ယခုကျပ်ငွေငါးထောင်ရမည်ဆိုပါက မည်သည့်အရာကို လုပ်ကိုင်ချင်ပါသနည်းဟု မေးလျှင်မည်ကဲ့သို့သောအဖြေမျိုးရလိမ့်မည်ဟု မျှော်လင့်ပါသနည်း။ “ဘာလုပ်လို့ရမှာလဲ” ဟူသော အဖြေမျိုးက အများဆုံးထွက်လာလိမ့်မည်ဟု ထင်ပါသည်။ ယနေ့ခေတ်တွင် ငွေငါးထောင်ကို လူပေါ်မူတည်၍ အမျိုးမျိုးသုံးစွဲနိုင်ပါလိမ့်မည်။ လုပ်ငန်းရှင်များအတွက် လက်ဖက်ရည်ဆိုင်တစ်ခါထိုင်စာမရှိသော၊ လူငယ်များအတွက် ဂီတဖျော်ဖြေပွဲတစ်ခါသွားစာမျှပင် မရှိသော၊ အချို့အခြေခံပညာကျောင်းသားလူငယ်များအတွက် သုံးလေးရက်ကျောင်းမုန့်ဖိုးမျှသာရှိသော ငွေကြေးပမာဏမျှသာဖြစ်ပါသည်။ လက်ဖက်ရည်ဆိုင်ထိုင်ရန် ၀န်မလေးကြသော်လည်း၊ ဂီတဖျော်ဖြေပွဲများသွားရန် မညည်းညူကြသော်လည်း ထိုငွေငါးထောင်ကို စာအုပ်တစ်အုပ်ဖတ်ရန်အတွက် သုံးစွဲမည့်သူအရေအတွက် မည်မျှရှိနိုင်ပါသနည်း။
ထိုအရေအတွက်သည် တစ်နိုင်ငံလုံး၏လူဦးရေနှင့် ယှဉ်လျှင် လွန်စွာနည်းပါးနေမည်ကတော့ မည်သည့်နက္ခတ်ကိုမျှကြည့်နေရန် လိုအပ်မည်မထင်ပါ။ သို့ဆိုလျှင် စာမဖတ်ကြသည့်အချင်းအရာတွင် ငွေရေးကြေးရေးပြဿနာသည် အခရာမဟုတ်နိုင်တော့။ အဓိကမှာ အလေ့အကျင့်နှင့် ပတ်ဝန်းကျင်ကြောင့်ပင် ဖြစ်ပါသည်။ မိဘနှစ်ပါးလုံးကလည်း စာဖတ်သည်၊ သားသမီးများကိုလည်း ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါစေရန်ပျိုးထောင်ပေးခဲ့သည့်ဆိုပါက ထိုမိသားစုသည် မျိုးဆက်မည်မျှပြောင်းပြောင်း စာဖတ်သူများဖြစ်နေကြသည်က အမှန်ပင်။ ပတ်ဝန်းကျင်တွင်စာဖတ်သူများရှိ၍ အားကျပြီး ဖတ်ရှုတတ်သူများကိုလည်း မိဘကအားပေးကူညီလျှင် ထိုကလေးသူငယ်များသည် စာဖတ်ဝိဇ္ဇာများ ဖြစ်လာကြပေလိမ့်မည်။
သို့ဆိုလျှင် စာဖတ်ဝိဇ္ဇာများဖြစ်လာစေရန်မှာ ကလေးဘ၀ကတည်းက စတင်လေ့ကျင့်ပေးရမည်မှာ ထင်ရှားပါသည်။ စာဖတ်တတ်စကတည်းက တွေ့သမျှစာကောက်ဖတ်ခဲ့သော ကလေးမျိုးသည် အရွယ်ရောက်ချိန်တွင် တစ်နေ့တစ်နေ့ စာမဖတ်ရလျှင် မနေနိုင်တော့သော အခြေအနေမျိုးဖြစ်သွားနိုင်ပါသည်။ ထိုကဲ့သို့လူမျိုးသည် မိမိဝင်ငွေထက် စာအုပ်ပုံမှန်ဖတ်ရရေးကိုသာ အလေးဂရုပြုကြမည်သူများ ဖြစ်လာကြပါလိမ့်မည်။ စာအုပ်ဖတ်နေရသည့် စည်းစိမ်ကို မည်သည့်အပျော်အပါးမျိုးနှင့်မျှ မလဲနိုင်သူများ၊ စာအုပ်ကို ဘ၀၏မရှိမဖြစ်ဟု သဘောပိုက်ကြသူများ ဖြစ်လာကြပေလိမ့်မည်။ ကမ္ဘာ့နိုင်ငံကြီးတိုင်းတွင် ကလေးသူငယ်များသည် သက်ဆိုင်ရာစာကြည့်တိုက်များကို ကျွမ်းကျင်စွာအသုံးချတတ်သူများဖြစ်ကြောင်း သတိပြုသင့်ပေသည်။
သတိပြုသင့်သည့် နောက်ထပ်အကြောင်းကိစ္စတစ်ရပ်မှာ စာဖတ်ဝါသနာပျိုးထောင်ပေးရေးဖြစ်ပါသည်။ ထိုသို့ပျိုးထောင်ပေးရန်မှာ ကလေးများ၏ဦးနှောက်အတွင်းတွင် “စာဖတ်ခြင်းသည် ပျင်းစရာမဟုတ်”ဟူသော အတွေးအခေါ်များကို ဖြည့်သွင်းပေးရန်ပင်ဖြစ်ပါသည်။ အချို့က ယနေ့ခေတ်တွင် ရုပ်သံလိုင်းများ၊ ကွန်ပျူတာဂိမ်းများအစရှိသည့် ဖျော်ဖြေရေးများစွာတိုးတက်လာ၍ စာအုပ်ဘက်မလှည့်နိုင်ကြတော့ဟု ရမယ်ရှာတတ်ပါသည်။ သေချာသည်ကတော့ စာဖတ်ဝါသနာပါသူများသည် ရုပ်ရှင်မည်မျှကောင်းကောင်း၊ ကွန်ပျူတာဂိမ်းမည်မျှသာသာ ရုပ်ရှင်ကြည့်ပြီး၊ ဂိမ်းဆော့ပြီးလျှင် စာအုပ်ကောက်ကိုင်ကြမည့်သူများ ဖြစ်ပါလိမ့်မည်
စာအုပ်ကောက်ကိုင်နိုင်ရန်အတွက် သီးသီးသန့်သန့် အချိန်ပေးရန်လည်း မလိုအပ်လှပါ။ စာအုပ်အကြီးစားများကို ဖတ်ရန်က သင့်လျော်သောအချိန်ပေးရကောင်း ပေးရမည်ဖြစ်သော်လည်း အချိန်မရှိ၍ စာတစ်လုံးမျှ မဖတ်နိုင်ဟူသည်ကတော့ နားထောင်ကောင်းသည့် အကြောင်းပြချက်မဟုတ်တော့ပါ။ စာဖတ်လိုသူသည် ဇာတ်လမ်းတွဲကြည့်ရင်း ကြော်ငြာဝင်လျှင်လည်း စာဖတ်လိမ့်မည်၊ တစ်ယောက်ယောက်နှင့်ချိန်းဆိုထားရင်း စောင့်နေရလျှင်လည်း စာဖတ်လိမ့်မည်၊ ယုတ်စွဆုံး ရေအိမ်ဝင်ချိန်တွင်ပင် စာအုပ်နှင့်ဝင်ပေလိမ့်မည်။ ထို့ကြောင့် အချိန်ရှားပါးမှုသည် စာဖတ်ဝါသနာအတွက် ဗီလိန်မဟုတ်နိုင်ပါ။
စာဖတ်ဝါသနာအတွက် ဗီလိန်များကား ကျောင်းသားကျောင်းသူများ စာဖတ်လျှင် ကျောင်းစာထိခိုက်လိမ့်မည်ဟူသော အကြောင်းပြချက်ဖြင့် တားမြစ်တတ်ကြသော လူကြီးအချို့ဖြစ်ပါသည်။ ထိုသို့သောလူကြီးများသည် ဆယ်ကျော်သက်များထံတွင်တွေ့ရသော အချစ်ဝတ္ထုများကို သိမ်းဆည်းကြပြီး အချစ်အကြောင်းတမေ့တမောရိုက်ပြထားသော နိုင်ငံခြားဇာတ်လမ်းတွဲများ၊ မြန်မာဇာတ်လမ်းများကိုတော့ ၄င်းတို့နှင့်အတူထိုင်ကြည့်ရန် ခွင့်ပြုထားကြသည်မှာ အံ့သြစရာပင်ဖြစ်သည်။ အချစ်အကြောင်းချင်းအတူတူပင်ဖြစ်လင့်ကစား ရုပ်ရှင်ဗီဒီယိုနှင့် စာအုပ်မည်သူသာသည်ကိုက စာဖတ်ကြသူများ နားလည်ကြပါလိမ့်မည်။ စာအုပ်တွင်က ကွန့်ချင်သမျှ ကွန့်၍ရသည်။ ဖတ်သူကလည်း စိတ်ကူးရှိသလိုနားလည်၍ရသည်။ ၀တ္ထုထဲရှိ စာတစ်ကြောင်းတွင် “ပတ်ဝန်းကျင်သည် စိမ်းလန်းသာယာနေသည်”ဟု ရေးထားပါက ဖတ်သူက မိမိနှစ်သက်သလို စိမ်းလန်းသာယာ၍ရသည်။ သက်ရွက်စိမ်းများဖြင့် စိမ်းစိမ်း၊ တောင်တန်းများဖြင့်သာယာသာယာ အတွေးလွတ်လပ်သည်။ ရုပ်ရှင်ကြည့်လျှင်တော့ ရိုက်ပြသည့်ရှုခင်းမှလွဲ၍ စိတ်ကူးချဲ့ထွင်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် စာဖတ်သည်က ပို၍စိတ်ကူးဥာဏ်ရင့်သန်စေနိုင်ပေသည်။
ထိုသို့ စိတ်ကူးဉာဏ်ရင့်သန်စေနိုင်သည်ကိုပင် ရှောင်လွဲလိုသော လူများက မနည်းမနော။ စာအုပ်ငှားဖတ်ခ တစ်နေ့ငွေသုံး၊လေးရာ အကုန်မခံနိုင်လိုသောသူများက ဆေးလိပ်ဖိုး၊ကွမ်းဖိုး သုံး၊လေးရာမက၊ အလှအပအတွက် သောင်းသိန်းချီ၍ ရက်ရောစွာသုံးစွဲတတ်ကြသည်ကတော့ အနည်းငယ်နားလည်မပေးချင်စရာ ဖြစ်လို့နေပါသည်။ သို့ဆိုလျှင် ထိုသို့သောသူမျိုးစာဖတ်ရန်အတွက် နည်းလမ်းများရှာကြံရပါတော့မည်။အကောင်းဆုံးနည်းလမ်းမှာ စာကြည့်တိုက်များ များများစားစားရှိရေးပင်ဖြစ်ပါသည်။ အလွန်သက်သာသော နှုန်းထားမျိုးဖြင့် ငှားရမ်းဖတ်ရှုခွင့်ပေးသော စာကြည့်တိုက်မျိုး များစွာလိုအပ်နေပါသည်။ သွားရေးလာရေးအဆင်ပြေခြင်း၊ စာအုပ်စုံလင်ခြင်းအစရှိသည့် ဆွဲဆောင်မှုမျိုးစုံဖြင့် သက်သက်သာသာဖတ်ရှုနိုင်ရန် လုပ်ဆောင်နိုင်မှသာ စာဖတ်သူဦးရေက မြင့်တက်လာမည်ထင်ပါသည်။ ဤနေရာတွင်လည်း စဉ်းစားရန်က ရှိနေပြန်ပါသည်။
စဉ်းစားရန်က စာကြည့်တိုက်များရှိသည့်တိုင်အောင် စာကြည့်တိုက်သို့ လူလာမည်၊ မလာမည်ဟူသော အကြောင်းပင်ဖြစ်သည်။ စာကြည့်တိုက်တွင် စာအုပ်အဖိုးအခများမည်မျှ ဈေးသက်သာသည့်တိုင် စာအုပ်ဆိုသည်နှင့် တီကိုဆားပက်သကဲ့သို့ခံစားရသော လူမျိုးများစွာ ရှိနေသောကြောင့်ပင် ဖြစ်သည်။ ရန်ကုန်မြို့တွင်းမှ တက္ကသိုလ်တစ်ခုတွင် စာကြည့်တိုက်ဝင်ကြေးအတွက် ဓာတ်ပုံသုံးပုံမှလွဲ၍ တစ်ပြားတစ်ချပ်မှ အကုန်အကျခံရန်မလိုအပ်ပါ။ ရက်လွန်ကြေးကို သိရလျှင်တော့ အံသြမိကြမည်ထင်ပါသည်။ တစ်ရက်အတွက် တစ်ကျပ်ဖြစ်ပါသည်။ အမှန်ပင် တစ်ရက်တစ်ကျပ်သာကျသင့်ပါသည်။ တစ်နှစ်လုံးဖတ်လျှင်ပင် လေးရာမကျသော အခြေအနေမျိုးဖြစ်ပါသည်။ စာအုပ်များကလည်း အသစ်များစုံစုံလင်လင်မရှိလျှင်တောင် နာမည်ကြီးစာအုပ်ကောင်းများစွာ ရှိပါသည်။ လစဉ်ထုတ်မဂ္ဂဇင်းအချို့လည်း ရှိသေးသည်။ သို့သော် ထိုစာကြည့်တိုက်မျိုးတွင်ပင် စာမှန်မှန်လာဖတ်သူသည် တစ်ကျောင်းလုံး၏ ၁၀ရာခိုင်နှုန်းမျှပင် ရှိမည်မထင်ပါ။ တစ်ခုရှိသည်ကလည်း ကျောင်းသားများအတွက် ၀တ္ထုစာအုပ်များကို အိမ်ငှားရန် ခွင့်မပြုထားခြင်းပင်။ စာကြည့်တိုက်ကို အသုံးပြုခွင့်ပေးထားသော နေ့လည်ကျောင်းဆင်းချိန် နာရီဝက်ကလည်း စာအုပ်တစ်အုပ်အရသာခံရန် ကောင်းစွာမလုံလောက်သောကြောင့် စာကြည့်တိုက်အသုံးပြုသူ နည်းပါးရခြင်းလည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ထိုစာကြည့်တိုက်မျိုးတွင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများအတွက် ပိုမိုသင့်လျော်သောအစီအစဉ်များပြုလုပ်ပေးနိုင်ပါက စာဖတ်ခြင်းတွင်မွေ့လျော်သူဦးရေ များပြားလာမည်ဟု ယုံကြည်ပါသည်။
စာဖတ်ခြင်းတွင်မွေ့လျော်သူဦးရေ များပြားလာသည်နှင့်အမျှ နိုင်ငံသူ၊ နိုင်ငံသားတို့၏ အတွေးအခေါ်သည် မြင့်တက်လာလိမ့်မည်ဖြစ်သည်။ တစ်ပြိုင်နက်တွင်ပင် ကိုယ်ကျင့်သိက္ခာသည်လည်း အထိုက်အလျောက် တိုးတက်လာမည်ဖြစ်သည်။ ထို့ပြင် ပိုမိုအကျိုးရှိသော လုပ်ရပ်များကို လုပ်ဆောင်လာနိုင်မည်ဖြစ်သောကြောင့် နိုင်ငံတိုးတက်ရန် အလားအလာများပါသည်။ စာဖတ်သူများတိုင်း နိုင်ငံတိုးတက်မည်ဟု တစ်ထစ်ချမဆိုနိုင်သော်လည်း တိုးတက်သောနိုင်ငံတိုင်းတွင် စာဖတ်ကြသည်ကတော့ မလွဲနိုင်သောအချက်ပင် ဖြစ်သည်။
မလွဲနိုင်သောနောက်အချက်တစ်ခုမှာ စာဖတ်သူသည် အခြေအနေမရွေး စာမဖတ်သူများထက်တော့ သာလွန်နေလိမ့်မည်ဟူသောအချက်ပင်ဖြစ်ပါသည်။ စာဖတ်လေ့ရှိသူ၏ အပြုအမူသည် စာလုံးဝမဖတ်သူထက် ပိုမိုသိမ်မွေ့လိမ့်မည်ဖြစ်သည်။ စဉ်းစားတွေးခေါ်မှုအခြေအနေတွင်လည်း စာဖတ်သူနှင့် စာမဖတ်သူတို့သည် လွန်စွာကွဲပြားခြားနားနေလိမ့်မည်ဖြစ်သည်။ အနိမ့်ဆုံး အများနှင့်ဝိုင်းဖွဲ့စကားပြောရာတွင်ပင် စာဖတ်သူ၏ ဝေါဟာရများသည် စာမဖတ်ကြသူများ၏ စကားလုံးများထက် ပိုမိုအရာရောက်နိုင်ပေလိမ့်မည်။ လက်ရှိဖြစ်ပျက်နေသည့်အကြောင်းအရာများကို ပိုမိုထိရောက်စွာ ဆွေးနွေးနေနိုင်သည့်သူမှာလည်း စာဖတ်ခြင်းကို နှစ်ခြိုက်ကြသူများသာ ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့် စာဖတ်ခြင်းကို နှစ်ခြိုက်ကြသူအားလုံးက စာဖတ်ဝါသနာမပါသူများကို စာဖတ်လာကြရန် အတတ်နိုင်ဆုံး အားပေးကူညီသင့်သည်။ စာဖတ်ဝါသနာလုံးဝမပါသော မိတ်ဆွေကို သူစိတ်ဝင်စားနိုင်သော အကြောင်းတစ်ရပ်ရပ်ပါသည့်စာအုပ်မျိုးကို ရွေးချယ်ငှားရမ်းပေးခြင်း၊ စာအုပ်ဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် အရသာများကို တစ်ဖက်လှည့်ဖြင့်ပြောပြပေးခြင်း၊ စာအုပ်များထဲတွင် ပါသောစိတ်ဝင်စားဖွယ်အကြောင်းမျိုးကို ၄င်းတို့အားကျနှစ်ခြိုက်လာအောင် ပြောပြပေးခြင်းဖြင့် ဆွဲဆောင်သင့်ပါသည်။ သို့ဆိုလျှင် စာဖတ်ကြသူများဖြင့် ဖွဲ့စည်းထားသော လူမှုအသိုင်းအ၀န်းများ ပေါ်ထွန်းလာမည်ဖြစ်ပြီး လူတိုင်းအတွက် ပိုမိုအကျိုးများလာနိုင်ပေလိမ့်မည်
မျှဝေ။ ။