ဖွတ်တက်စရာ မလိုတော့ပါ
ဒီ ဘလော့ကို ရေးသားရခြင်းသည် သူတပါးအား ထိခိုက်စေလိုသော ရည်ရွယ်ချက် မရှိပါ၊ မိတ်ဆွေများအား ဟဒယရွှင်ဆေး တိုက်ကျွေးချင်တဲ့ ဆန္ဒတစ်ခုသာရှိပါကြောင်း ရှေးဦးစွာ တောင်းပန်စကား ဆိုလိုက်ပါရစေ။
စာရေးသူတို့၏ အရပ်သားများနှင့် မြစ်နားသား ဆိုသူတို့ သည် အချင်းချင်း စကားနိုင်လုဘက် များ ဖြစ်ကြပါသည်။ အကျွန်ုပ်တို့ အရပ်သားနှင့် မြစ်နားသားများ ဘယ်နေရာမှာပဲ တွေ့တွေ့ …..ဦးတဲ့သူက စကားနိုင်လုပြောတတ်ကြပါတယ်။ ခိုက်ရန်ဒေါသ ဖြစ်တယ်ဆိုတာတော့ မရှိပါ။
အခုပုံပြင်ကလေးက လည်း မြစ်နားသားတစ်ယောက်ကို အကျွန်ုတို့ အရပ်သားတစ်ယောက်က ပြောတဲ့ ပုံပြင်လေးဆိုပါတော့….။
ပုံပြင်လေးကတော့ …….
ရွာတစ်ရွာမှာ ဦးမောင်ဌေး နှင့် ဦးသုခ ဆိုတဲ့ စီးပွားပြိုင်ဘက် နှစ်ဦးရှိကြသတဲ့။ စီးပွားရေးကို အပြိုင်အဆိုင် ရှာဖွေကြသူတွေပေါ့။ နှစ်ဦးစလုံးဟာ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေ နဲ့ပေါ့။ တစ်ယောက်ယောက်က အသာရသွားလျှင်လည်း ကျန်တစ်ယောက်က မနာလို ၀န်တို ဖြစ်ပါသတဲ့။
ဒါနဲ့ တစ်နေ့မှာ ဦးသုခဆိုသူက စီးပွားတွေ အရမ်းတက်ပြီး ဦးမောင်ဌေးကတော့ ကျရိပ်ပြလာတဲ့ အချိန် ဆိုပါတော့။ အဲဒီ အချိန်မှာ ဦးသုခတို့ အိမ်ကို မြစ်နားသားတွေ ၀င်ထွက် သွားလာနေချိန်ပေါ့။
စီးပွားကျလာတဲ့ ဦးမောင်ဌေးက ဦးသုခကြီး စီးပွားတက်တာ မုဒိတာမပွားနိုင်ဘူး၊ မနာလို မရှုစိမ့် ဖြစ်နေတယ်။ သူ စီးပွားကျဖို့ နည်းလမ်းလိုက်ရှာနေတယ်တဲ့။ ဒါနဲ့ ဦးမောင်ဌေးရဲ့ ခေါင်းထဲမှာ အကြံတစ်ခု ပေါ်လာတယ်၊ ရှေးလူကြီးများ ပြောချက်အရ အိမ်ပေါ်သို့ ဖွတ်တက်ရင် အဲဒီအိမ်ဟာ စီးပွားကျတယ်တဲ့။ အေး ဟုတ်ပြီ မောင်သုခ စီးပွားကျအောင် ငါ ဖွတ်တစ်ကောင် ကို အကူအညီတောင်းပြီး တက်ခိုင်းမယ် ဆိုပြီး ဖွတ်တွေနေတတ်တဲ့ တောင်ပို့င်္ကြီးတစ်ခုဆီသို့ သွားပြီး ဖွတ်မင်းကြီးကို အကူအညီ တောင်းသတဲ့။ ဖွတ်မင်းကြီး ကျေးဇူးပြု၍ ကျနော့်အား အကူအညီ တစ်ခုလောက် ပေးပါခင်မျာ။ ကျုပ်ရဲ့ စီးပွားပြိုင်ဘက် ဦးသုခကတော့ စီးပွားတွေ အရမ်းတက်နေပါတယ်၊ ဒါကြောင့် သူစီးပွားတွေ ပြန်ကျသွားအောင် သူ့အိမ်ပေါ်သို့ ခဏလောက် တက်ပေးပါလားခင်ဗျာ ဟု ဦးမောင်ဌေးရဲ့ အကူအညီ တောင်းခံသံကိုလည်း ကြားရော ဖွတ်မင်းကြီးက တောင်ပို့ထဲက ထွက်လာပြီး၊ ဟယ်….အသင်လူသား…. ဦးသုခအိမ်မှာ မြစ်နားသားတွေ ၀င်ထွက်နေတယ်မဟုတ်လား၊
ဒီလိုဆိုရင်... ငါတက်စရာ မလိုတော့ပါဘူး........၊
မြစ်နားသားတွေ တက်နေပြီလေ.....။
မြစ်နားသားတွေ တက်ရင် ငါတက်တာထက် ဆိုးတယ်ကွ
မင်း စောင့်ကြည့်နေ ……
ဟူသတည်း.။
ကြိုးစားပါဦးမည်
ဧပရယ်စံ