တစ်ခါက။ ကျွန်တော်ရယ် ဆရာဇော်မြင့်ရယ် မြို့နယ်လေး တစ်ခုမှာ အတူတူ အလုပ်လုပ်နေကြတယ်။ ဆရာဇော်မြင့်က လူမှန် တစ်ယောက်ပါ။ မြို့နယ်ကောင်းစားဘို့ တိုးတက်ဘို့ အသိရှိဘို့ သူစွမ်းသလောက် လုပ်ပေးနေသူပါ။ တပည့်တွေရဲ့ မျက်နှာ တပည့်တွေရဲ့အောင်မြင်မှု့ တပည့်တွေရဲ့တိုးတက်မှု့ကို မြင်ရချိန်မှာတော့ သူပင်းပန်းသမျှတွေဟာ ကျေပျောက်သွားမြဲပါပဲ။ တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိကိုစား အားရှိပါ၏ - ဆိုတဲ့ ဆရာမျိုးပေါ့။ ဆရာ့ စကားတခွန်းရှိပါတယ်။ “ ငါ့မှာ ပညာပဲ ရှိတယ်၊ ပစ္စည်းဥစ္စာ မရှိဘူး၊ ငါ့ပညာကို ယုံလို့ နောက်ကလိုက်တဲ့သူတွေနဲ့ သူ့မှီ ကိုယ့်မှီ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ လုပ်ရတယ်၊ မင်းတို့အလှည့်ကြရင် ပညာရော ပစ္စည်းဥစ္စာရော ရှိအောင်လုပ်၊ အဲလိုရှိတဲ့သူ အလုပ်လုပ်ရင် ပိုပြီးထိရောက်တယ်၊ အောင်မြင်တယ် ” တဲ့။
(ဆရာရေ ဆရာ့စကားကို ခဏခဏကြားယောင် နေပေမဲ့ ပညာမဲ့ ပစ္စည်းမဲ့ဖြစ်နေတဲ့ ကျွန်တော့်ကို မြင်ရင် စိတ်တိုနေမလားနော်။ ဒါပေမဲ့ တပည့်မိုက်လေးကို ခုလိုမြင်လိုက်ရရင် ဆရာကျေနပ်နိုင်မယ်လို့တော့ ယုံကြည်မိတယ် ဆရာ)။ အမြဲတမ်း ပြုံးပြုံးလေး နေတတ်တဲ့ဆရာ။ “ မီးအိမ် ” ဆိုတဲ့ အခမဲ့ ပညာသင်ကျောင်းလေး ဖွင့်နိုင်ခဲ့ပါတယ်။ တကယ် အလုပ်လုပ်တဲ့ ဆရာ့အတွက် အောင်မြင်မှု့တစ်ခု ရလာတယ်လို့ ဆိုရမှာပေါ့နော်။ မီးအိမ်လေး ထိန်ထိန် ထွန်းလင်းလာချိန်မှာတော့ မကောင်းတဲ့ခွေးတွေက ဟောင် အဆန်မပြည့်တဲ့ စပါးနှံကထာင်လို့ ရေမပြည့်တဲ့အိုးက ဘောင်ပင်ခတ်လာပါပြီ။ ငွေနဲ့ပေါက်က ဂုဏ်မောက်နေကြတဲ့ အဖွဲ့တစ်ခုကလည်း ရှိနေပြန်တယ်။ ကိုယ်ကျိုးမဖက်ပဲ အလုပ်လုပ်နေတဲ့ ဆရာ့ကို တကယ်တော်ရင် ချီးမြှင့်တော်မူမယ်ဆိုတဲ့ စိတ်မမွေးနိုင်ပဲ တကယ်တော်လား ပြည်နှင်ထားဟေ့ - ဆိုတဲ့ စိတ်ပဲ မွေးနေကြတယ်။ ငွေနဲ့ပေါက်ကာ ဆရာ့ မီးအိမ်လေးကို ခြောက်လား လုလားလုပ်လာကြတယ်လေ။ ငွေရဲ့ အစွမ်းအောက်မှာ ပြားပြားမှောက်နေရတဲ့ မျက်နှာကြီးတွေကလည်း ဆရာ့ကို အံကြိတ်ခဲနေကြတယ်။ ကျွန်တော်က ဆရာ့ဘက်က ခပ်မာမာပါပဲ။
အဲဒီအချိန်မှာပဲ ကျောင်းမှန်မှန် တက်လား မတက်လား မသိရပေမဲ့ (၃)လလို့ အသံထွက်လာတဲ့ ဆရာ့တပည့်မလေးတစ်ယောက် ပေါ်လာပါတယ်။ ဖြေရှင်းလို့ ခက်တဲ့ ပြဿနာပါ။ မိဘတွေကလည်း ဆရာ့ကို မယုံကြည်တဲ့ မျက်လုံး တွေနဲ့ကြည့်ကြတယ်။ ဆရာကတော့ အပြုံးမပျက်ပါဘူး။ အေးအေး ဆေးဆေးပါပဲ။ ပြဿနာကို ကျေလည်အောင် ရှင်းပေးမယ်လို့ ကတိစကား ပြောပါတယ်။ ဒီအကြောင်းကို မျက်နှာကြီးတွေ ကြားသွားတော့ ပိုဆိုးတာပေါ့။ ကောင်မလေးက အိမ်ကို ဖွင့်မပြောရဲဘူး။ အဲဒါက ပြဿနာကို ပိုကြီးသွားစေတာပါ။ နောက်တော့လည်း သူ့စိတ်နဲ့သူ ဆုံးဖြတ်ပြီး ကောင်လေးရှိတဲ့မြို့လေးကို မိဘတွေ မသိအောင် ထွက်သွားပါတယ်။ ဘယ်အချိန်က ဘယ်လိုမှားခဲ့မှန်းမသိတဲ့ တပည့်မလေးအတွက် ဆရာက အပြုံး မပျက်ခဲ့ပါဘူး။ “အစောကြီးကတည်းက ဒီလို ပြတ်သားရမှာကွ” လို့ သူ့တပည့်မလေးကို အပြစ်မဆိုပဲ ကျေနပ်တဲ့ အပြုံးနဲ့ ပြောပါတယ်။ အော် --ကိုယ့်ဘ၀ကိုယ်ရပ် ကိုယ့်ဘာသာဆုံးဖြတ် ရဲရဲဝံ့ဝံ့လုပ်တတ်အောင် တပည့်တွေကို သင်ပေးတတ်တဲ့ ဆရာ။
ပြဿနာတွေ အေးလို့ မီးအိမ်လေးလည်း ပုံမှန် ပြန်လည်ထွန်းလင်းနေနိုင်လာတဲ့အခါ။ မြို့နယ်ကလူများကလည်း ဆရာ့ကို ယုံကြည် အားပေးလာကြတဲ့အခါ။ မလိုသူတွေကလည်း သူတို့အမှားတွေကို ၀န်ခံတောင်းပန်ပြီး ဆရာ့ကို ပါဝင်ကူညီလာတဲ့အခါ။ ညနေချမ်းလေး တစ်ခုမှာပေါ့။ တိတ်ဆိတ်ငြိမ်သက်တဲ့ မယ်စလီတောထဲကို ဆရာနဲ့ ကျွန်တော် သွားခဲ့ကြပါတယ်။ တကယ် အေးချမ်းတဲ့ သစ်တောလေးပါပဲ။ ကားလမ်းနဲ့ သိပ်မပေးတော့ လမ်းပေါ်က သွားလာ လှုပ်ရှားနေကြတာကို လည်း အထင်းသားမြင်နေရပါတယ်။ လမ်းပေါ်က လူများကို ကြည့်ရင်း “ ကိုယ့်ကို မလိုလားတဲ့ သူတွေကို သုတ်သင် ဖယ်ရှား ရှင်းလင်းပစ်တာဟာ လူတော် လူကောင်းတွေရဲ့ အလုပ်မဟုတ်ဘူး၊ အာဏာရှိရင် လုပ်ပိုင်ခွင့်ရှိရင် လူမိုက် လူယုတ်တွေလည်း လုပ်နိုင်တယ်၊ ကိုယ့်ကို မလိုလားသူတွေကို ကိုယ့်ကို လိုလားလာအောင် ကိုယ့်ဘက်သား ဖြစ်လာအောင် လုပ်နိုင်မှ လူတော် လူကောင်း၊ အာဏာရှိတိုင်း လုပ်ပိုင်ခွင့်ရှိတိုင်း မလုပ်နိုင်ဘူး၊ အဲဒါလေးကို ဘယ်နေရာမှာပဲ နေနေ သတိရပါ” လို့ တပည့်မိုက်လေး ကျွန်တော့်ကို မှာနေရှာတယ်လေ။
သူငယ်ချင်းတို့ရေ ဆရာပြောခဲ့သလိုပါပဲ။ ကိုယ့်ကို မလိုလားသူတွေကို ကိုယ့်ဘက်ပါအောင် မလုပ်နိုင်ဘူးဆိုရင်တောင် သူတို့ကိုတော့ မသုတ်သင် မရှင်းလင်းလိုက်ပါနဲ့နော်။ တစ်ခုတော့ သတိပေးချင်ပါတယ်။ “ အန္တရာယ်ရှိမှန်း သိရင်တော့ ကြိုတင် တားဆီးထားသင့်တယ် ” လို့ ၊ ဒါက ကျွန်တော့်အမြင်လေးပါနော်။ ပြီးတော့ မီးဟာ လောင်ပြီဆိုတာနဲ့ တစ်ခုခု ဆုံးရှုံးလိုက်ပြီးဆိုတာကို သိပါနော်။ အကောင်းဆုံးကတော့ မလောင်သေးခင် ကြိုက်တင် ကာကွယ်ထားတာပါပဲ။
အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း