ရတနာပုံတယ်လီပို့စ်မှာ အလုပ်ကိစ္စတွေဆောင်ရွက်ပြီးတော့ ကျွန်တော့်မိတ်ဆွေတစ်ယောက်က ပြင်ဦးလွင်ကို လိုက်ပို့မယ်ပြောတော့ နဂိုကတည်းက သွားမယ်လို့ စိတ်ကူးထားတဲ့အတွက် ပျော်သွား တယ်။ ပြင်ဦးလွင်ကို ဆိုင်ကယ်နဲ့ သွားကြတယ်။ အေးချမ်းစိုပြည်တဲ့ ဒေသကိုရောက်ပြန်တော့ ဖြူနဲ့ သာ အခုလို နှစ်ဦးအတူ သွားချင်တဲ့ဆန္ဒက ဖြစ်ပေါ်လာတယ်။ စိမ်းစိမ်းစိုစိုနဲ့ သစ်တောတွေကြားက အကွေ့အကောက်များတဲ့ လမ်းတစ်လျှောက် ဆိုင်ကယ်စီးပြီး သွားရတဲ့ အရသာဟာ စိတ်ကို ကြည်နူး စေမိပါတယ်။
ပြင်ဦးလွင်ကနေ မဟာအံ့ထူးကံသာ ဘုရားအထိ ဆိုင်ကယ်နဲ့ ဘုရားသွားဖူးကြတယ်။ ဘုရားမှာ ချစ်သောဖြူနဲ့ ဆုံဆည်းရပါလို့၏ ဆိုတဲ့ ဆုကို အလိုလိုတောင်းမိတယ်။ စိုးမိုးနိုင်လွန်းတယ် ဖြူရယ်။
ဘုရားက အပြန် ပြင်ဦးလွင် ဈေးထဲ လျှောက်လည်ကြတယ်။ နောက် ပြင်ဦးလွင်စတားမှာ ဆွယ်တာ သွားဝယ်ကြတယ်။ ဆိုင်ကိုရောက်တော့ ကျွန်တော်က အမျိုးသမီးဝတ် ဆွယ်တာလေးတွေ ရွေးနေပြန် တော့ ကျွန်တော့မိတ်ဆွေက အံ့သြနေပြန်ရော့။ ကျွန်တော်က အ၀ါရောင် အမျိုးသမီးဝတ် ဆွယ်တာလေးကို ဖြူ့အတွက် ၀ယ်ဖြစ်သလို ကျွန်တော့်အတွက် အ၀ါရောင် ခေါင်းစွပ်ဆွယ်တာ တစ်ထည်ကို ၀ယ်ဖြစ်တယ်။
ဈေးလေးနားမှာ ရန်ကုန်ပြန်ဖို့အတွက် လက်မှတ်ဝင်ဝယ်ပြီး ရတနာပုံတယ်လီပို့စ်ကို ပြန်လာခဲ့တယ်။ အပြန်မှာ အနီးစခန်းရွာအလွန် လေယာဉ်ကွင်းနားရောက်တော့ ဆိုင်ကယ်ကို ခဏရပ်ခိုင်းလိုက်တယ်။ အိတ်ထဲက ဖုန်းကို ထုတ်ပြီး ဖြူ့ဆီကို ဖုန်းဆက်လိုက်တယ်။
“အစ်ကို”
တစ်ဖက်မှ ဖြူ့ရဲ့အသံကို ကြားလိုက်ရတယ်။ အသံက နဂိုအသံမဟုတ်တော့ စိုးရိမ်မိတယ်။
“ဖြူ...နေမကောင်းဘူးလား”
“ဟုတ်တယ်...အစ်ကို...အဲကွန်းဖွင့်ပြီး အိပ်မိတာ...အအေးမိသွားတယ်”
“ဖြူရယ်...အခု သက်သာပြီလား”
“သက်သာပါတယ်အစ်ကို...ဖုန်းသံကြားလို့ ကြည့်မိတာ အစ်ကို့ဖုန်းမှန်းသိတော့ ပျော်သွားတယ်။ ရောဂါတောင် ဘယ်ပျောက်သွားလဲ မသိဘူး”
“ဆေးခန်းသွားလား”
“ဆေးသောက်ထားလို့ သက်သာပြီအစ်ကို...ဒါနဲ့...ကားသံတွေကြားနေရတယ်။ ကားပေါ်က ဆက်နေတာလား”
“မဟုတ်ဘူး...ဖြူရဲ့...ဆိုင်ကယ်နဲ့ ပြင်ဦးလွင်သွားတာ...တယ်လီပို့စ်ကို ပြန်လာကြတာ...ဆိုင်ကယ် ခဏနားပြီး ဖြူ့ဆီကို ဆက်လိုက်တာ”
“အစ်ကိုရယ်...ဆိုင်ကယ်ကို ကိုယ်တိုင်မမောင်းနဲ့နော်...ဆိုင်ကယ်စီးရင်းလဲ ဖုန်းမဆက်နဲ့”
“မမောင်းပါဘူး ဖြူရယ်...ဖြူ့စကားကို အမြဲနားထောင်ပါမယ်”
“ဖြူက အစ်ကို့ကို စိတ်မချလို့ပါ။ ဘယ်တော့ ပြန်လာမှာလဲ အစ်ကို”
“ည ကားစီးလာမှာ ဖြူ...တယ်လီပို့စ်နားက စောင့်စီးမှာ လက်မှတ်ဖြတ်လာပြီ”
“ဖြူ...အောင်မင်္ဂလာ ကားဂိတ်မှာ လာကြိုနေမယ်နော်”
“ဖြူအတွက် လက်ဆောင်ဝယ်ထားတယ် သိလား”
“အစ်ကိုကလည်း ဖြူ့အတွက် လက်ဆောင်မလိုပါဘူး။ အစ်ကို့ မျက်နှာကို မြင်ရရင် ပျော်ပါတယ်”
“အစ်ကိုလဲ ဖြူနဲ့ ထပ်တူခံစားရပါတယ် ဖြူရယ်...”
“အပြန် ကားပေါ်ရောက်ရင် ဖုန်းဆက်နော် အစ်ကို”
“ဆက်မယ်နော်”
“ဖြူ...အစ်ကို့အတွက် အန္တရာယ်ကင်း ပရိတ်ရွတ်ပေးနေမယ်နော်”
“ဖြူဟာလေ...အစ်ကို့ကို ဒါလောက်တောင် စိတ်ပူလား”
“ဒီထက်ပိုသေးပါတယ်အစ်ကိုရယ်”
“ဒါပဲနော်...ဖြူ...အပြန်ကားပေါ်ရောက်မှ ဖုန်းဆက်မယ်”
“ဟုတ်...အစ်ကို”
တယ်လီပို့စ်ကို အပြန်လမ်းမှာ ကြည်နူးခြင်း၊ ပျော်ရွှင်ခြင်းတို့ဖြင့် ထုံမွှမ်းနေတယ်။ သံယောဇဉ်ဖြူ၊ မနောဖြူ အူစင်း...ချစ်ခြင်းဖွဲ့နှောင် နော်သံသရာအထိ ချစ်မိနေဦးမှာပါလား....
http://www.facebook.com/kyaw.thaik.1
ကျော်သိုက်
၁၀-၃-၂၀၁၃