လောဘမူစိတ်အဖွင့်
သောမနဿသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကံ၊
သောမနဿသဟဂတံ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကံ၊ ပေ၊
ဥပေက္ခာသဟဂတံ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကံတိ ဣမာနိ အဋ္ဌပိ လောဘသဟဂတစိတ္တာနိ နာမ။
သောမနဿသဟဂတံ
သုန္ဒရံ= ကောင်းသော၊
မနော= စိတ်တည်း၊
သုမနော= ကောင်းသောစိတ်၊
သုမနဿ= ကောင်းသောစိတ်၏၊
ဘာဝေါ= ဖြစ်ကြောင်းဖြစ်ရာ ဝေဒနာတည်း၊
သောမနဿံ= ကောင်းသောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာ ဝေဒနာ၊
“ကောင်းသောစိတ်” ဟူရာ၌ “အကောင်း” ဟူသည် ပညာရှိတို့ချီးမွမ်းဖွယ်ရာ အပြစ်အနာမရှိသော အကောင်းမဟုတ်, သာယာဖွယ်ကောင်းသည့် အကောင်းတည်း၊ ဤ စကားမှန်၏..... လောက၌ အပြစ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သာယာဖွယ်ဟူသမျှကို “အကောင်း” ဟု သမုတ်ကြ၏။
သုမန၌ သုသဒ္ဒါလည်း သောမနဿ ဝေဒနာကို ပြ၏။ ထို သောမနဿဝေဒနာကို တစ်လောကလုံးက သာယာကြသည်။ မိမိ သန္တာန်၌ သောမနဿဖြစ်ဖို့ရာ
သောမနဿ၏ အဆောက်အအုံ အာရုံတွေကို စုံစုံ မက်မက်ရှာကြ၏။ ထို့ကြောင့် ကုသိုလ်အရာဖြစ်စေ အကုသိုလ်အရာ ဖြစ်စေ သောမနဿ ဝေဒနာကို
“သာတံ= သာယာဖွယ်သဘော၊
သုခံ= ချမ်းသာစေတတ်သောသဘော” ဟု ဟောတော်မူသည်။
သဟဂတံ
“အာရမဏေ စ သံသဋ္ဌေ, ဝေါကိဏ္ဏေ နိဿယေ တထာ၊
တဗ္ဘဝေစာပျဘိဓေယျ-လိင်္ဂေါ သဟဂတော ဘဝေ”
ဟူသော အဘိဓာန်လာ သဟဂတ သဒ္ဒါ၏ အနက်များစွာတို့တွင် ဤနေရာ၌ သဟဂတသဒ္ဒါသည် ရောနှောခြင်း ဟူသော သံသဋ္ဌ အနက်ဟောတည်း၊ ထင်ရှားစေအံ့- သမုဒြာအဝ၌ ဂင်္ဂါနှင့် ယမုနာ မြစ်တို့ ရောနှောမိကြလေရာ “ဤရေသည် ဂင်္ဂါရေ, ဤရေကား ယမုနာရေ” ဟု ခွဲခြား၍မရအောင် ရောနှောမိကြ သံသဋ္ဌဖြစ်ကြသကဲ့သို့, ထို့အတူ သောမနဿဝေဒနာနှင့် စိတ်တို့ အတူတကွဖြစ်ရာ၌လည်း “ဤသဘောသည် စိတ်, ဤသဘောကား သောမနဿဝေဒနာ” ဟု ခွဲခြားမရအောင် ရောနှောမိကြ သံသဋ္ဌ ဖြစ်ကြသည်။
သောမနေဿ+သဟဂတံ= သောမနဿသဟဂတံ။
_Battalion-Royal_Canadian_Regiment_of_Infantry.jpg)










