ရွှေမြို့တော် ချစ်သူငယ်ချင်းလေးများ ကြီးကြီးသေးသေး သူငယ်ချင်းလေးများ မင်္ဂလာပါရှင့်
ကျွန်မ မမမေ စာမရေးဖြစ်တာ ကြာပါပြီ။ ဒီပို့စ်လေးက ကျွန်မရဲ့ (၄၉) ခုမြောက်ပို့စ်လေးပါ။
ဆရာမကြီးစတိုင်နဲ့ပြောရရင်တော့ ကျွန်မ မမမေ အချစ်၊ အလွမ်း၊ အနွမ်း၊ အမုန်း၊ သဲသဲလှုပ်ချစ်ခြင်းတွေကို ခဏပဲ စိတ်ဝင်စားလို့ရပါတယ်။ ကျွန်မ မမမေ အစဉ်တစိုက် စိတ်ဝင်စားတာက ……………. နိုင်ငံရေး၊ ပညာပေးနဲ့ ဗဟုသုတတွေပေါ့။ (စကားချပ်။ စကားကြီးစကားကျယ်ပြောခြင်းပါ)
ကဲ ပြောနေကြာပါတယ်။ ကျွန်မ မမမေရဲ့ မရေးဖြစ်တာကြာပြီဖြစ်တဲ့ (၄၉) ခုမြောက် ပို့စ်လေးကို စတင်တော့ မယ်နော်။
ဖြစ်ပုံက ဒီလိုပါ။
ဒီနေ့ (၇-၃-၂၀၁၃) ရက်နေ့ ကျွန်မတို့ရုံးမှာ ဟောပြောပွဲလေးတစ်ခု လုပ်ပါတယ်။ ထုံးစံအတိုင်း ကျွန်မ မမမေ စောစောရုံးလာ၊ ပြင်ဆင်စရာရှိတာပြင်ဆင် (ဟောပြောပွဲအတွက် Projector ပြင်ဆင်မှုကိုတာဝန်ယူထားရလို့) ဟောပြောရင် အဆင်ပြေစေမယ့် ပစ္စည်းတွေ ကြိုတင်ထုတ်၊ (Computer, Projector) တွေပေါ့။ အောက်ခြေသိမ်း အလုပ်တွေပေါ့။ ထားပါတော့လေ။ ဒါကကိုယ့် အလုပ်ကိုး။
ဟောပြောပွဲက “ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ဟောပြောပွဲ”
ဟောပြောမယ့်နေရာက တက္ကသိုလ်က ခန်းမတစ်ခု
“မြန်မြန် ခန်းမထဲဝင်ပြီး လက်မှတ်ထိုးရအောင်ကွာ၊ ပြီးရင် ပြန်လစ်ရမယ်”
“မင်းက ဘယ်သွားမလို့လဲ။ ဒီနေ့ တီချယ်လည်း အတန်းမ၀င်ဘူးလေ”
“Canteen မှာ ဘော်ဒါတွေနဲ့ ချိန်းထားလို့”
ကျွန်မ နားပင် ကျွန်မ မယုံနိုင်။ တကူးတက လာဟောတဲ့ ဟောပြောပွဲကို လက်မှတ်ထိုးပြီး လစ်မယ်တဲ့။ အလုပ်ကြီး အကိုင်ကြီးက ကင်န်တင်းမှာ သူငယ်ချင်းတွေနဲ့ ချိန်းထားလို့တဲ့။
ကြားလိုက်တာ ကျွန်မ နားပင်ဟုတ်ပါလေစ။
“အလကားတွေပါဟာ။ အိပ်ငိုက်ရအုံးမယ်။ စိတ်ဝင်စားစရာမကောင်းလောက်ဘူး”
“အင်တာနက်ဆိုင်သွားတာမှ Chatting ပွားလို့ရအုံးမယ်”
လာပြန်ပြီ နောက်တစ်မျိုးရယ်။
ဒီအသံတွေ ကြားနေတာ။ ကျွန်မတို့ နိုင်ငံ။ ဒီလို အတွေးတွေ ရှိနေတာ ကျွန်မ တို့ မြန်မာနိုင်ငံမှ ဟုတ်ပါလေစ။
မယုံမရဲနဲ့ ဟုတ်ပါသည်။ သေချာပါသည်။ အိပ်မက်များမက်နေသလား။ မဟုတ်လောက်ပါဘူးလေ။ ကျွန်မ ကြားသည်မှာလည်း အမှန်၊ ဒီတော့ တွေးကြည့်သည်
တကယ် မလိုအပ်ဘူးလား။ ဘာလို့ မလိုအပ်တာလဲ။ အကြောင်းပြချက်က သိပြီးသား ဖြစ်နေလို့လား။
ဟင့်အင်း။ မဟုတ်ပါ။ လုံးဝ မဟုတ်ပါ။
မသိကြလို့လည်း ဆိုင်ကယ်ခြင်း မျက်နှာချင်းဆိုင်တိုက်တာ ပွဲချင်းပြီးသေတယ်။
ကားနဲ့ ဆိုင်ကယ် ၀င်ကျုံးတာ ကြေမွသွားတယ်။
မနေ့တနေ့ကမှ ဆိုင်ကယ်မှောက်တာ ၈ ချက်ချုပ်လိုက်ရတယ်။
လမ်းဖြတ်ကူးရင်း ယာဉ်တိုက်မှုဖြစ်တာ ဒုက္ခိတ ဖြစ်သွားတယ်။
အို……….ပြောရမယ်ဆိုရင် မဆုံးနိုင်ပါ။ ဒါတွေဟာ လမ်းစည်းကမ်း သိလို့ဖြစ်တာလား။ မသိလို့ဖြစ်တာလား၊ သိရဲ့နဲ့ မလိုက်နာလို့ ဖြစ်တာလား။ မသိလို့ မလိုက်နာမိတာလား။
လားပေါင်းများစွာ စီလို့ ရီလို့။
ကလေးတွေ လူငယ်တွေမှာ ဟောပြောပွဲတစ်ခုကို နားထောင်ဖို့ ဘာလို့ ဒီလောက်တောင် တွန့်ဆုတ် နေရတာလဲ။ စဉ်းစားလေ စဉ်းစားလေ ထပ် စဉ်းစားစရာတွေ ဖြစ်လာပြန်ရော။
တကယ်တော့ စည်းကမ်း ဆိုတာကို တန်ဖိုးမထားကြလို့ဆိုတာ ထင်းကနဲ ပေါ်လာပါပြီ။ စည်းကမ်းကို တန်ဖိုး မထားတတ်အောင် ဘယ်သူတွေက သိမ်းသွင်းပြီး ဖျက်ဆီးခဲ့တာလဲ ? ဒါကိုတော့ စာဖတ်နေတဲ့ မိတ်ဆွေရဲ့ ကိုယ်ပိုင် အတွေးလေးနဲ့ပဲ တွေးလိုက်ပါတော့။
ကျွန်မ မမမေ ဆက်ပြောချင်တာက
စည်းကမ်း ဖောက်လို့ ဟောပြောပွဲကို လစ်ထွက်တယ်။
ဟောပြောပွဲကို လစ်ထွက်တော့ ဟောပြောတဲ့ ယာဉ်စည်းကမ်းကို မသိတော့ဘူး။
ယာဉ်စည်းကမ်းမသိတော့ ယာဉ်စည်းကမ်း မလိုက်နာဘူး။
မလိုက်နာတော့ မဖြစ်သင့်တဲ့ ဆုံးရှုံးမှုတွေ တန်းစီဖြစ်တယ်။
ဒီလိုဖြစ်လို့ စစ်တမ်းကောက်ပြီး ပြန်ဟောပြောပြန်တယ်။
ဟောပြောတော့ လာနားထောင်ပေးပါဆိုတဲ့ ကျောင်းက ခေါ်ယူတဲ့ စည်းကမ်းကို ထပ်ဖောက်တယ်။
ဂျာအေးကို သူ့အမေရိုက်ရင်း လုံးလည်ချာလည်လိုက်နေတော့တာပေါ့။
ကျွန်မ မမမေ အဓိက ပြောချင်တာက
ဖောက်ဖျက်နေတာ စည်းကမ်း
လိုအပ်နေတာ စည်းကမ်း
ဒါဆို အဓိက အရေးကြီးတာက
ကျောင်းမှာဖြစ်ဖြစ်။ ရုံးမှာဖြစ်ဖြစ်။ အိမ်မှာပဲဖြစ်ဖြစ်။ လမ်းမှာပဲဖြစ်ဖြစ်
ကဲ နောက်ဆုံး ကုန်ကုန်ပြောမယ်။ အင်တာနက် Website တစ်ခုမှာပဲဖြစ်ဖြစ်ပေါ့။ သူ့မှာ ချမှတ်ထားတဲ့ စည်းကမ်း ကိုယ်စီရှိကြတယ်။
ဒီစည်းကမ်းတွေကို လိုက်နာရင် ဘယ်လိုအဖြစ်ဆိုးမျိုးမှ မကြုံနိုင်ဘူးပေါ့။
ဥပမာ ကျွန်မ ကိုယ်တွေ့တစ်ခုနဲ့ ပြောပါ့မယ်။
အပြင်လောကမှာ မဟုတ်ဘဲ အင်တာနက် အွန်လိုင်း Website တစ်ခုထဲမှာပါ။ ကျွန်မ မမမေ ချက်ရွန်းဝင်ဖြစ် တယ်။ အဲ့မှာစတာပဲ။
ချက်ရွန်းစည်းကမ်းကို မသိလေတော့ ကျွန်မလည်း အဲ့ဒီချက်ရွန်းထဲမှာ အပြင်ဆိုက်တစ်ခုရဲ့ Link ကို ပေးလိုက်မိတယ်။
စွာပဲစွာတာလား။ စည်းကမ်းပဲကြီးတာလား မသိတဲ့ Admin ကြီးတစ်ယောက်က စဟောက်ပါတော့တယ်။ အစကတော့ ကျွန်မလည်း ဘာဖြစ်လို့ ဟောက်မှန်းမသိဘူး။
“မင်း စည်းကမ်းမရှိလှချည်လား။ လူဆိုတာ စည်းကမ်းရှိမှ တန်ဖိုးရှိတာကွ”
ဘာရမလဲ ကျွန်မ ကလည်း ခပ်တည်တည်ပဲ
“ဘာလုပ်မိလို့လဲ”
“မင်း ဒီလောက်မှ မသိရင် ချက်ရွန်းဝင်မနေနဲ့ ချက်ရွန်းဝင်ရင် ချက်ရွန်းစည်းကမ်းလိုက်နာရတယ်ကွ။ တောက်”
“အန်။ ဘာဖြစ်လို့လဲ။ အရင်ပြောမှ သိမှာပေါ့။ စွတ်ဟောက်တာပဲ”
“အေး မသိရင် မှတ်ထား။ ချက်ရွန်းမှာ အပြင်ဆိုက်ဖိတ်တာမျိုး။ လင့်ပေးတာမျိုးမလုပ်ရဘူး။ ဒါစည်းကမ်းပဲ”
“အယ် ဟုတ်လား။ မသိလို့ပါ။ တောင်းပန်ပါတယ်နော်။ တကယ်မသိလို့ပါ”
“……..”
ဟုတ်ပါတယ်။ အဲ့ဒါ ကျွန်မ မမမေ ပါ။ ချက်ရွန်းဝင်ရင် ချက်ရွန်းစည်းကမ်းသိရမယ်။ ကျွန်မ စည်းကမ်းချက် အရင်မလေ့လာဘဲ ချက်ချင်တာပဲသိပြီး လျှောက်ပြောမိတဲ့ ကျွန်မ တောင်းပန်ရတော့တာပေါ့။
အဲ့ဒီကစ လို့ ကျွန်မ မမမေ ချက်ရွန်းထဲမှာ အပြင် Link မပေးတော့ပါဘူး။ ဒါလည်း စည်းကမ်းလိုက်နာခြင်း ပဲပေါ့။
အဲ့ဒီကစလို့ အဲ့ဒီ စည်းကမ်းကြီးတဲ့ အက်ဒမင်ကြီးလည်း အလုပ်မရှုတ်တော့ဘူးလေ။
ကဲ ဘယ်လောက်စိတ်ချမ်းသာဖို့ကောင်းလိုက်သလဲ။ သို့ပေမယ့် သို့ပေမယ့်ပေါ့လေ။
စည်းကမ်းသာမလိုက်နာခဲ့ဘူးဆိုရင် ဘာမဟုတ်တဲ့ ကိစ္စလေးကစပြီး ပြသနာမျိုးစုံ ကြုံရနိုင်တာပေါ့။
ဒီနေ့ ဒီနေရာ ဒီပို့စ်လေးနဲ့ အဓိက ပြောချင်တာက
စည်းကမ်းဆိုတာ လူ့တန်ဖိုး ပါ
စည်းကမ်းမလိုက်နာရင်းက အမှိုက်ကစ ပြသာဒ်မီးလောင်းနိုင်သလို တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးလည်း ထိခိုက်နိုင် ပါတယ်။
စည်းကမ်းပျောက်လို့ ထီးနန်းပျောက်တယ်ဆိုတာလည်း ကြားဖူးပြီးသားဖြစ်မှာပါလေ။ အညတရ ဒီက မမမေ မပြောတော့ပါဘူး။
ဒါ့ကြောင့် ဒီလို အဖြစ်မျိုးတွေ မရှိကြဖို့ ကျွန်မတို့ တတ်နိုင်သလောက် ၀ိုင်းဝန်းကူညီကြရအောင်လား
ကိုယ့်ကိုယ်ကို ငါကူညီတာလို့ သဘောထားပြီး
ငါကူညီမှ သာယာမှာပါလားလို့ စိတ်ကြီးဝင်ကြည့်ရအောင်။
စည်းကမ်းမလိုက်နာချင်အုံးတော့…………… ငါကူညီမှ သာယာမယ် ဒါ့ကြောင့် စည်းကမ်းလိုက်နာမယ် ဆိုတဲ့ ငါ့ကိုယ်ငါ အထင်ကြီးစိတ်လေး ၀င်ပြီး ကူညီကြရအောင်လားနော်။
ဒါ့ကြောင့် ကျွန်မ မမမေ ပြောချင်တာက
လမ်းမှာနေရင် လမ်းစည်းကမ်းလေးလိုက်နာရင်း ငါ့ကိုယ်ငါ အထင်ကြီးကြပါ
အိမ်မှာနေရင် အိမ်စည်းကမ်းလေး လိုက်နာပြီး ငါ့ကိုယ်ငါ အထင်ကြီးကြပါ
ဘတ်စ်ကား စီးရင်လည်း ကားပေါ်က စည်းကမ်းလေးလိုက်နာပြီး ငါ့ကိုယ်ငါ အထင်ကြီးကြပါ
နောက်ဆုံး အင်တာနက်ပေါ်တက်ရင်း အွန်လိုင်းကြီးစီးရင် site စည်းကမ်းလေး လိုက်နာပြီး ငါ့ကိုယ်ငါ အထင်ကြီးကြ ရအောင်လားနော်။
အမှားများပါလို့ လွန်တာရှိခဲ့ရင် ၀န္ဒာမိပါရှင်။
တစ်ပါးသူပျော်ရွှင်ဖို့စိတ်ရင်းနှင့်အားထုတ်သူသည်ကိုယ်တိုင်ပျော်ရွှင်ရသူသာဖြစ်သည်။