"စားကြမလား…မုန့်ဟင်းခါး….ကိုရင်ကျော်ရဲ့မုန်ဟင်းခါး"
"ပဲကြော်လေးနဲ့စားမလား … ကိုရင်ကျော်ရဲ့မုန်ဟင်းခါး"
"ဘူးသီးကြော်နဲ့စားမလား … ကိုရင်ကျော်ရဲ့မုန်ဟင်းခါး"
"အီကြာကွေးနဲ့စားမလား…. ကိုရင်ကျော်ရဲ့မုန်ဟင်းခါး"
"ငါးဖယ်ထည့်မလား၊ ဘဲဥထည့်မလား၊ အိုးဘဲဥလေးထည့်မလား…. ကိုရင်ကျော်ရဲ့မုန်ဟင်းခါး"
ကိုရင်ကျော်က ချစ်သူမြို့တော် အဆောက်အဦရှေ့တွင် မုန့်ဟင်းခါးဆိုင်လာဖွင့်နေခြင်းဖြစ်သည်။ နံနက်စောစော ကတည်းက ခုံလေးတွေခင်း၍ ပြင်ဆင်ထားပြီး တကြော်ကြော် အော်ရောင်းနေလေသည်။ ကိုရင်ကျော်က မုန့်ဟင်းခါး ရောင်းရန်စိတ်ကူးရှိသည် မဟုတ်။ သဇင်လေးက အားနေသဖြင့် အမြတ်ငွေကို တစ်ယောက်တစ်ဝက် ခွဲယူရန်သဘောတူပြီး နှစ်ယောက်ပေါင်း၍ မုန့်ဟင်းခါး ရောင်းနေကြခြင်းဖြစ်သည်။
သူတို့ မုန့်ဟင်းခါးကို ဒီနေ့မှ စရောင်းသဖြင့် လမ်းသွားလမ်းလာများက ဆိုင်းသစ်ကလေးဖြစ်သဖြင့် ၀င်ရောက်အား ပေးသွားကြသည်။ ကိုရင်ကျော်က အော်ရောင်သည်။ စားပြီးသမျှပန်းကန်များကို ရေဟောင်းဖြင့် တစ်ထပ်ဆေးသည်။ ရေသန့်ဖြင့် တစ်ထပ်ဆေးသည်။ အ၀တ်သန့်သန့်လေးဖြင့် သုတ်သည်။ စားပွဲခုံများကို ရှင်းလင်းသည်။ ရေနွေးထည့် ပေးသည်။
သဇင်လေးက မုန့်ပွဲပြင်ပေးသည်။ စေတနာပါပါဖြင့် ပလပ်စတစ် လက်အိတ်ကလေးဖြင့် သန့်သန့်ရှင်းရှင်း လုပ်ပေး သည်။ ဆိုင်ရဲ့သန့်ရှင်းမှုကြောင့်လား၊ သဇင်လေး ကိုယ်တိုင် ပြင်ပေးပြီး ရောင်းချနေ၍လား တော့မသိ။ ရောင်းကောင်းလှသည်။
ချစ်သူမြို့တော် အဆောက်အဦးထဲမှ ကိုငြိမ်း၊ မထသမင်းသားနှင့် မေသဇင်တို့ ထွက်လာကြပြီး မုန့်ဟင်းခါးဆိုင်၏ စားပွဲလွတ်တွင် ၀င်ထိုင်သည်။ ကိုရင်ကျော်က သူ့တို့ထိုင်သောခုံကို ပြာပြာသလဲ သွားရောက်ပြီး စားပွဲသုတ်ပေးသည်။ ရေနွေးရှိ-မရှိ ကြည့်သည်။
ကိုငြိမ်းတို့က မုန့်ဟင်းခါး မှာပြီးနောက် စကားပြောနေသည်ကို ကိုရင်ကျော်က လူရှင်းနေသဖြင့် အနီးအနားက ခုံလွတ်တစ်ခုတွင် ထိုင်ပြီးနားထောင်နေလေသည်။
xxxxx
"ကျွန်မ…တင်ပြချင်တယ်"
မေသဇင်က ပြောသည်။
"ပလက်ဖောင်းပေါ်မှာ တင်ပြမနေပါနဲ့၊ လက်သရမ်းတဲ့ကောင်တွေ ၀င် ပုတ်သွားဦးမယ်"
မထသမင်းသားက ၀င်ပြောသည်။
"ဟဲ့အကောင်…ဘာပြောတာလဲ"
"မမေပဲ…တင်ပြမယ်ဆို၊ တင်ပြချင်ရင် အခန်းထဲမှာ ပြပါလား"
"ပြောလေကဲလေနော်၊ ဆိုဒ်အခြေအနေကို တင်ပြချင်တာ"
"မင်းကလည်းက ကြားဖြတ်မပြောစမ်းပါနဲ့၊ မမေ ဘာပြောချင်တာလဲ"
ကိုငြိမ်းက ၀င်ပြောသည်။
"အခုဆို ကျွန်မ လေ့လာနေတာ ပို့တင်တဲ့သူတွေ နည်းလာတယ်နော်၊ အရင်ကဆို တစ်နေ့ကို ၄၀ ကျော် ၅၀ နီးနီး လောက်တင်ကြတယ်။ အခုတော်တော်နည်းသွားတယ်။"
"ဟုတ်တယ်…ကျွန်တော်လည်း သတိထားမိတယ်၊ ဒါပေမယ့် အဖွဲ့လေးတွေ တည်ဆောက်လာကြတော့ စိတ်ဝင်စား တဲ့သူ ပိုများလာတယ်နော်။"
"ဟုတ်တယ်ဗျ…စာကောင်းစာသန့်လေးတွေလည်း မကြာခဏတွေ့နေ့ရတယ်"
"မေ ပြောချင်တာလေးရှိတယ်"
"ပြောပါ"
"တစ်ချို့ပို့တင်တာလေ၊ နေရာမှားတင်တာတို့၊ စာကြောင်းတစ်ကြောင်းထဲနဲ့ အဓိပ္ပါယ် မရှိတဲ့စာတွေတင်တာတို့၊ လူပုဂ္ဂိုလ်နံမည်တပ်ပြီး တိုင်စာလိုလို၊ ပစ်စာလိုလို အကြောင်းအရာကဏ္ဍမှာ တင်တာတွေ့ရတော့ မန်ဘာတွေ ဖတ်ပြီး အမြင်မှားနိုင်တယ်လေ"
"မမေ ပြောတာမှန်တယ်၊ ကျွန်တော်တို့ချစ်သူမြို့တော်က သုတ၊ ရသစုံလင်အောင် အလွှာပေါင်းစုံ၊ လူပေါင်းစုံက စေတနာပါပါနဲ့ ပါဝင်ရေးသားကြတဲ့သူတွေအများကြီးထဲက အနည်းစုကတော့ မကြေနပ်ချက်ကလေးတွေ ပေါက်ထွက်လာတာတော့တွေ့ရတာပေါ့"
"ကဲပါ…စားပြီးကြရင်…သွားရအောင်၊ ရှင်းသန့်မေက ဘဲဥပြုတ် နှစ်လုံးပါဆယ်မှာလိုက်သေးတယ်မဟုတ်လား"
"ဒီမှာ ဘဲဥပြုတ် နှစ်လုံးပါဆယ် လုပ်ပေးစမ်းပါ"
မထသမင်းသားက ကိုရင်ကျော်ကို မှာလိုက်သည်။ ကိုရင်ကျော်က သဇင်လေးကို လှမ်းပြောလိုက်သည်က…
"သဇင်လေးရေ…ယောက်ျားလေး ပါဆယ်ရှိတယ်"
"ဘာပြောလိုက်တာလဲဗျ"
"ဘဲဥပြုတ် နှစ်လုံးပါဆယ်မှာရင် ယောက်ျားလေး ဆိုရင် လူတိုင်းသိပါတယ်"
မထသမင်းသားက ဘာမှ ပြန်မပြောတော့ဘဲ။ ကိုရင်ကျော် ကမ်းပေးသော ဘဲဥပြုတ် ပါဆယ်ထုပ်ကလေးကို လှမ်းယူလိုက်သည်။ သုံးယောက်သား ချစ်သူမြို့တော်ထဲ ၀င်သွားသည်ကို ကိုရင်ကျော် လှမ်းကြည့်ပြီးနောက် စားပွဲကို သန့်ရှင်းရေးလုပ်ပြီး စားပြီးသား ပန်းကန်များကို ဆေးကြောလိုက်သည်။
XXXXX
"ဒီလိုရှိတယ် မမှုံရေ"
ကိုနေမင်းခိုင်နှင့် မှုံနံ့သာဖြူတို့က မုန့်ဟင်းခါးလာစားရင်း စကားပြောနေသဖြင့် ကိုရင်ကျော်က မလှမ်းမကမ်း ကြားလောက်သော နေရာက ထိုင်ပြီးနားထောင်နေလေသည်။
"ဘယ်လို ရှိတာလဲ ကိုနေမင်းခိုင်"
"ကဗျာအစ…သံပေါက်ကတဲ့"
"အော်…ပြောပါဦး"
"ကဗျာ စရေးရင် သံပေါက်ကတွေ စရေးရတယ်"
"ဟုတ်လား"
"အစလေးလုံး၊ အလယ်သုံး၊ အဆုံးငါးခုနစ် တဲ့"
"အော်"
"ကာရန်မိအောင်လေ…ဒီလိုရေးပေါ့…
ရနံ့မပြယ်
ပန်းစံပယ်
ခက်သွယ် နှာမောင်းဖြာ"
ဆိုတဲ့ သံပေါက်ကို ကြည့် ပြယ်…ပယ်…သွယ် ဆိုတဲ့ ကာရန်လေးတွေသုံးပြီး ရေးတာပေါ့"
"အော်"
"ချစ်သူမြို့တော်၊ လာကြနော်၊ အဖော်တသင်းနဲ့"
"အင်း…ဒီမှာတော့ တော်…နော်…ဖော် ဆိုတာတွေက ကာရန်လေးတွေပေါ့နော်"
"ဟုတ်တာပေါ့ မမှုံရဲ့၊ သံပေါက်လေးတွေ စပ်တတ်သွားရင်တော့ သံချပ်၊ လေးလုံးစပ်လင်္ကာ၊ ရတု တွေစပ်ပေါ့"
"အော်…"
"အဲဒါတွေလေ့လာပြီးရင်တော့ အချိုးကဗျာတွေ၊ သံချို၊ တျာချင်း၊ အိုင်ချင်း၊ လွမ်းချင်း၊ တေးထပ် ရေးစပ်ပုံ တွေ စနစ်တကျ လေ့လာပြီးရေးရတယ်"
"ဟုတ်ကဲ့…အခုချစ်သူမြို့တော်မှာ ရေးနေကြတာကကော"
"ချစ်သူမှာ ရေးနေကြတာက ကာရန်မဲ့ကဗျာတွေ များတယ်"
"ကာရန်မဲ့ကဗျာဆိုတာ ဘာကို ခေါ်တာလဲ"
"ကာရန်မဲ့ကဗျာဆိုတာက အကြောင်းအရာကို အဓိကထားပြီး အသံသာအောင် ရေးကြတာကို ပြောတာပါ"
"အင်း…ကဗျာနဲ့ပတ်သက်ရင် အများကြီးးလေ့လာရအုံးမယ်နော်"
"ဒါပေါ့"
"စကားတွေ ကောင်းနေလိုက်တာ…ဆေးရုံမှာ အိုဗာတင်း သွားလှူဖို့ သူငယ်ချင်းတွေနဲ့ချိန်းထားတာ ရှိသေးလို့ သွားဦးမယ်နော်"
"သွားစရာရှိတာသွားပါ"
ကိုနေမင်းခိုင်နှင့် မှုံနံ့သာဖြူတို့ စားပွဲမှ ထသွားသဖြင့် ကိုရင်ကျော်က စားပွဲကိုရှင်းသည်။ ပန်းကန်များကိုဆေးသည်။
ထို့နောက် မုန့်ဟင်းခါးလာစားသူမရှိသောကြောင့် ခုံတစ်ခုံတွင် ထိုင်ပြီး ရေနွေးကြမ်းသောက်နေလိုက်သည်။
xxxxx
"သဇင်လေး"
"ကျော်ကြီး…ဘာပြောမလို့လဲ"
"ဒီမှာလာရောင်းတာ ရောင်းကောင်းတယ်နော်"
"ဟုတ်တယ် ကျော်ကြီး၊ ချစ်သူမြို့တော်က မန်ဘာက ခြောက်သောင်းကျော်သွားပြီဆိုတော့ ၀င်လိုက်ထွက်လိုက်နဲ့ ဆိုတော့ ရောင်းကောင်းတာပေါ့နော်"
"ဟော ဟိုမှာ ငါးယောက်လာနေပြီ"
"အင်း…တွေ့တယ်…ဘယ်လိုစားမလဲ မေးလိုက်လေ"
သဇင်လေးက ကိုရင်ကျော်ကို ၀င်လာသော ဧည်သည်များ အား သွားမေးရန်ပြောသည်။
"စားကြမလား…မုန့်ဟင်းခါး….ကိုရင်ကျော်ရဲ့မုန်ဟင်းခါး"
"ပဲကြော်လေးနဲ့စားမလား … ကိုရင်ကျော်ရဲ့မုန်ဟင်းခါး"
"ဘူးသီးကြော်နဲ့စားမလား … ကိုရင်ကျော်ရဲ့မုန်ဟင်းခါး"
"အီကြာကွေးနဲ့စားမလား…. ကိုရင်ကျော်ရဲ့မုန်ဟင်းခါး"
"ငါးဖယ်ထည့်မလား၊ ဘဲဥထည့်မလား၊ အိုးဘဲဥလေးထည့်မလား…. ကိုရင်ကျော်ရဲ့မုန်ဟင်းခါး"
"ဘာနဲ့မှ မစားဘူးဟေ့"
အသက်ကြီးကြီးလူက အသံမာမာနှင့်ပြောသည်။
"ဘာမှ မစားလည်း ရေနွေးလေးသောက်သွားပါဦးလား"
"မသောက်ဘူး"
"ဒါဖြင့်…"
"ဈေးမရောင်းရတဲ့နေရာမှာ ဈေးလာရောင်းလို့ လာဖမ်းတဲ့အဖွဲ့ကွ"
"ဗျာ"
"ဗျာ…မနေနဲ့၊ ဟေ့ကောင်တွေ ပစ္စည်းတွေအကုန်သိမ်း၊ ခဏနေ ကားလာလိမ့်မယ်"
"မလုပ်ကြပါနဲ့ဗျာ၊ ကျွန်တော်တို့ မောင်နှမ နှစ်ယောက် ရှိစုမဲ့စုလေးနဲ့ ရင်းနှီးထားရတာပါ"
"မရဘူး၊ သတင်းစာထဲမှာလည်း ဈေးမရောင်းရတဲ့နေရာတွေ ကြေညာထားပြီးသား၊ စည်းကမ်းချိုးဖောက်တဲ့ အတွက် ပိုင်ရှင်ပါကားပေါ်တက်၊ ဟိုရောက်ရင် ခံဝန်ချက်လက်မှတ်ထိုးရမယ်"
ပစ္စည်းတင်သောကားရောက်လာသဖြင့် ကိုရင်ကျော်တို့ မုန့်ဟင်းခါးရောင်းသော ပစ္စည်းများကို ကားပေါ် ပစ်တင်ကြလေသည်။
ကိုရင်ကျော်နှင့် သဇင်လေးတို့မှာ ဘာမှ မတတ်နိုင်ကြတော့။
"ပိုင်ရှင်…ကားပေါ်တက်"
ကိုရင်ကျော်ဘာမှ ပြန်မပြောနိုင်တော့။ ကားပေါ်ကိုတွယ်တက်လိုက်သည်။
"သဇင်လေးရေ…နှစ်ယောက်ပေါင်းပြီး မုန့်ဟင်းခါးရောင်းတာ အမြတ်မကျန် အရင်းပါပြုတ်သွားတဲ့အပြင် အဖမ်းပါခံရပြီ"
"တော်ပါပြီကျော်ကြီးရေ…သဇင်လေးတော့ ပုဂံပြန်ပြီး တိုးရစ်တွေကို ဓာတ်ပုံသွားရောင်းတော့မယ်"
"မောင်း…ဆရာရေ"
တလိမ့်လိမ့်ထွက်သွားသော မော်တော်ယာဉ်ပေါ်တွင် ခေါင်းငိုက်စိုက်ကျလျက် ကိုရင်ကျော်လိုက်ပါသွားသည်ကို ချစ်သူမြို့တော်ထဲမှ ကိုငြိမ်းတို့ အုပ်စုကတော့ ဆူညံသံကြောင့် တွေ့မြင်သွားလေသတည်း။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၂၃-၁-၂၀၁၂)(၀၅း၁၀)နာရီ