင်းပြီး ကန်တော့နေစဉ်…
“ဒကာ..”။
“ဘုရား၊ ကိုရင် မိန့်ပါဘုရား”။
“ခုနက ဒကာရဲ့ ဇနီးလား”။ (ပြန်သွားတဲ့ ဟိုတစ်ယောက်)။
“မဟုတ်ပါဘုရား၊ ချစ်သူပါ”။ (ကိုရင်ကို ခုလို ပြောလိုက်ရတာ အားနာနေမိသည်)။
“အော် ဒကာကြီးနဲ့ ဒကာမကြီးရော..” ။
“မရှိဘူးဘုရား။ အဖေနဲ့ အမေက ဘုရား သွားကြတယ်”။
“အော်…” ။
“ကိုရင်..၊ ဘာမှာ စရာရှိလဲ ဘုရား”။
“မရှိပါဘူး၊ ဇနီးမဟုတ်ပဲနဲ့ အတူတူ ရှိနေတာ မြင်ရတော့ ရင်လေးမိလို့ပါ”။
“အော် ……..”။ (နေရတာ ခက်လိုက်တာ ကိုရင်နဲ့တော့)။
“ဒကာ..” ။
“ဘုရား..”။
“နောင်ဘ၀ရှိတယ်ဆိုတာ ယုံလား”။
“မှန်ပါ ယုံပါတယ်ဘုရား”။
“ယုံလို့ရှိရင် ကိုယ်မပိုင်သေးတဲ့ အရာကို မယူမိစေနဲ့နော်”။ (ကိုရင် ဘာကို ဆိုလိုသည်ဆိုတာ သဘောပေါက်လိုက်သည်)။
“မှန်ပါ။ ခုလို သတိပေးတာ ကျေးဇူးတင်ပါတယ် ကိုရင်”။
“ကံတရားရဲ့ ကြောက်စရာကောင်းတဲ့ အကျိုးပေးပုံကို ကြုံတုန်း ပြောပြချင်တယ်၊ နားထောင် မလား”။
“မှန်ပါ၊ ကိုရင် အချိန်ရရင် မိန့်ခဲ့ပါဘုရား”။
ဒီလို ဒကာရဲ့။ ကိုရင်က အရင်ဘ၀က မိန်းကလေး။ နာမည်က ရွှေမိ။ အငယ်ဆုံးသမီးလေး မွေးပြီး ဆုံးသွားခဲ့တာ။ ခု အငယ်ဆုံး သမီးတောင် ၁၇-နှစ်ရှိပြီ။ ကိုရင်က ၂-နှစ်လောက်ကြာမှ လူဝင်စားပြန်ဖြစ်လာတာ။ အဲဒီ ၂-နှစ်လောက် အတွင်း ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကိုတော့ ကိုရင် မမှတ်မိဘူး။ ကိုရင် လူပြန်ဖြစ်ပြီး လမ်းလျှောက်တတ်တဲ့ အရွယ်ပေါ့။ မိုးတွေ အုံ့မှိုင်း လာပြီဆိုရင် ဘယ်လိုကြီးမှန်း မသိဘူး။ စိတ်တွေကေ၀၀ါးပြီး တစ်စုံတစ်ခုကို ပြန်မြင်လာတယ်။ စိတ်ထဲမှာ သူ့အလိုလို ပေါ်လာတာ။ စိတ်ထဲမှာ ပထမဆုံး ပေါ်လာတာက။ ထမီအသစ်တစ်ထည်နဲ့ ဆွဲကြိုး တစ်ကုံး။ မျက်စိထဲမှာ အလိုလို ပြန်မြင်လာတာ။ သတိရလာတာ။ အဲဒါနဲ့ စိတ်ထဲရှိတဲ့အတိုင်း သွားပြီး ကြည့်လိုက်တော့ အဲဒီထမီနဲ့ ဆွဲကြိုးကို ပြန်ရခဲ့တယ်။ အရင်ဘ၀က ခုကိုရင်တို့အိမ်နဲ့ ၃- ကျော်က ဦးမြင့်သိန်းရဲ့ ဇနီး ရွှေမိလေ။ ကိုရင်က အဲဒီအိမ်ကို သွားပြီး မျက်စိထဲ မြင်နေတဲ့ သေတ္တာကို တွေ့အောင်ရှာတာ။ တွေ့တော့ ဖွင့်ခိုင်းတာလေ။ ဘာလိုချင်လို့လဲ လို့မေးကြတာပေါ့။ ထမီအသစ်နဲ့ဆွဲကြိုးလို့ ပြောလိုက်တာ။ သူတို့ အားလုံး မျက်လုံး ပြူးသွားကြတယ်။ အဲဒါနဲ့ သူတို့က သူတို့နာမည်တွေကို မေးတာလေ။ ကိုရင်က ဒီသမီးကြီးနာမည်က နှင်းနှင်း ဒီသမီးနာမည်က နှင်းဆီ ဒီသားဒီနာမည်က မောင်ကျော် ဒီသမီးနာမည်က စပါယ် ဒီသားလေးနာမည်က မောင်ဆွေ ဟော သမီးငယ်နာမည်က အိပုံလို့ တန်းပြောလိုက်တယ်။ ပြီးတော့ မူးတူးတူး မှိုင်တိုင်တိုင်နဲ့ ရပ်ကြည့်နေတဲ့ လူကြီးအနားကို သွားပြီး ဒါက မေမေ့ယောက်ျား ကိုမြင့်သိန်းလို့ ပြောလိုက်တယ်။ အားလုံး ယူကြုံးမရ ငိုကြတာပေါ့။ ပြီးတော့ ထမီနဲ့ ဆွဲကြိုးကိုလည်း ပေးလိုက်တယ်လေ။ အဲဒီနေ့ကစပြီး ကိုရင်က အိမ်မှာ မနေဖြစ်ဘူး။ အရင်ဘ၀က အိမ်မှာပဲ ယောက်ျားရယ် သမီးတွေရယ် သားတွေရယ်နဲ့ပဲ အတူနေဖြစ်တာ များတယ်။ ဟိုအရင်ဘ၀ကတည်းက ကြက်ဥကြော်မပါရင် ထမင်းမစားတတ်တဲ့ ကိုရင်က ခုဘ၀လည်း ဒီလိုပဲ။ ဒါကြောင့် ကိုမြင့်သိန်းက ကြက်ဥကြော်ကို နေ့တိုင်း ကြော်ပေးတယ်။ ငယ်ငယ်ကက ပုဆိုးမ၀တ်တတ်ခဲ့ဘူး။ ထမီပဲဝတ်တတ်တာ။ ပုဆိုးဝယ်ပေးလည်း ထမီလိုပဲ ၀တ်တာလေ။ ငယ်ငယ်လေးဆိုတော့ အမေနဲ့အဖေက ဘာမှ မပြောဘူး။ အလိုလိုက်ထားတာ။ ၁၀-နှစ်သားလောက်အထိ အဲလိုပဲ နေခဲ့တာ။ နောက်မှ အမေနဲ့အဖေက ပုဆိုးဝတ်သလို ၀တ်ဘို့၊ ယောက်ျားလေး တစ်ယောက်လို နေဘို့ သင်ပေးရတာ။ ကိုမြင့်သိန်းကိုလည်း ယောက်ျားလို့ပဲ ခေါ်ခဲ့တာ။ အဲဒီခေါ်လိုက်ရမှ လေးလေးနက်နက် ရှိတာ။ သားတွေ သမီးတွေကိုလည်း သားလို့ သမီးလို့ပဲ ခေါ်ခဲ့တာ။ ဖိနပ်ဆိုလည်း ယောက်ျားလေး ဖိနပ်ဆို မစီးတတ်ဘူး။ ကိုရင်ဖြစ်တော့တောင် မစီးတတ်ချင်သေးဘူး။ ခုနောက်ပိုင်းမှ နည်းနည်း နေသားကျလာတာ။ ကိုမြင့်သိန်းက သူ့မိန်းမ ရွှေမိ သေသွားတော့ စိတ်သောက ရောက်ပြီး အရက်တွေ သောက်ခဲ့တာလေ။ အရက်သမားကြီးကို ဖြစ်လို့။ ကိုရင်လူပြန်ဖြစ်မှ နည်းနည်းခြင်း ပြန်ဖြတ်တာလေ။ ကိုရင်မြို့ရောက်ပြီး ၂-နှစ်လောက်ကြာမှ ဆုံးသွားတာ။ အရက်ဒဏ် ကြောင့်လေ။ ကိုမြင့်သိန်းဆုံးတယ်ကြားတော့ ကိုရင် စားမ၀င် အိမ်မပျော်ဘူး။ ငိုခဲ့ရသေးတယ်။ ဘာမှန်းလည်း မသိဘူး။ ၀မ်းနည်းပြီး ငိုနေမိတာ ၂/၃ ရက် ကြာတယ်။ ငယ်ငယ်က ကိုရင့်ကို လက်ကိုင်ပုဝါတစ်ထည် ၀ယ်ပေးတာလေ။ ခုထိ အဲဒီလက်ကိုင်ပ၀ါက ရှိသေးတယ်။ ထမီနဲ့ ဆွဲကြိုးလည်း ရှိသေးတယ်။ ဒါက ကိုရင့်အကြောင်း။ နောက်ပြီး လူတစ်ယောက် အကြောင်းကို ပြောပြအုံးမယ်။
ကိုရင်တို့ ရွာမှာပဲ။ သိန်းအောင်ဆိုတဲ့ လူတစ်ယောက်ရှိတယ်။ အလှူဒါနတော့ တော်တော်လုပ်တဲ့ လူ။ လူပျိုကြီး။ ရွာမှာတော့ စီးပွားရေးတော်တော် ကောင်းတဲ့ လူတစ်ယောက်ပေါ့။ ဘ၀ဇာတ်သိမ်းကတော့ သိပ်မကောင်းရှာဘူး။ AIDS ရောဂါနဲ့ ဆုံးသွားတာလေ။ သူက သေပြီး ၃-နှစ်လောက်ကြာမှ လူပြန်ဖြစ်တာ။ ခုဖြစ်လာတော့ မိန်းကလေး။ ကိုရင်တို့ရွာမှာ လူဝင်စား ဟုတ်မဟုတ် စမ်းသပ်တဲ့နည်းတစ်ခုရှိတယ်။ ဒကာမကြီးတစ်ယောက်က စမ်းသပ်ပေးတာ။ ကလေးမွေးပြီး လူဝင်စားဟုတ်မဟုတ် သိချင်ရင် အဲဒီ ဒကာမကြီးကို သွားရတယ်။ ဒကာမကြီးက ကလေးကို ပုခက်ထဲ ထည့်လိုက်တာ။ လူဝင်စားဖြစ်တာ မှန်ရင် ဘယ်သူပဲ မမ။ အဲဒီပုခက်ကို မ-လို့ မရဘူး။ လူဝင်စား မဟုတ်ဘူးဆိုရင်တော့ မ-လို့ ရတယ်။ ကိုသိန်းအောင် မွေးလာတော့ အရင်ဘ၀က အမှတ်က လက်မောင်းမှာ ပြန်ပါလာတာလေ။ သိသိသာသာကြီးပဲ။ အဲဒါကြောင့် လူဝင်စားဟုတ်/မဟုတ်။ မ- ကြည့်ကြတာ။ ကိုရင်ကိုယ်တိုင် မ- ကြည့်ခဲ့တာ။ မ- လို့ မရဘူး။ ဘယ်လို မမ မရဘူး။ ပုခက်က ပေါ့ပေါ့လေးပဲ။ မလေးဘူး။ လူဝင်စား မဟုတ်ဘူးဆိုရင် အသားလေး မ-လိုက်ရုံနဲ့ ရတယ်။ လူဝင်စားဆိုရင် ဘယ်သူ မမ မရဘူး။ အရင်ဘ၀က ကိုသိန်းအောင်က သူများ သား/မယားကို ပစ်မှားခဲ့လို့ ဖြစ်မယ်။ သေတော့လည်း နာမည်ဆိုးနဲ့သေရတယ်။ ခု လူပြန်ဖြစ်တော့လည်း မိန်းကလေး ဖြစ်ရတာ။ ( မိန်းကလေးတွေက ယောက်ျားလေးဖြစ်ဘို့ တော်တော်ကို ခဲယဉ်းသည်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘ၀ကို သာယာတတ်မက်တတ်တဲ့ ဘ၀တဏှာဆိုတာ ရှိနေလို့ပါပဲ။ အဲဒီ တဏှာမပြတ်ရင် ယောက်ျားလေးဖြစ်ဘို့ မလွယ်ပါဘူး၊ ပြီးတော့ ယောက်ျားလေးတွေက သူ့သား/ မယား ပစ်မှားတာတွေ များလာကြတော့ ကံတရားရဲ့ စီမံမှု့ကြောင့် ယောက်ျားဘ၀ ရောက်ဘို့ ခဲယဉ်းပြန်တယ်၊ ပြန်ဖြစ်ခဲ့ရင်လည်း ယောက်ျားစင်စစ် ဖြစ်ခဲတယ်၊ ယောက်ျားကိုယ်နဲ့ မိန်းမစိတ် ဖြစ်တတ်တယ်၊ တွေးကြည့်ရင်တော့ နောက်ပိုင်းခေတ်မှာ ယောက်ျားစင်စစ်တွေ ဈေးတက်မယ်/ ဈေးကောင်းမယ် ဆိုတာ ဖြစ်နိုင်တယ်နော်၊ ခိခိ၊ တွေးကြည့်မိတာလေးပါ)။ အဲဒါကို သိလိုက်တော့ အရမ်းကို ကြောက်လန့် သွားခဲ့တာ။ ကံတရားရဲ့ အလှည့် အချိုး အကျိုးပေးပုံတွေကိုပေါ့။ ကိုသိန်းအောင်နဲ့ ယှဉ်ရင်တော့ ကိုရင်ကတော်သေးတာပေါ့။ ဒီဘ၀မှာ ယောက်ျားလေး ဘ၀ကို ရခဲ့တယ်လေ။ (ကိုရင် ပြောပြသွားတဲ့ စကားတွေပါ)။
“ဒကာ.. ရေ၊ ကံနဲ့ ကံရဲ့ အကျိုးကိုတော့ ယုံပါ။ ပြီးတော့ ဒီဘ၀ နောင်ဘ၀ရှိတယ်ဆိုတာလည်း ယုံပါ။ ကံနဲ့ ကံအကျိုးကို ယုံပြီးရင် ငါးပါးသီလကိုတော့ လုံအောင် စောင့်ထိန်းပါ။ စေတနာနဲ့ ပြောတာပါ”။
“မှန်ပါ။ ခုလို ပြောပြတဲ့ ကိုရင့်ကိုလည်း ကျေးဇူးတင်လို့ မဆုံးနိုင်ပါဘူးဘုရား၊ ကိုရင်ရော ခု အရင်ဘ၀တွေကို ပြန်သတိရမိတုန်းပဲလား”။
“မိုးရွာရင် မိုးအုံ့ရင် သူ့အလိုလို သတိရလာတတ်တယ်၊ တွေးကြည့်စရာ မလိုဘူး”၊
“အော် …၊ ဒါဆို ဦးမြင့်သိန်းကိုလည်း သတိရ နေမိတုန်းပေါ့”၊
“အင်း…………” (မျက်နှာလေး ငုံ့လို့၊ တော်တော် ရှက်နေပုံပဲ)။
“ဟီးးးးးးးးး ကိုရင်ကတော့ ……..အားမရသေးဘူး ထင်တယ်”။
“ဟာ…… ဗျာ”။ (ဆွမ်းအရင် လောင်းထားလို့ တော်သေးသည်။ ကိုရင်က ဘယ်လို သဘောမျိုးကို တွေးမိလိုက်သည် မသိ၊ ရှက်ရှက်နဲ့ အမြန် ပြန်ကြွသွားသည်)။ ကိုရင်ပြောပြတဲ့ အဖြစ်အပျက်လေးတွေကို ပြန်ကြားယောင်ရင်း သံယောဇဉ်တရားရဲ့ ခိုင်မာပုံ စွဲလန်းစိတ်ရဲ့ ကြီးမားပုံတွေ တွေးရင်း ကြက်သီးမွှေးညှင်းထမိသည်။ ပြီးတော့ ကံတရား နောင်ဘ၀ ။ ဟိုတွေး ဒီတွေးနဲ့ ကျွန်တော့် စိတ်ထဲမှာ ………….
ကိုယ်ပြုလုပ် ထား၊
ကံတရား ကား၊
ကိုယ့်နား မခွါ၊
လိုက်နေပါ ၏။
မီကာ ကိုက်စား၊
သမင်နောက်ပါး က၊
ခွေး အလားသို့-- ဟု
ကဗျာလေးကို စပ်ဆို မိရင်း…….
အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း