“တောင်ကညိုပြိုတော့မယ်...မှိုင်းမှိုင်းမှုန်ဝေ...မိုးသက်တွေ လေဝေ့လို့...တရွေ့ရွေ့ယူသလေ...တိမ်ဦး လေပြည်...ဆွေးစိတ်ကိုပွေ...ဖော်မစုံကျွမ်း...လွမ်းငွေ့တွေဝေ...ချစ်တဲ့သူ...ဓာတုကလျာဆွေ........”
ပြည်လှဖေရဲ့ နတ်သျှင်နောင် သီချင်းကို နားထောင်ရင်း ဖြူနဲ့ပတ်သက်ခဲ့တာတွေကို တွေးနေမိတယ်။
တကယ်ဆို ဖြူ့ကို ကျွန်တော် ပွင့်ပွင့်လင်းလင်း မေးသင့်တယ်လို့ထင်မိပေမယ့် မမေးဖြစ်ခဲ့ပါ။ ကျွန်တော် အပြောအဆိုမှားယွင်းသွားလို့ ဖြူ က ကျွန်တော့်အပေါ် အခင်အမင် ပျက်သွားမှာကို စိုးရိမ် မိခဲ့ပါတယ်။
ဖြူနဲ့မတွေ့ခင် အကြောင်းစုံကို ဖွင့်ပြောဖို့ စိတ်ကူးထားမိပေမယ့် တကယ်တန်းတွေ့ကြတော့ မမေးရက်ခဲ့ပါ။ ဖြူ့မျက်နှာလေးက တစ်စုံတစ်ရာကို ဖုံးကွယ်ထားဟန်ရှိသလို၊ အားငယ်နေသလို ဖြစ်နေပါတယ်။
“အစ်ကို”
အတွေးထဲမှာ နစ်မြောနေခိုက် ဖြူက ကျွန်တော့်ဆီကို ရောက်လာတယ်။
“သြော်...ဖြူ...လာလေ”
“အစ်ကို...ပြင်ဦးလွင်ကို သွားမလို့ဆို...ကိုသော်ကောင်းက ပြောလို့ သိရတာပါ”
“ဟုတ်တယ်...ဖြူရဲ့...ရတနာပုံတယ်လီပို့စ်မှာ အလုပ်ကိစ္စလေးရှိလို့ သွားမယ်။ ဖြူ ဘာမှာစရာရှိလဲ၊ ဖြူ...မမှာလဲ အစ်ကို ၀ယ်လာမှာပါ”
“အစ်ကိုဘယ်တော့သွားမှာလဲ...ဟင်”
“မနက်ဖန်...ညနေ ၆ နာရီ...ပြင်ဦးလွင်တိုက်ရိုက်ရောက်တဲ့ကားနဲ့သွားမယ်။ ရတနာပုံတယ်လီပို့စ်က ပြင်ဦးလွင် မရောက်ခင်ဆိုတော့ အဲဒီမှာဆင်းမယ်လေ”
“အစ်ကို သွားရင်...အနွေးထည်ယူသွားနော်...ကားက အဲကွန်းကားဆိုတော့ အေးမှာ အစ်ကိုရဲ့...ဟိုက ရန်ကုန်လို မဟုတ်ဘူးနော်...အစ်ကို အအေးမိနေဦးမယ်”
“ဖြူရယ်...အစ်ကိုက ကလေးလေးမှ မဟုတ်တာ...လိုအပ်တာတွေ ယူသွားမှာပါ”
“ဖြူက အစ်ကို့အတွက် စိုးရိမ်လို့ပြောတာပါနော်”
“အင်းပါ...ဖြူ...မှာတာတွေ မမေ့ပါဘူး...ဖြူ...ဘာစားချင်လဲ အစ်ကို နဲ့ တစ်ခုခုသွားစားမယ်လေ”
“အင်း...ဗဟန်းဈေးနားမှာ မုန့်လင်မယား...သွားစားမယ်”
“ဘာ...”
“မုန့်လင်မယားလေအစ်ကို...ဗမာမုန့်”
“အင်းပါ...ဖြူ...စားချင်တာ သွားစားကြမယ်လေ”
ဖြူနဲ့ ကျွန်တော်တို့ ဗဟန်းဈေးနားကို မုန့်စားဖို့ ထွက်လာခဲ့ပါတယ်။
♥♥♥♥♥
နောက်ရက် ခရီးထွက်ဖို့ အထုပ်အပိုးပြင်ရင်း ဖြူက ကလေးတစ်ယောက်လို သဘောထားပြီး မှာတာကို တွေးမိပြီး ပြုံးလိုက်တယ်။ သြော်....ဖြူရယ်...တွယ်ငင်နှောင်ရစ်...သံယောဇဉ်တွေ ဖြစ်နေမိပြီလား ကွယ်။
ကားဂိတ်ရောက်တော့ ပစ္စည်းတွေ အပ်ပြီး ကားပေါ်တက်ထိုင်လိုက်တယ်။ အိတ်ထဲက ဖုန်းက မြည်လာ တော့ ထုတ်ကြည့်လိုက်တယ်။ ဖြူ့ဆီကပါလား၊
“အစ်ကို...ကားပေါ်ရောက်ပြီလား”
“အင်း...ရောက်ပြီဖြူ...”
“အစ်ကို အနွေးထည်ကောဝတ်ပြီးပြီလား...အဲကွန်းလေပေါက် အမြဲဖွင့်မထားနဲ့နော်”
“အနွေးထည်က မ၀တ်ရသေးဘူးဖြူ...အလွယ်တကူထုတ်ဝတ်လို့ရအောင် လုပ်ထားပါတယ်ဖြူရဲ့”
“အင်းပါ...ဟိုရောက်ရင် ဖြူဆီကို ဖုန်းဆက်ဦးနော်...”
“ဆက်မယ်နော်...ဖြူ...”
“အစ်ကို့ရဲ့ လမ်းခရီးသာယာဖြောင့်ဖြူးပါစေနော်...ဖြူ...ဖုန်းချလိုက်တော့မယ်”
“ဖြူလဲ...အစားအသောက်တွေ ဆင်ခြင်ဦးနော်”
“အင်းပါ...အစ်ကိုရဲ့...”
“ဘိုင်...”
“တာ့တာနော် အစ်ကို”
ဖြူရယ်...ရင်ခုန်ကြည်နူးစရာကောင်းတဲ့ ချစ်သူတွေ လည်းမဟုတ်ကြပေမယ့် တစ်နယ်စီအဝေးကို သွားရပြန်တော့လည်း အဆွေးတွေ ရင်ဝယ် ကိုယ်စီနဲ့ပါလား။
အပြန်လမ်းမှာ အပြုံးပန်းနဲ့ ကြိုလှည့်တော့ ဖြူရေ....
http://www.facebook.com/kyaw.thaik.1
ကျော်သိုက်
၉-၃-၂၀၁၃