ကမ္ဘာမြေ အတွက် အကောင်းနဲ အဆိုး ဒွန့်တွဲလျှက်ရှိခြင်းသည် လောက သဘာဝ တစ်ခုပင် ။
လူ့ ဘ၀ အတွက် ပြုံးစရာ နဲ့ မဲ့ စရာ တွဲလျှက် ရှိနေခြင်းသည် လောက နိယာမ တစ်ခုပင် ။
ထို့ အတူ လူ့၏ စိတ်စေရာတွင်လဲ ကုသိုလ်စိတ်နှင့် အကုသိုလ်စိတ် တွဲလျက် ရှိခြင်းသည် မွေးရာပါ ဇာတိ တစ်ခု ပင် ဖြစ်ပေသည် ။
ဗုဒ္ဓဘာသာ ၀င်များအတွက်တော့ ကုသိုလ် တရားသည် ချစ်ခင်နှစ်သက်အပ်သော အဆွေခင်ပွန်းကောင်းမည်၏ ။
အကုသိုလ်တရားက တော့ ရှောင်နိုင်သ၍ ရှောင်သင့်သော လူဆိုးလူမိုက်ကြီးပင်ဖြစ်သည် ။
မနေ့က စာအုပ်တစ်အုပ်တွင် ကျမ ဖတ်မိသည်မှာ ...
လူ၏ စိတ်တွင် စိတ်နှစ်မျိုးသာ ဖြစ်ပေါ်လေ့ရှိသည် ။ တစ်ခုက ကုသိုလ် ဖြစ်၍ နောက်တစ်ခုက အကုသိုလ် စိတ်ဖြစ်သည် ။ ကုသိုလ်ရော အကုသိုလ်ရော မပါသော ကြားစိတ်ဆိုသည် ဖြစ်ရိုးထုံးစံမရှိ ။ လုံးဝ မရှိသည် ဟု ဖတ် ၊ မှတ် မိသည် ။ ထိုစကားလုံးသည် ကျမရင်ထဲ နက်နက်နဲနဲ စိမ့်ဝင်သွားခဲ့ပါသည် ။
ဘာကြောင့်လဲ ဆိုတော့ ...
စိတ် ဆိုသည် ရှေ့စိတ်ပျက်ပြီရင် နောက်စိတ် အစားထိုးသည် ။ ရှေ့စိတ်ပျက်လိုက် နောက်စိတ်အစားထိုးလိုက် ရှိနေခြင်းကြောင့် အသက်ရှိနေခြင်းဟု ခေါ်ခြင်းဖြစ်သည် ။ ရှေ့စိတ်ပျက်ပြီး နောက်စိတ် အစားမထိုးတော့လျှင် သေဆုံးသွားမည် ဖြစ်ပါသည် ။ ထိုကဲ့သို့ စိတ်ရဲ့ ဖြစ်စဉ် အရ အမြဲတမ်း ဖြစ်လိုက် ၊ ပျက်လိုက် ၊အစားထိုးလိုက် လည်ပတ် နေမူသည် လူ၏ ဘ၀ ပင်တည်း ။ ထို ဘ၀ တွင် စိတ်သည် ကုသိုလ် နှင့် အကုသိုလ် စိတ်တို့သာ တလစပ်ဖြစ်၊ ပျက်နေကြသည် ဟု သိလိုက်ရတော့ ကျမ စဉ်းစားကြည့်မိသည် ။ တနေ့တာတွင် ကုသိုလ် စိတ် ဘယ်လောက်ဖြစ်၍ အကုသိုလ်စိတ် မည်မျှ ဖြစ်သနည်း ။
လူတို့သည် အာ၇ုံဖြင့် အသက်ရှင်နေကြသည် ။ တ၇ားသဘော ဖြင့် ပြော ၇လျှင် ဒွါရ ခြောက်ခုဖြင့် အာရုံ ခံစားကြသည် ။ ထို့မှ ဖြစ်ပေါ်လာသော ခံစားမူသည် ဝေဒနာ ဖြစ်သည် ။
ဒွါရခြောက်ခုမှာ ..
မျက်စိ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ် ၊စိတ် တို့ဖြစ်ကြသည် ။ ထို ခြောက်ဒွါရ ဖြင့် အဆင်း ၊အသံ၊ အနံ.၊အရသာ၊ တွေ့ထိစရာ ၊ ကြံတွေးစရာ များနှင့် တိုက်သောအခါ ခံစာမူ ဝေဒနာ ၊သညာ ၊ ဥပါဒါန်တို့ ဖြစ်ပေါ်လာသည် ။ ထိုဖြစ်ပေါ် ခြင်းမှ အကုသိုလ်စိတ် များကို ဖြစ်ပေါ်စေပါသည် ။
ခံစားမူဝေဒနာတွင် နှစ်သက်မူ (သုခဝေဒနာ) ၊ မနှစ်သက်မူ(ဒုက္ခဝေဒနာ )၊ ပျံ့လွှင့်မူ ( မောဟ ) ဟူ၍ သုံးမျိုး ဖြစ်ပေါ်လေ့ ရှိသည် ။
အရင် သုခဝေဒနာကို ပြန်ခွဲကြည့်ပါလျှင် ...
နှစ်သက်မူ ဖြစ်ပြီ ဆိုပါလျှင် လိုချင်မူ (လောဘ ) ဖြစ်မည် ။ မရလျှင် (ဒေါသ) ဖြစ်မည် ။ ရပြီလျှင် မတည်မြဲခြင်း ကြောင့် (သောက ) စိုးရိမ်ပူပန်နေရမည် ။ ထို စိတ် များသည် အကုသိုလ်သို အနွယ်ဝင်များပင်ဖြစ်နေတော့သည် ။
နောက် ဒုက္ခဝေဒနာ ကို ကြည့် ပြန်လျှင် လဲ ..
မနှစ်သက်ဖူး ဆိုထဲက စိတ်အမျိုးအမည် ခွဲမရအောင်သာ များပြားသော စိတ်များ ဖြစ်လာမည် ။ ထိုစိတ်များသည် အကုသိုလ် စိတ် ဆိုကို ပြောစရာပင်မလိုတော့ပါ ။
နှစ်သက်ခြင်း ၊ မနှစ်သက်ခြင်း မရှိ (မောဟ ) ကိုလဲ ဘုရားရှင်က အကုသိုလ် ဟု ဟော ပြထားခဲ့ပါသည် ။
ကျမတို့လို့ ပုထုစဉ် များအတွက် အကုသိုလ် ပြီး ၊အကုသိုလ် ထပ်နေသည်ကို စဉ်းစားမိရင် ရင်မော မိပါသည် ။
ပြုံးစရာ နဲ မဲ့စရာ ဘယ်ဟာကို ရွေးကြမလဲ ဆိုပါလျှင် လူတိုင်းပဲ အပြုံးကို နှစ်သက်ကြမည်သာ ။ ကျမလဲ ပဲ အပြုံးမျက်နှာဖြင့် ဘ၀လမ်းကို လျှောက်လှမ်းချင်ပါသည် ။
တွေး ပြီး မဲ့စရာ တွေ များနေသည့် ဘ၀ ကြီးအတွက် အားငယ်လှပါသည် ။ အနာသိ ဆေး၇ှိ ဆိုသလိုပဲ ၊ ထာဝရ ပြုံးနေနိုင်ရန်အတွက် ကုသိုလ် တရားများလာအောင်ကြိုးစားရမည်သာဖြစ်သည် ဟု တွေးတော့ ဆင်ခြင်မိပါသည် ။
ကုသိုလ် တရားသည် ကိုယ့် အတွက်လဲ ပြုံးစရာ ၊ သူတပါးအတွက်လဲ ပြုံးစရာပါပဲ ။
အကုသိုလ်ရဲ့ ဆန့်ကျင်ဘက်သည် ကုသိုလ်ဆိုပါလျှင် ရှေ့ကဖော်ပြခဲ့သည် အကုသိုလ်စိတ်တို့၏ ဆန့်ကျင်ဘက်သည် ကုသိုလ်စိတ် ဖြစ်မည်သာ တည်း ။
အလောဘ ၊ အဒေါသ ၊ အမောဟ တရားတို့သည် ကုသိုလ်စိတ်ကို ဖြစ်စေမည် ။
အလောဘသည် ဒါန ဖြင့် ရယူနိုင်ပါသည် ။
ဒါန ပြုခြင်းဖြင့် လောဘ ကို နိမ်နင်း ၍ ကုသိုလ် ယူနိုင်သည် ။
အဒေါသ သည် သီလဖြင့် ရယူနိုင်ပါသည် ။
သီလ စောင့်ထိန်းခြင်းဖြင့် ဒေါသ စသော စိတ်ယုတ်ကို နှိမ့်နင်းနိုင်ပေသည် ။
အမောဟ သည် ဘာဝနာ ဖြင့် ရယူနိုင်ပါသည် ။
တွေဝေ ၊ပျံ့လွင့်သော စိတ်တို့ကို မိမိနှစ်သက်ရာ ဘာဝနာ ပွားခြင်း နှိမ့်နင်းနိုင်ပါသည် ။
ကျမတို့ ဘုရားရှင်က အနာရောဂါသည် ကျမတို့အတွက် ဆေးစွမ်းကောင်းကို ဖော်စပ်ပေးခဲ့ပါသည် ။
ကိုယ့်မှာ ဖြစ်တဲ့ အနာက ဘာအနာ လဲ ဆိုတာကို ကိုယ်တိုင်သိမှ အနာပျောက်ရန် ဆေးကို အဆင်ပြေသလို သောက်လိုရမည်ဖြစ်သည် ။
ထိုကြောင့် မွေးရာပါ ခဏအစဲ ဖြစ်၊ ပျက်နေတဲ့ စိတ် ကို အကုသိုလ်ကင်းနိုင်ရေးအတွက် ဒါန ၊သီလ ၊ဘာဝနာ တို့ကို အသိ၊ သတိ တို့ဖြင့် ပယ်သတ် နိုင်ပါသည် ။
ကိုယ်၌ ဖြစ်သော စိတ်တို့ကို ကုသိုလ် စိတ်အဖြစ် ပြောင်းလဲ ခြင်းဖြင့် သံသရာ၏ ခဏတာ တစ်ဘ၀အတွက် ပြုံး ပျော် ပြီး ၊ သံသရာ အတွက် အထုပ် အပိုးပြင်ဆင်ပြီး ဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်းပေးပါသည် ။
ခင်မင်လေးစားလျှက် ...
ဆန္ဒမွန်ဖြင့်
မှုံနံ.သာဖြူ