စာပေလောကတွင် အကျိုးပြုစာပေများအဖြစ် ကဗျာ၊ ဆောင်းပါး၊ ဟာသ၊ ၀တ္ထုစသည်ဖြင့် ရှိကြပါသည်။ ထိုအထဲတွင်မှ သုတနှင့်ရသဆိုင်ရာ စာပေအကြောင်းကို ကျွန်တော် သိရှိသမျှ ဖော်ပြအပ်ပါသည်။
သုတစာပေဆိုသည်မှာ အထောက်အထား အကိုးအကားဖြင့် တင်ပြသော မှတ်သားဘွယ်၊ လိုက်နာကျင့်ကြံဘွယ်၊ အတုယူဘွယ်၊ ဆင်ခြင်ဘွယ်၊ သတိထားဘွယ်ရာများဖြင့် သမိုင်းနှင့် အချက်အလက်ကို ကိုးကားဖော်ပြသော စာပေအမျိုးအစားဖြစ်ပါသည်။ သုတစာပေတွင် အနည်းဆုံး ဗဟုသုတ အသိအမြင် တစ်ခုခုကို ရရှိစေပါသည်။ ထိုစာပေတွင် တိုးတက်ပြောင်းလဲနေမှုများလည်း အချက် အလက်များ (သတင်း အနေဖြင့်) ပါဝင်ပါသည်။ သုတစာပေသည် မည်သည့်အကြောင်းအရာ ဖြစ်စေ... အချက် အလက်နှင့် ရေး သားဖော်ပြရပါသည်။
ရသစာပေ ဆိုသည်မှာကား ခိုင်လုံသော အထောက်အထား အကိုးအကားမရှိပါ....၊ လူတိုင်းနီးပါး ကျင်လည်ကြုံတွေ့နေရသော ဘ၀များ၊ အခြေအနေများ၊ သဘာဝ၏ ဆန်းကြယ်မှု ဖြစ်တည်မှုများကို စာရေးသူ၏ ရှုမြင်နိုင်မှုဖြင့် ရသမြောက်စွာ ခံစားရသည့်အတိုင်း ရေးဖွဲ့ရသော စာပေအမျိုးအစားဖြစ်ပါသည်။ ရသစာပေတွင် ဆန်းသစ်သော၊ သို့တည်းမဟုတ် ရိုးရှင်းသော အတွေးအခေါ်အယူအဆများကို ရရှိစေနိုင်ပါသည်။
ထို့ကြောင့် သုတစာပေသည် အသိအမြင်စာပေဖြစ်ပြီး ရသစာပေသည် အတွေးအခေါ် စာပေ ဖြစ်ပါသည်။
သုတစာပေဟူသည့် အသိအမြင်ဟူသည် သူတစ်ပါး ပြုမူဆောင်ရွက်ထားရှိမှု၊ ရှာဖွေ တွေ့ရှိ မှု၏ အနှစ်သာရ ဖြစ်ပြီး ရသစာပေဟူ သည် ကိုယ်ပိုင်တွေးခေါ် မြင်တွေ့မှု၏ အနှစ်သာရဖြစ်ပါသည်။
သုတစာပေနှင့် ရသစာပေ ပေါင်းစည်းမိခဲ့လျှင် စာပေလောက၏ ဆန်းစစ်မှုတန်ဘိုး တစ်ခုဖြစ်လာပါသည်။ သမိုင်းကို ကိုးကားပြီး အတွေးအခေါ်နှင့်ပေါင်းစပ်မိပါက ထိုတင်ပြမှု အကြောင်းအရာထက် သာလွန်ကောင်းမွန်သော ဆန်းစစ်ချက်တစ်ခုကို ရရှိပါသည်။ လက်တွေ့နယ်ပယ်နှင့် လူသားတို့၏ အကျိုးကို ရရှိ စေပါသည်။ ထိုမှတဆင့် ရောထွေးနေမှုများအား ခွဲခြမ်းစိတ်ဖြာအပ်သော နိုင်ငံရေး သိပ္ပံဘာသာရပ်နှင့် သုတေသနစာတမ်းကဲ့သို့ စာပေများ ထွက်ပေါ်လာပါသည်။
သုတစာပေနှင့် ရသစာပေတို့အား လက်လှမ်းမီသမျှ အောက်ပါ ဥပမာလေးများအား တင်ပြ အပ်ပါသည်။
စတာလင်ဂရက်စစ်ပွဲအကြောင်း (သုတစာပေ)
ဒုတိယကမ္ဘာစစ်တွင် ဂျာမနီတပ်သည် ရုရှားနိုင်ငံသို့ စစ်မကြေငြာဘဲ အငိုက်ဖမ်းကာ ထိုးစစ်ဆင်ခဲ့ သည်။ ရုရှားသမ္မတ စတာလင်သည် ဂျာမာန်တို့၏ ထိုးစစ်ဆင်မည်ကို သိသည့်အတွက် အကောင်းဆုံး တပ်တွေကို ဆုတ်ကာ ခံစစ်ပြင်ခဲ့သည်။ ဂျာမန်တို့သည် ၁၉၄၁ ဂျွန်လ ၂၂ ရက် (22 June 1941) နေ့တွင် Operation Barbarossa စစ်ဆင်ရေးဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ စတာလင်ဂရက်သို့ စစ်ကြောင်း တစ်ကြောင်း၊ လီနင်ဂရက်(အခုအခါ စိန့်ပီတာစဘက်ဟုခေါ်သည်)သို့ စစ်ကြောင်းတစ်ကြောင်းနှင့် ယူကရိန်းဒေသသို့ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်းကြီး ၃ ကြောင်းဖြင့် အလျှင်အမြန် ချီတက် တိုက်ခိုက်ခဲ့သည်။ ဂျာမန်စစ်ဗိုလ်ချုပ်တို့သည် နပိုလီယံ၏ ရုရှားတိုက်ပွဲကို သေချာလေ့လာ ကာ ပြင်ဆင် တိုက်ခိုက်ခဲ့ကြသည်။ ရုရှားဆောင်းရာသီ မ၀င်ခင်ပြီးအောင်တိုက်ဖို့ စီမဲကိန်းရေးစွဲကာ တိုက်ခိုက်ခဲ့ကြသည်။ စစ်ကြောင်း ၃ ကြောင်းလုံး၏ စစ်ဦးစီးချုပ်များသည် ဒေါင်ဒေါင်မြည်များဖြစ်သည်။ စစ်သားများသည်လည်း တိုက်ရေခိုက်ရေအကောင်းဆုံးတပ်များဖြစ်သည့်အတွက် 5 August 1941 တွင် ကာစ်ဒေသနှင့် လီနင်ဂရက် အထိ ရောက်ရှိအောင် တိုက်ခိုက် နိုင်ခဲ့သည်။ စတာလင်ဂရက်စစ်ကြောင်းတွင် ဂျာမန်တို့၏ နာမည်ကျော် စစ်သူကြီးဗွန်မက်စတန် Erich von Manstein (နောင် စစ်သေနာပတိချုပ်ဖြစ်လာသူ) ကိုတိုင် ဦးဆောင်ကာ တိုက်ခိုက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက ကမ္ဘာတွင် ချိုးဖျက်လို့မရဟု နာမည်ကြီးသည့် စီဗာစတိုပိုလ်ခံစစ် (Sevastopol) ကို အံသြသင့်ဖွယ်ချိုးဖျက်ကာ စတာလင်ဂရက်အထိ အပြင်းချီတက်ခဲ့သည်။ စီဗာစတိုပိုတိုက်ပွဲတွင် ဂျာမန်တို့သည် မိမထက် အင်အားကြီးမားသော ရုရှားတပ်နီကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရုရှားတို့၏ ခံစစ်စည်းကို ကျော်ဖြတ်ကာ စတာလင်ဂရက်နှင့် ကော့စ်ဒေသတို့အထိ ဆက်လက်ချီတက်သိမ်းပိုက်ရန် ချီတက်ခဲ့သည်။ သို့သော် အဆိုပါချီတက်နေစဉ် မိုးများအဆက်မပြတ် မိုးရွာသွန်းမှုကြောင့် နှောင့်နှေး ကာ ဆောင်းတွင်းသို့ ၀င်ရောက် သွားသည့်အတွက် စတာလင်ဂရက်၊ လီနင်ဂရက်နှင့် ကောစ့်ဒေသတို့ကို ၀ိုင်းရံ ထားခဲ့ရသည်။ ရုရှားဆောင်း၏ ရာသီဥတုဆိုးရွာမှုကြောင့် ဂျာမန်တို့သည် ထိုးစစ်အကုန် ရပ်တန့်ခဲ့ရသည်။ နွေ ဦးရောက်မှ ထိုးစစ်စတင်နိုင်ရန်အတွက် အချိန်ဆောင့်ခဲ့ရသဖြင့် ရုရှားတို့က စစ်မျက်နှာအသီးသီးတွင် အားဖြည့်နိုင်ရန် အချိန်ရလိုက်သည့်အတွက် ဂျာမန်တို့ စစ်ရှုံးခဲ့ရသည်။ ထိုစစ်ပွဲတစ်ခုလုံးတွင် ရာသီဥတုဆိုးရွာမှုသာမဖြစ်ခဲ့လျှင် ဂျာမန်တို့ မော်စကိုအထိ သိမ်းပိုက်နိုင်မည်မှာ မလွဲပါ။ ဘာဘာရိုဆာ စစ်ဆင်ရေးမအောင်မြင်ရခြင်းမှာ ဂျာမန်စစ်ခေါင်းဆောင်တို့၏ အရည်အသွေး ညံဖျင်းမှု ကြောင့် မဟုတ်ဘဲ ရာသီဥတု၊ ပတ်ဝန်ကျင်အခြေအနေကြောင့် မအောင်မြင် ခဲ့ရခြင်းဖြစ်သည်။ ( Multiply လူနှင့်မူ )မှ
လမင်းလေးသို့... (ရသစာပေ)
လမင်းလေးက သူ့သဘာဝအတိုင်း နေမင်းကြီးရဲ့ အလင်းရောင်တွေကို ရယူပြီးညမှာ... အေး ချမ်းခြင်းတွေ ကို ပြန်လည်ဝေမျှ ပေးရမှာလေ... ဒါမှလဲ လူတွေက လမင်းလေးကို ချစ်ကြမှာပေါ့နော်.....။ ကိုယ်နားလည်လိုက်ပါတယ် လမင်းလေးဆီမှာ....လှပတဲ့ တာဝန်တွေ ရှိနေခဲ့တယ်ဆိုတာကိုပေါ့....။
လမင်းလေး ထွန်းလင်းလာရင်..... မိဘတွေကရင်သွေးငယ်လေးတွေကိုပြပြီး မေတ္တာ ရနံ့တွေသင်းနေတဲ့ ချစ်ခြင်းဖွဲ့တဲ့သံစဉ်တွေနဲ့ ပျော်ရွှင် စွာ ချော့မြူကြ မယ်၊ ကြည်နူးနေကြမယ်....၊ နောက်ပြီး ဘယ်သူ့ကို မဆို.... လှပတဲ့ စိတ်ကူး အေးအေးလေး တွေကို ဖြစ်ပေါ်စေမယ်...၊ ချစ်ကြတဲ့ သူတွေလည်း လမင်းလေးရဲ့ အရိပ်အောက်မှာ ကဗျာ ဆန်ဆန်... ကာရံ လှလှတွေနဲ့ မမေ့ရက်နိုင်တဲ့ချစ်ပုံပြင်လေးတွေ သီဖွဲ့ကြမယ်.....။ အဝေးမှာ ကျန်ရစ်သူတွေကလည်း လမင်းလေးထံမှာ လွမ်းရခြင်းတွေ တိုင်တည်လို့ စစ်မှန်တဲ့ ခံစားချက်တွေကို ရင်ဖွင့်ကြ မယ်နော်......။ နောက်ပြီး လမင်းလေးရဲ့ အလင်းရောင်ကြောင့် ကုမုဒြာကြာ ပန်းလေးတွေလဲ ပွင့်လန်းကြရမယ်... ညမွှေးပန်းရနံ့တွေလဲ သင်းပျံ့ ကြရမယ်....၊ ပါးလျတဲ့ မြူနှင်းတွေကိုလဲ ထိတွေ့ခံစားကြရမယ်..... တရိပ်ရိပ်နဲ့ တလိပ်လိပ်တက်လာတဲ့ရေလှိုင်းနုနုလေးတွေကိုလည်း မြင်တွေ့ခွင့် ရကြမယ်လေ...... ဘာပဲဖြစ်ဖြစ် လမင်းလေးနဲ့ ဆုံတွေ့ရသမျှ အေးချမ်းနေရတာကလဲ အမှန်တရားတွေ ပါပဲနော်....။ (ကွန်ဆူးမား)
စာပေသည် ခေတ်တစ်ခေတ်၏ မှတ်တိုင်ဖြစ်ပါသည်။ စာပေသည် လူမျိုးတစ်မျိုး၏ အသက်သွေးကြောလည်း ဖြစ်ပါသည်။ စာပေသည် အဖိုးမဖြတ်နိုင်သော ရတနာနှင့်လည်း တူပါသည်။ စာပေသည်သမိုင်းတစ်ခု၏ ရှင်သန်နေသော ပုံရိပ်များလည်း ဖြစ်ပါသည်။ စာပေသည် အမှားအမှန်ကို ဝေဖန် ခွဲခြားပေးသော ခုံသမာဓိလူကြီးမင်းနှင့်လည်း တူပါသည်။ စာပေသည် လောက၏ အလင်းရောင် ဖြစ်ပါသည်။
ထို့ကြောင့် စာပေနှင့် တိုင်းပြည်၏အကျိုး၊ လူမျိုး၏ အကျိုး၊ ဘာသာသာသနာ၏ အကျိုးကို မြှင့်တင်ရင်း ယဉ်ကျေးသော ကမ္ဘာကြီးအား တည်ဆောက်ကြပါစို့ ဟု တိုက်တွန်းလျှက်........
(ကွန်ဆူးမား)(၂-၃-၂၀၁၃)