ဒီနေ့ အလုပ်စောစောသိမ်းပြီး ပြန်လာတော့ ညနေလေးနာရီခွဲလောက် ရှိနေပြီ.... လမ်းမှာ ကျောင်းစိမ်းပုဆိုးတွေ
ပိုသီဖတ်သီနဲ့ သားကြီးတို့ အုပ်စု ကျောင်းသားလေး ငါးယောက်ကို တွေ့လိုက်ရတယ်။ ပုဆိုးကွင်းသိုင်းထားတာလည်းတွေ့ရတယ်၊ ဖြစ်
သလို တိုနံ့နံ့ ၀တ်ထားတာလည်း တွေ့ရတယ်...၊ အင်္ကျီ အဖြူတွေလည်း နီကြောင်ကြောင်ဖြစ်နေပြီ...၊ လွယ်အိတ်တွေကိုလည်း ဖြစ်
သလိုလွယ်သူကလွယ်၊ လွယ်အိတ် ကြိုးစကို စုချည်ပြီး ထမ်းသူကထမ်း၊ မျက်နှာမှာလည်း ချွေးတွေ စီးကျနေကြတယ်...။ အင်း...
သားကြီးတို့ ကျောင်းမှာ လုပ်အားပေးလုပ်ခဲ့သလား... ဒါမှမဟုတ် ဘောလုံးကန်နေကြသလားပဲ....။
ဆိုက်ကားကို ထိုးရပ်ရင်း... `` သားကြီး.. ချွေးတွေနဲ့ပါလား... လာ..လာ တက်ကြ... ´´ စကားမဆုံးလိုက်
``ဝေး.....´´ ဆိုတဲ့ အသံနဲ့အတူ ရှေ့မှာနှစ်ယောက်၊ နောက်မှာ နှစ်ယောက်တက်ထိုင်လိုက်ကြတယ်.. သားကြီးကတော့ ကျွန်တော့်
အနောက်က ကယ်ရီယာခုံလေးမှာ တင်ပါးလွှဲလေးဝင်ထိုင်လိုက်တယ်...။
`` မနက်ဖြန် ကျောင်းပိတ်တယ် ဖေဖေ.. အခုသားတို့ ဘောလုံးကန်ပြီး ပြန်လာတာ.. ဟဲဟဲ´´ မဲပြောင်နေတဲ့
အသားအရောင်၊ ချွေးတဒီးဒီးကျနေတဲ့ သားကြီးရဲ့ အပြုံးက ကျွန်တော့်အတွက်တော့ အမောပြေဆေးပါပဲ။ ကျွန်တော်လည်းသားကြီး
ကို ပြန်ပြီး ပြုံးပြဖြစ်ခဲ့တယ်...။ လူအနေဆင်းရဲပေမဲ့ သားကြီးတို့ ဒီလိုသူငယ်ချင်းတွေနဲ့ ကျောင်းတက်၊ အားကစားလုပ်ပြီး အများ
နည်းတူ ပျော်နေတာကို ကျေနပ်နေမိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အားကစားကို နှစ်သက်ပါတယ်၊အခွင့်မသာလို့သာ။
ကျွန်တော် ကိုယ့်အတွေးနဲ့ ကိုယ်ဆိုက်ကားလေးနင်းပြီးထွက်လာခဲ့တယ်။ သားကြီးတို့ သူငယ်ချင်းတစ်သိုက်
ကတော့ ဆိုက်ကားစီးရလို့ ပျော်ရွှင်နေကြတာပဲ...။ အအေးဆိုင်ရှေ့ရောက်တော့ ဆိုက်ကားကိုရပ်လိုက်တယ်၊ ကလေးတွေကတော့
ဘာများလဲ ဆိုတဲ့ အကြည့်လေးတွေနဲ့ ကြည့်နေကြတယ်...။
`` ကဲ... သားတို့ ဆင်းကြ မောလာတယ်။ ဦးဦး အအေးတိုက်မယ်...။ မအေးရေ ဇီးဖျော်ရည် (၅)ခွက် ရေခဲ
မများစေနဲ့နော်... ´´ သားတို့ကိုပြောရင်း အအေးရောင်းတဲ့ မအေးကို တစ်ခါတည်း လှမ်းမှာလိုက်တယ်... အအေးတစ်ခွက် နှစ်ရာ
ဒါပေမဲ့ မအေးက ရေခဲပိုပေးတတ်လို့ ကြိုပြောထားရတာလေ။ သားတို့အုပ်စုက နောက်တစ်ခါ`` ဝေး.......´´ လို့ အော်ပြီး ပြိုင်တူ
ပြေးဆင်းလာကြတယ်...။
`` အာ... ဦးဦး (၅)ယောက်ဆိုတော့ တစ်ထောင် တောင်ကျမှာ... နေ.. နေ... သားပေးလိုက်ပါ့မယ်..´´
လမ်းထိပ်က အရာရှိသားဖြစ်တဲ့ သားကြီးသူငယ်ချင်း ကောင်လေးက အားနာလို့ထင်တယ်...။
`` နေပါ သားရဲ့ ဦးဦး ပေးပါ့မယ်...၊ ငါ့သားတွေနဲ့ ဆုံခဲတယ်ကွ....´´ ပြောရင်း ခေါင်းလေးကို လှမ်းကိုင်
လိုက်တော့ ကောင်လေးက `` ဟုတ်... အားနာလို့ပါ ဦးဦးရဲ့... သားတို့က ၅ယောက်တောင် ဦးဦး ပင်ပင်ပန်းပန်း ရှာထားရတဲ့
ပိုက်ဆံလေးတွေ....´´ ဒီတစ်ခါတော့ ကျွန်တော် ဘာမှ ပြန်မပြောဖြစ်ပဲ ကောင်းလေးကိုငေးကြည့်နေမိတယ်၊ တကယ်ကိုပဲသနား
စရာကောင်းတဲ့သူ ဖြစ်နေပြီလားလို့လည်း သိမ်ငယ်သွားသလိုပါပဲ....။ သားကြီးတို့ကတော့ ပျော်ရွှင်စွာ နောက်ပြောင်ရင်းအအေး
လုသောက်နေကြတယ်...။ သားတို့ အအေးသောက်ပြီးတဲ့အထိ ကျွန်တော် ဘာစကားမှ မပြောဖြစ်တော့ဘူးနဲ့ တူပါတယ်..။
လမ်းထိပ်ကို ရောက်ကာနီးတော့ သားကြီးတို့ရွယ်တူ ကလေးမလေးနှစ်ယောက် ကျူရှင်က ပြန်လာကြ
တယ်ထင်တယ်.. ဆိုက်ကားပေါ်ကနေ ၀ိုင်းအော်ကြတယ်...
`` မပုတင်... မပုတင်....´´
`` ဟေးရောင်... အာကျယ် လိုက်မလား ဆိုက်ကားနဲ့ ပို့ပေးမယ်...´´
`` ဝေး... ဘယ်ညာ... ဘယ်ညာ...´´ ပျော်ရွှင်စွာ စ´ နောက်သံကြားမှ ကျွန်တော် သတိဝင်လာပြီး.. ပြုံး
ဖြစ်ခဲ့သေးတယ်...။ ကောင်မလေးတစ်ယောက်ကတော့ မျက်စောင်းလှမ်းထိုးလိုက်တာ တွေ့လိုက်တယ်... သားကြီးကိုတွေ့မှ ပြန်
ပြီးတော့လည်း ပြုံးပြခဲ့တယ်... ဟုတ်တာပေါ့ အခု သတိထားမိလိုက်တာက ဒီကောင်မလေးတွေကို ၀ိုင်းနောက်နေကြတဲ့ အထဲမှာ
သားကြီး မပါခဲ့ဘူး....။
လမ်းထိပ်ရောက်တော့ ... အရာရှိသားကောင်လေးက ဆင်းသွားတယ်... `` ဦးဦး ကျေးဇူးနော်.. အမြဲ
အဆင်ပြေပါစေ´´ တဲ့...၊ ``ကျေးဇူးပါသားသားရယ်..´´လို့ ပြန်ပြောရင်း သူတို့ အိမ်ရှေ့ကို လှမ်းကြည့်လိုက်တော့ အရာရှိလင်မ
ယားက ပြုံးရင်းကြည့်နေကြတယ်... ကျွန်တော် ရို့ကျိုးစွာ ခေါင်းညိမ့်ပြလိုက်ပါတယ်... သူကလည်း လက်ပြန်ပြခဲ့တယ်...။ ပြီး
တော့ အိမ်ရှေ့တွေရောက်တိုင်း တစ်ယောက်ပြီး တစ်ယောက် ဆင်းသွားကြတယ်...။ ဒီနေ့အတွက် သားကြီးကို သူတို့ပိုပြီး ခင်မင်
ကြတော့မှာပေါ့... သားကြီးရဲ့အဖေ ကျွန်တော်က ဆိုက်ကားနဲ့ တင်လာရင်း အအေးလည်း ၀ယ်တိုက်ခဲ့တယ်လေ... ဘာပဲဖြစ်ဖြစ်
သားကို အကျိုးရှိစေချင်ပါတယ်... ကျွန်တော်ရဲ့ လုပ်ဆောင်ချက်တိုင်းက သားကြီးအတွက် သဲမှုန်လေးတစ်မှုန်လောက် အကျိုးရှိ
ခဲ့ရင်ပဲ ကျွန်တော် ကျေနပ်နေမှာပါ...။
ကျွန်တော် ဆက်ပြီး စဉ်းစားမိခဲ့တယ်... နောက်နှစ်ဆိုရင် သားကြီး အထက်တန်းကျောင်းသားဖြစ်ပြီ....။
နောက်ထပ်နှစ်နှစ် ကြာရင် တက္ကသိုလ်ကျောင်းသား။ အဲဒီအချိန်တွေမှာ သားကြီးနဲ့ သူငယ်ချင်းတွေ ကျွန်တော့်ဆိုက်ကားလေးကို
ဒီလိုပျော်ရွှင်စွာပဲ စီးနေကြဦးမလား....။ နောက်ပြီး လမ်းမှာတွေ့တဲ့ ကောင်မလေးတွေကို တွေ့ရင်ရော... ဒီလိုပဲ နောက်ပြောင်ကြ
ဦးမလား....၊ နောက်ပြီး....
``ကို... မျက်နှာလည်းမကောင်း ထမင်းစားလည်းနည်းနေတယ်... ညနေကတည်းက မေကြည့်နေတာ
ငူငူငိုင်ငိုင်နဲ့ နေမကောင်းဘူးလား ဟင်၊ ဒါမှမဟုတ် အရမ်းပင်ပန်းလာလို့လား...´´ ဇနီးသည်က အနားမှာ ၀င်ထိုင်ရင်း စိုးရိမ်စွာနဲ့
တိုးတိုးလေး မေးလာတယ်...။ မေလေးမျက်နှာကို တစ်ချက်ကြည့်ရင်း ကျွန်တော် စာကြည့်နေ့တဲ့ သားကြီးကို ကြည့်မိလိုက်တယ်
ပြီးတော့... `` သားကြီးတောင်တော်တော်ကြီးလာပြီ မိန်းမရယ်...´´လို့ ပြန်ပြောလိုက်မိတယ်...။
`` အော်... ကိုရယ် စိတ်မပူပါနဲ့ အဆင်ပြေသွားပါလိမ့်မယ်.. သားကြီးက လိမ်မာပြီးသားပါ၊ လိုတာထက်
ပိုပြီး မိဘကို မစာမနာ လုပ်မှာ မဟုတ်ပါဘူး...၊ မေတို့ ချွေတာကြတာပေါ့...´´တဲ့။ မေလေးက သူ့အတွေးနဲ့သူ ပြောလာတော့..
ကျွန်တော် စိတ်ညစ်သွားမိတယ်... ပြီးတော့ မေလေးရဲ့ လက်ကို ဆုပ်ကိုင်ရင်း...
`` မဟုတ်ဘူးမေလေးရဲ့.... စရိတ်ကို ပြောတာမဟုတ်ဘူး... တစ်နေ့နေ့မှာ ချစ်သူရလာလို့ သူ့ အဖေက
ဆိုက်ကားနင်းတယ် ဆိုတာကို သားကြီး ခံနိုင်ရည် ရှိပါ့မလားလို့....´´ ပြောရင်း ကျွန်တော် အသံတိမ်ဝင်သွားတယ် ထင်တယ်..။
ကျွန်တော့်ရဲ့ အားနည်းချက်က သားကြီးအတွက် ဒဏ်ရာတွေမဖြစ်စေချင်ပါဘူး...၊ နောက်ပြီး မိဘကို အပြစ်မြင်မိရင် သားကြီးငရဲ
ကြီးတော့မယ်... ကျွန်တော် ရင်တွေပူလာမိပါတယ်...။ မိန်းမကတော့ ကျွန်တော့်လက်ဖမိုးတွေကို အုပ်ကိုင်ရင်း `` ဒီလိုတော့
ဖြစ်မှာ မဟုတ်ပါဘူး...´´ တဲ့ မေလေးရဲ့ အသံလည်း အားပျော့နေသလိုပါပဲ....။
`` သိပ်သေချာတာပေါ့... မေမေရာ ဒီလိုမျိုး ဘယ်တော့မှ မဖြစ်ဘူး... သားကတစ်ခုပဲ စဉ်းစားတယ်..၊
သား အလုပ်လုပ်နိုင်တဲ့အခါ ဖေဖေနဲ့ မေမေကို ဘယ်လို လုပ်ကျွေးရမလဲလို့..... သိပြီလား....´´ ရုတ်တရက် နောက်ကနေ
ပြောရင်းသားကြီးက ကျွန်တော့်လည်တိုင်ကို သိုင်းဖက်လိုက်တယ်။ လူပျိုပေါက်ဖြစ်နေတဲ့ သားကြီးရဲ့ဝိတ်ကြောင့် ကျွန်တော်
ရှေ့ကို လဲကျမလိုဖြစ်သွားသေးတယ်။ ပြန်ထိန်းရင်း သားကြီးခေါင်းလေးကို အသာဆွဲပြီး ပါးကို တအား ဖိနမ်းလိုက်မိတယ်...
ကျွန်တော်အရမ်းပျော်သွားတယ်ဗျာ... အားတွေလည်း ပြန်ပြည့်လာမိတယ်...။
မေလေးကို လှမ်းကြည့်လိုက်တော့.... ကျွန်တော်တို့နှစ်ယောက်ရဲ့ အပျော်တွေ မေလေး မျက်နှာပေါ်ကို
ရောက်နေပါရော့လား....။ တကယ်တော့ သားသမီးဆိုတာ မိဘတွေအတွက် အစဉ်အမြဲသာနေတဲ့ လ၀န်းလေးတွေပါပဲ....။
ငြိမ်းချမ်းအေးမြတဲ့ မိသားစု ဘ၀လေးများ ပိုင်ဆိုင်ကြပါစေပါဗျာ........။
(ကွန်ဆူးမား)(၂၆-၂-၂၀၁၂)