မိသားစု တစ်စု။ အားလုံးပေါင်း ငါးယောက်။ မလောက်မငနဲ့ နေ့တိုင်း စားနေကြရတယ်။ တစ်နေ့ ထမင်းစားကြတော့ ဖခင်လုပ်သူက “ သမိးကြီး ထမင်းယူဦးမလား ၊ မယူတော့ဘူး မဟုတ်လား ” လို့မေးမေးပြီး သူ့ပန်းကန်ထဲပဲ ထည့်ထည့်စားနေတယ်။ သမီး အကြီးလေးကတော့ ထမင်းထည့်ပေးမယ် ထင်ပြီး ပန်းကန်များလေး မ- လိုက် မထည့်ပေးလို့ အသာလေး နေလိုက်နဲ့။ ဒါဟာ တကယ် ရှိဘူးတဲ့ အဖြစ်အပျက်ပါ။ အဲဒီမိသားစု နာမည်ကိုတော့ မပြောပြတော့ဘူးနော်။ ပြောချင်တာက ဖခင်ကြီးစိတ်ထဲမှာ သူ၀၀ မစားရမှာကို ကြောက်နေပါတယ်။ ပြီးတော့ ဖခင်တို့ ၀တ္တရာလည်း ရှိနေပြန်တယ်။ အဲဒါကြောင့် ဟန်ဆောင်ကာ ထမင်းယူကြဦးမလားလို့ အမြန်မေးပြီး သူ့ပန်းကန်ထဲပဲ ထည့်ထည့်စားနေခဲ့တာပါ။ အဲလို ဖခင်လည်း တကယ်ရှိတာပါနော်။ အဲဒါဟာ စိတ်ထားဖြူစင်မှု့ မရှိတာပါပဲ။
ပြီးတော့ ကျွန်တော်တို့ကျောင်းတက်နေစဉ်က သူငယ်ချင်းတစ်ယောက်ပေါ့။ သူ့နာမည်က ဇော်ဦးတဲ့။ သူက ပြည့်စုံတဲ့ မိသားစုက မွေးဖွားလာသူပါ။ ကျောင်းလာတိုင်းလည်း မုန့်ဘိုးအများဆုံး ပါလာသူပါ။ ဒါပေမဲ့ ဘယ်တော့မှ နှစ်ယောက်စာ မ၀ယ်ပါဘူး။ သူတစ်ယောက်စာပဲ ၀ယ်ပြီး “စားဦးမလား”လို့ သူငယ်ချင်းများကို ၀တ္တရားအရ မေးတတ်ပါတယ်။ တစ်ယောက်စာပဲ ၀ယ်ထားတာ သိနေတော့ သူငယ်ချင်းများကလည်း ဘယ်စားရက်မလဲနော်။ တစ်နေ့ ကျွန်တော့်ကို လာမေးတယ် “စားဦးမလား” တဲ့။ ကျွန်တော်က “ စားဦးမလားလို့ မပြောပါနဲ့၊ အဲလိုပြောတဲ့ကောင်ကို တကယ် စိတ်တိုတာ၊ မင်းနဲ့ငါက သူငယ်ချင်းတွေမို့ ပွင့်ပွင့်လင်းလင်းပြောပြတာနော်၊ မင်းတကယ် ကျွေးချင်တယ်ဆိုရင် စားပါဦး လို့ပြော ” လို့ သူ့ကို ပြောလိုက်တယ်။ သူက “အေးပါ၊ ငါစကား ပြောမတတ်လို့ပါ၊ စားဦးမလားလို့ ပြောတာပါ” လို့ ပြောပါတယ်။ ကျွန်တော်လည်း ရွဲ့ချင်တာနဲ့ အကုန်စားပစ်လိုက်တယ်။ အင်း --- စိတ်တော့ မကောင်းပါဘူး။ ကျွန်တော်က အဲလိုစိတ် သိပ်ရှိတဲ့ကောင်။ သူ့မျက်နှာလေးကို တွေးလို့သာကြည့်ပါတော့။ လျှာရည်မိတာကိုက ငါ့အမှားလို့ သူ့ကိုသူ အပြစ်တင်နေတဲ့ပုံစံနဲ့လေ။ အဲဒါဟာ စိတ်ထားဖြူစင်မှု့ မရှိတာပါပဲ။
လူတွေမှာ မပြောချင်သော်လည်း ဟန်ဆောင်ပြီးဖြစ်စေ ဟန်မဆောင်ပဲ ဖြစ်စေ ပြောနေရတယ်လေ။ မကျွေးချင်သော်လည်း ၀တ္တရားအရ ကျွေးနေရတယ်။ မပေးချင်သော်လည်း ၀တ္တရားအရ ပေးနေကြရတယ်။ မမေးချင်သော်လည်း မေးနေရတယ်။ မလုပ်ချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လုပ်နေကြရတယ်။ မရယ်ချင်သော်လည်း ရယ်ပြနေကြရတယ်။ ခက်တော့လည်း ခက်သားနော်။ လောက လူ့အဖွဲ့အစည်းကြီးကိုက အဲလို ဟန်ဆောင်နေမှ ဟန်ဆောင်နေတတ်မှ ၀င်ဆန့်တာလေ။ အဆင်ပြေတာလေ။ အဲဒါတွေကိုက စိတ်ထား ဖြူစင်မှု့ မရှိတာပါပဲ။ ကျွန်တော့်အမြင်ပါနော်။ တစ်ခါတစ်လေ ကျွန်တော်ကိုယ်တိုင်က အများနဲ့ ဆန့်ကျင်တဲ့အတွေးမျိုးကို တွေးတတ်သူဆိုတာကိုတော့ ကိုယ့်ကိုယ်ကို ၀န်ခံပါတယ်နော်။
မောင်မျိုးမင်း (ချင်းချောင်းခြံ) ရေးတဲ့ စာအုပ်တစ်ခုထဲမှာ အမှန်တရားကို မြတ်နိုးတဲ့ ညီက သူ့ချစ်သူကို ရေနွေးနဲ့ ပက်တဲ့အခန်းပါပါတယ်။ အဲလိုလုပ်တော့ သူ့ကို အားလုံးက အပြစ်ပြောကြတယ်။ အပြစ်တင်ကြတယ်။ ကြဉ်ပယ်ထားကြတယ်။ ဒီတော့ အဲဒီညီလုပ်သူက “ကျွန်တော့်ရင်ထဲမှာ သူ့မျက်နှာကို ရေနွေးနဲ့ ပက်ချင်နေတယ်။ အဲဒီလို ပက်ချင်စိတ်ဖြစ်နေလို့ ပက်လိုက်တယ်၊ အဲဒါ မှားသလား” လို့ ပြောလိုက်တယ်။ ကျန်တဲ့လူတွေကပြောကြတယ်လေ။ အဲဒါ မှားတယ်တဲ့။ ကျွန်တော့်အမြင်တော့ ညီလုပ်သူရဲ့လုပ်ရပ်ကို မှားတယ်လို့ မမြင်ဘူး။ ဒါပေမဲ့ လူမှု့ရေးအရ မလုပ်သင့်ဘူးလို့တော့ ထင်တယ်ပေါ့နော်။ သူငယ်ချင်းတို့ကရော ဘယ်လိုမြင်ပါသလဲ?။ အများကြီးပါပဲ။ အကုန်ရေးမယ်ဆိုရင် ပြီးမှာ မဟုတ်တော့ဘူးလေ။ သူငယ်ချင်းတို့လည်း မြင်နေ တွေ့နေ ကြုံနေ ဆုံနေ ပြုလုပ်နေကြရတာပဲ မဟုတ်လားဗျာ။
ခွေးတစ်ကောင်ကို ကြည့်ကြပါစို့။ ခွေးတစ်ကောင်ဟာ သူ့ပါးစပ်ထဲမှာရှိတဲ့ အစာကို မပေးချင်ဘူးဆိုရင် သူ့အဖေဖြစ်လို့ အမေဖြစ်လို့ ညီအစ်ကိုဖြစ်လို့ ဘာဖြစ်လို့ ညာဖြစ်လို့ ဆိုတာတွေကို မကြည့်ပါဘူး။ မကြိုက်တဲ့ အကြောင်းကို သွားဖြဲပြပါတယ်။ မာယာများတယ်ဆိုတဲ့ ကျားတွေကို ကြည့်လိုက်ပါဦး။ သူတို့ စားချင်တဲ့ သားကောင်ဆိုရင် စားတော့မယ်ဆိုတာကို သူတို့အမြီးနဲ့ အချက်ပေးပါတယ်။ ကျားတွေဟာ မာယာများတာ မဟုတ်လောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ သူတို့ခုတ်သတ်တာကို သေချာကြည့်ကြည့်ပါ။ မာယာနဲ့လှည့်ပတ်ပြီး သတ်စားတာ မတွေ့ရသလောက်နည်းပါတယ်။ အတင်းလိုက်ပြီး သတ်စားတာပဲ များပါတယ်။ ခြင်္သေ့ဆိုရင်လည်း သူ စားတော့မယ်ဆိုတဲ့အကြောင်း သူလုပ်တော့မယ်ဆိုတဲ့အကြောင်းကို ဟိန်းသံပေးပြီး အသိပေးပါတယ်။ ဒါဟာ ဖြူစင်မှု့ပါ။ ဒီအတိုင်းပါပဲ မြွေတွေ ကြက်တွေ ငှက်တွေ အကုန်လိုက်ကြည့်ကြည့်ပါ။ သူတို့ရင်ထဲမှာ ရှိတဲ့အတိုင်းပဲ လုပ်တတ်ကြပါတယ်။ ဗုဒ္ဓဘုရားဟောကြားတဲ့ တရားတော်ထဲမှာလည်း တိရစ္ဆာန်တွေဟာ လူတွေထက် ပိုပြီးဖြူစင်တယ်, မာယာနည်းတယ် ဆိုတာကို ဟောထားတာ မှတ်သားဘူးပါတယ်။ ဘယ်နေရာ ဘယ်တရား ဆိုတာကိုတော့ မမှတ်မိပါဘူး။ သိချင်ရင်တော့ ခင်တဲ့ ရင်နှီးတဲ့ ဦးဇင်း ကိုရင်များကိုသာ မေးကြည့်ကြပါနော်။ တကယ် အဲလို မှတ်ထားဘူးတာတော့ အမှန်ပါ။
တစ်ခုတော့ ရှိတာပေါ့။ တိရစ္ဆာန်တွေမှာ လူတွေလို ကြီးမား ခမ်းနားတဲ့ ပညာတော့ မရှိပါဘူး။ အဲလို မရှိလို့ပဲ သူတို့ကို လူတွေထက် ယုတ့်ညံ့တယ်လို့ ပြောကြတာပေါ့။ သူတို့မှာ လက်ရှိဘ၀ထက် မြင့်အောင် လုပ်လိုစိတ်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတဲ့ တွေးတောစဉ်းစားတတ်တဲ့ ပညာမရှိလို့ပဲလေ။ တိရစ္ဆာန်တွေမှာ သညာရှိပါတယ်။ သူတို့ကို ချစ်တဲ့ ခင်တဲ့သူ အစာကျွေးတဲ့သူတွေရဲ့ အမူအရာ အသံ အနံ့ကို အလွတ်ရပါတယ်။ အဲဒါ သိတဲ့ ပညာတော့ မဟုတ်ပါဘူး။ မှတ်သားထားတဲ့ သညာပါ။ သူတို့ဟာ ပညာမရှိပေမဲ့ သညာရှိပါတယ်။ အဘိဓမ္မာဟာ ဘ၀အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုမို့ လေ့လာ လိုက်စားသင့်တယ်လို့ အကြံပြုချင်ပါတယ် သူငယ်ချင်းတို့ရေ။ အသိပညာပိုင်းမှာ လူတွေက တိရစ္ဆာန်တွေထက်သာပါတယ်။ စိတ်ထား ဖြူစင်မှု့ပိုင်းမှာတော့ တိရစ္ဆာန်တွေက လူတွေထက် သာပါတယ်။ "တိရစ္ဆာန်တွေဟာ ငါးပါးသီလတောင် မလုံခြုံဘူး၊ ဘာလို့ လူတွေထက် ဖြူစင်တယ်လို့ ပြောရတာလဲ" လို့ မေးစရာတော့ ရှိတာပေါ့နော်။ အဲလိုမေးလာရင်တော့ "ငါးပါးသီလလုံရင် ဘယ်လိုအကျိုးရှိတယ်လို့ သိတဲ့ ပညာမရှိလို့ မလုံတာပါ" လို့ပဲ ဖြေပေး ပါရစေနော်။
ဇာတ်တော်တွေ တရားတော်တွေထဲမှာ “ပြောတာဆိုတာကို နားလည်ပြီး ကံငါးပါးကို လုံသွားတဲ့ တိရစ္ဆာန်တွေ” ရှိပါတယ်။ ရှားတော့ ရှားပါတယ်။ ဒီနေရာမှာ ကံတရားဖြူစင်မှု့ကို အဓိက ပြောလိုတာမဟုတ်ပါဘူး။ စိတ်ထားဖြူစင်မှု့ကို ပြောလိုတာပါ။ သူတို့ရင်ထဲမှာ ရှိတဲ့အတိုင်းလုပ်တတ်တဲ့ တိရစ္ဆာန်တွေကို ကျွန်တော် ချစ်တတ်နေပါပြီ။ သူတို့တွေကို ချစ်ရတာ စိတ်ချမ်းသာတယ်လေ။ တစ်ခါတစ်လေ သူတို့တွေက ကျွန်တော့်အတွက် ရှေ့ဆောင်လမ်းပြတွေလည်း ဖြစ်လို့နေပြန်တယ်။ သူငယ်ချင်းတို့အနေနဲ့ လက်ခံနိုင်မယ် လက်မခံနိုင်ဘူးဆိုတာကိုတော့ သိချင်မိပါတယ်။ ကျွန်တော်ကတော့ “လူတွေထက် တိရစ္ဆာန်တွေရဲ့ စိတ်ထားက ပိုပြီး ဖြူစင်တယ် ဆိုတာလေးကို” လက်ခံနေမိတယ်။ ကျွန်တော်တို့လူသားတွေ တိရစ္ဆာန်တွေလို စိတ်ထဲမှာရှိတဲ့အတိုင်းပဲ ပွင့်ပွင့်လင်းလင်း ပြောဆို ပြုလုပ်ကြမယ်ဆိုရင် ကမ္ဘာလောကကြီးက လုံးဝပြိုကွဲသွားလေမလား (သို့) လုံးဝ ငြိမ်ချမ်း ဖြူစင်လာလေမလားဆိုတာကိုတော့ ကျွန်တော့်စိတ်မှာေ၀၀ါးလို့ နေဆဲပါ --
အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း