ကျနော် အားကစားလုပ်ရင်း လက်ကောက်ဝတ်နာနေခဲ့သည်…
နာမည်ရ ဆေးခန်းတစ်ခုသို့ သွားပြရန်ဆုံးဖြတ်ခဲ့သည်…
ဆေးခန်း၏ နာမည်ကြီးချက်က 9 လောက်ရှိသည်…
အနယ်နယ်အရပ်ရပ်မှ လူနာများလာရောက်ပြသကြသည်…
မနက် ၉ နာရီမှ တိုကင်ယူထားလျှင် ညနေ ၅ နာရီမှ ကိုယ့်အလှည့်ကျသည်…
ထို့ကြောင့် စာရေးမများက တိုကင်နံပါတ်ပေး၍ ဘယ်အချိန်ပြန်လာရမည်ကို ပြောသည်….
ဆေးခန်းနာမည်မှာကြီးသော်လည်း ဆေးခန်းလေးမှာ သေးငယ်သည်ဟု ဆိုရမည်…
ထိုင်ခုံတွင် စီတန်းထိုင်ကာ အလှည့်ရောက်ရန် နေရာယူရသည်…
တစ်ယောက်ဝင်သွားလျှင် တစ်ခုံရွှေ့ထိုင်ရသည်…
ကျနော်လည်း ဒီဆေးခန်းကိုရောက်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်…
အခန်းကျဉ်လေးတွင် လူနာများဖြင့်ပြည့်နှက်နေသည်…
စာရေးမနှစ်ယောက်လည်းရှိသည်…
အခန်းတွင်းမှ လူနားများက ကိုယ့်ဝေဒနာနဲ့ကိုယ်ခံစားနေကြရသည်…
စောင့်ဆိုင်းနေရခြင်းကလည်း စိတ်မသက်သာစရာအချက်တစ်ချက်ဖြစ်နေခဲ့သည်…
ထိုသို့ စိတ်ညစ်နေခိုက် အမည်မဖော်သူတစ်ဦး၏ လေလည်မှုကြောင့်
အခန်းတွင်းမှ လူနာများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
ယုန်ထင်ကြောင်ထင်ဖြစ်ကုန်တော့သည်…
အနံအသက်ကလည်း ပြင်းထန်လှသည်…
ထိုအခိုက်ကျနော်လည်း သေချင်စော်နံ၍
အသက်အောင့်ကာ အသုဘကမ္မဋ္ဌာန်း ရှုခဲ့ရသေးသည်…
ပြေပြေလည်လည်ဖြစ်သွားအောင် စာရေးမ ပန်ကာဖွင့်ပေးမှ
အားလုံး အသက်ရှူချောင်သွားခဲ့သည်…
တိုကင် နံပါတ်ကလည်း တဖြေးဖြေးနဲ့တော့နီးလာပါသည်…
သို့သော် နယ်ပြန်ရမည့်လူနာများ၊ အရေးပေါ်လူနာများနဲ့
သက်ကြီးရွယ်ကိုများကို ဦးစားပေးနေရပြန်သည်…
ထိုသို့ဦးစားပေးနေခြင်းကို ပရဟိတလုပ်နေခြင်းအဖြစ်
သဘောပိုက်ကာ သင့်တင့်သောနှလုံးသွင်းနေရသည်…
ထိုသို့ ဦးစားပေးရခြင်းအတွက်လည်း စိတ်အနှောက်အယှက်ဖြစ်ရခြင်း အလျင်းမရှိခဲ့…
အလှည့်ရောက်ဖို့ တစ်ယောက် နှစ်ယောက်သာလိုတော့သည်ကိုတွေး၍
စိတ်ဖြေသာနေခဲ့သည်…
ကောင်းခန်းကလာပြီ…
အလှည့်ရောက်ခါနီးလို့ ပျော်မယ်မှ မကြံသေး…
ရုတ်တရက် သင်္ကန်းခြုံကိုယ်တော်တစ်ပါး ကြွလာသည်…
အခန်းထဲတွင်လူနာရှိနေ၍
ထိုကိုယ်တော်က အပေါက်ဝမှ ထိုင်ခုံတစ်ခုတွင်နေရာယူလိုက်သည်…
ကိုယ်တော့်၌ ပြင်းထန်သောဝေဒနာ ခံစားနေရခြင်းလည်းမတွေ့ရ
ဒါ့အပြင် တိုကင် ယူထားခြင်းမရှိသည်ကိုလည်း ကျနော်သိသည်…
လူနာထွက်လျှင်ထွက်ချင်း
အခန်းထဲသို့ ဆရာတော် နှစ်လှမ်းသုံးဖ၀ါးနှင့်အရောက် ကြွချီတော်မူခဲ့သည်…
(ရှေ့မှရောက်နှင့်သူများ၏ စာင့်ဆိုင်းနေရသောအချိန်နှင့် ခံစားနေရသောဝေဒနာကို မထောက်ထား)
သံဃာ့ဂုဏ်တော်များ ကြီးမားပေစွတကားဟု မုဒိတာပွားခဲ့ရပြန်သေးသည်…
ထိုသို့ ဆေးခန်းအတွင်းမှ အဖြစ်အပျက်များကြောင့်
ကျနော်လည်း တထိုင်တည်းနဲ့ တရားရသွားခဲ့သည်…
ဆေးခန်းလေးအတွင်း၌
ပရဟိတလည်းလုပ်ခဲ့ပြီ...
ဖြစ်ပျက်ကိုလည်း မုန်းခဲ့ပြီ…
အသုဘကမဋ္ဌာန်း လည်းရှုခဲ့ပြီ…
ဗြဟ္မစိုရ်တရား များလည်း ပွားများခဲ့ရပြီ…
အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာများလည်း အထင်အရှားတွေ့ခဲ့ပြီ
သူအို သူနာ နှင့် ရဟန်းဟူသော နိမိတ်ကြီးများကိုလည်း
တောမထွက်ရပဲ မြင်ခဲ့ရပြီ…
တကယ့်ကိုယ်တွေ့ဖြစ်ရပ်လေးပါဗျနော်…
စာဖတ်သူ မိတ်ဆွေသူငယ်ချင်းများလည်း
တရားလေးရလို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဗျာ


_Battalion-Royal_Canadian_Regiment_of_Infantry.jpg)










