“ကိုစိုး ဦးသောင်းတို့ အိမ်မှာ လူတစ်ယောက်ရောက်တယ်ဗျ။ အဲဒါ သန်းခေါင်စာရင်း ကောက်ပြီးပြီလား”။
“ဟေ ဟုတ်လား။ ငါ့ဆီ လာမပြောသေးဘူးဟ။ ည မအိပ်ဘူးနဲ့တူတယ်”။
“အိပ်လောက်တယ်ဗျ။ မနက်ကတည်းက ကျွန်တော်တွေ့နေတာ ခု ညနေထိ ရှိနေတုန်းပဲ”။
ရွာရဲ့ ဥက္ကဋ္ဌဦးစိုးနဲ့ ဆယ်အိမ်ခေါင်း ကိုမြကြီးတို့ ပြောနေကြသည့် စကားများဖြစ်သည်။ အင်တိုင်းရွာမှာ ဘယ်သူ့ ဧည့်သည်လာလာ ဥက္ကဋ္ဌဆီကို စာရင်းပေးပို့ရသည်။ ဒါက ရွာရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခု။ ဦးသောင်းဆိုတာ ရွာရဲ့ မျက်နှာဖုံး။ ရွာမှာ အချမ်းသာဆုံး လူတစ်ယောက်။ ရွာသူ ရွာသားတိုင်းက သူ့ကို လေးစားကြသည်။ ဦးသောင်း ဦးဆောင်လုပ်တဲ့ လုပ်ငန်းဆို ရင် လွယ်လွယ်နဲ့ ပြီးတတ်သည်။ အောင်မြင်တတ်သည်။ ရွာလယ်လမ်းမကြီးကို လမ်းခင်းမည့် ကိစ္စမှာလည်း အစက အင်တင်တင်။ လမ်းချဲ့မည့်ကိစ္စမှာ ပိုဆိုးသည်။ သူ့အိမ်က ၈ လက်မ။ ငါ့အိမ်က ၁၀ လက်မ စသည်ဖြင့် စကားများနေကြသည်။ ဦးသောင်းလည်း ဦးဆောင်လိုက်ရော အားလုံးအဆင်ပြေသွားသည်။ တစ်လက်မ ဘယ်လောက်ဆိုပြီး ပြေပြေလည်လည် ဖြစ်အောင် အလျော်ပေးလိုက်သည်။ စာသင်ကျောင်း ပြင်တော့လည်း ဒီအတိုင်းပါပဲ။ အလုပ်ကိုယ်စီနဲ့ဖြစ်နေတာကြောင့် လုပ်အားပေး မလိုက်ချင်ကြ။ အလုပ်အားလို့ လုပ်အားပေးလာကြတော့လည်း လူက မစုံ။ လူကမစုံတော့ ဟိုသူ့တွက်ကပ် ဒီလူ့တွက်ကပ်နဲ့ လုပ်ငန်းက မအောင်မြင်။ ဦးသောင်းက ခေါင်းဆောင်ပြီး တစ်နေ့က လုပ်အားခ ဘယ်လောက်လှူဒါန်းပါမည် လို့လည်း ကြေငြာလိုက်ရော ရောက်လိုက်ကြတဲ့ လူတွေ။ တောမသွားကြတော့ဘူး။ ငွေရဲ့ စွမ်းအားနဲ့ ငွေရဲ့ တန်ခိုးနဲ့ ငွေရဲ့ စွမ်းရည်နဲ့ ခဏပဲ ပြီးသွားသည်။ အဲဒီလို ဦးသောင်းပါ။ ခုလည်း ဥက္ကဋ္ဌ ဦးစိုးက ဦးသောင်းကို သွားပြောရမှာ ၀န်လေးနေသည်။ သို့သော် ကိုမြကြီးက ၀န်မလေး။ လေးနေလို့လည်း မဖြစ်။ တစ်ခုခု ဖြစ်လျှင် သူတို့ကိုပဲ အပြစ်တင်ကြပေမည်။ ဒါကြောင့် ဦးစိုးကို ပြောနေရခြင်း ဖြစ်သည်။ ဦးစိုးကတော့ ဦးသောင်းဆီကို မသွားလို။ ဒါကြောင့် “မြကြီးရာ ဦးသောင်းအိမ် လာတဲ့ ဧည့်သည်ဆိုတော့ လူကောင်းပဲ ဖြစ်မှာပါ။ ဦးသောင်းလို ပုဂိုလ်ဆီမှာလည်း လူဆိုး လူမိုက်တွေက လာပြီး တည်ခိုးရဲမှာ မဟုတ်ပါဘူး။ သွားပြောလို့လည်း မကောင်း ဘူးကွ။ သူ့က ရွာရဲ့ မျက်နှာဖုံးလေ” လို့ ဆင်ခြေပေးနေသည်။ ဥက္ကဋ္ဌကြီးကိုယ်တိုင်က ဒီလို ပြောနေမှတော့ ကိုမြကြီးလည်း ဘာမှ မပြောချင်တော့။ အေးဆေး အိမ်ပြန်လာခဲ့သည်။ ဒီလိုနဲ့ နေလာလိုက်တာ ၇ - ရက်လောက် ရှိခြေပြီ။ ဦးသောင်းအိမ်မှာရောက်နေတဲ့ ဧည့်သည်နာမည်က ၀င်းဗိုလ်တဲ့။ အရပ်အမောင်း ကောင်းကောင်း, ဥပဓိရုပ်က ရှင်းရှင်း, အသားက လတ်လတ်နဲ့။ ရုပ်ရှင်မင်းသား လုပ်စားဘို့ ကောင်းသည်။ ခုတော့ ဒီလိုမဟုတ်။ ရွာမှာရှိတဲ့ ကိစ္စတော်တော်များများမှာ ၀င်ရောက်လုပ်ကိုင်နေသည်။ တက်တက်ကြွကြွ သွက်သွက်လက်လက်ရှိလှသည်။ ၀တ်စားတဲ့ အ၀တ်စားတွေကလည်း ဈေးကြီးတဲ့ အ၀တ်စားတွေချည်းများသည်။ ဦးသောင်းရဲ့ ဧည့်သည်ဆိုတော့ နယ်နယ်ရရတော့ မဟုတ်တန်ရာ။ အထည်ကြီး အသိုင်းဝန်းကြီးထဲကပဲ ဖြစ်မည်။ ရွာက အပျိုဖျန်းလေးတွေကလည်း ၀င်းဗိုလ် မြင်လောက်ရာ နေရာဆို ခေါက်တုန့်ခေါက်ပြန် လမ်းသလား နေကြသည်။ ကိုမြကြီး မျက်စိထဲမှာတော့ ကန့်လန့်။ “တော်တော် နမ့်တဲ့ ကောင်မတွေ” ဟုရင်ထဲမှာ အပြစ်တင်နေမိသည်။ ဟိုလူက ချီးကျူး ဒီလူက ချီးကျူးနဲ့ လူချစ်လူခင်ပေါတဲ့ ၀င်းဗိုလ်။
တစ်နေ့ ကိုမြကြီးက ရွာဦးကျောင်းမှ အထွက် ကျောင်းရဲ့ အရှေ့ဘက်က ဘုရားကုန်းပေါ်မှာ ထိုင်နေတဲ့ ၀င်းဗိုလ်ကို တွေ့လိုက်သည်။ ဘာလုပ် နေတာပါလိမ့်။ အစကတည်းကမှ စိတ်ထဲ ချဉ်နေသည်မို့ စကားမပြောခဲ့။ ကိုယ့်အိမ်ကို ပြန်လာခဲ့သည်။ အိမ်ရောက်တော့ ရွာကျောင်းက “သာဒွန်းဦးဘုရား” လှည့်လည်ဘို့ အစီအစဉ်များကို ရေးနေမိသည်။ အင်တိုင်းရွာမှာ နှစ်စဉ်နှစ်တိုင်း တစ်နှစ်ကို တစ်ကြိမ် သာဒွန်းဦးဘုရား လှည့်ပွဲရှိသည်။ သာဒွန်းဘုရားဆိုတာ ရှေးဟောင်းဘုရားတစ်ဆူဖြစ်သည်။ ရွှေအစစ်ဖြင့် သွန်းထု ထားသော ဘုရားဖြစ်သည်။ သီတင်းကျွတ်ဘုရားပွဲကဲ့သို့ စည်းကားသည်။ သာဒွန်းဦး ဘုရားလှည့်တဲ့ ညပိုင်းဆိုရင် တစ်ရွာလုံး မီးထိန်ထိန် ထွန်းကြသည်။ ည ၁း၀၀ မှ ၂း၀၀ အထိ မီးထွန်းတတ်ကြသည်။ ၃း၀၀ လောက်မှ အိပ်သူက အိပ်။ ဆွမ်းဟင်းချက်သူက ချက်ကြသည်။ မနက်အရုဏ်တက်တာနဲ့တပြိုင်နက် ဆွမ်းတော်ကပ်ကြသည်။ ဘေးရွာမှ လူများကလည်း လာကြသည်။ အင်တိုင်းရွာဘက်မှာတော့ တော်တော်လေးစည်ကားသော ပွဲတော်ဖြစ်သည်။ ယခုလည်း ကိုမြကြီးက အစီအစဉ်ရေးဆွဲနေမိသည်။ ရွာဦးကျောင်းဆရာတော် မိန့်လိုက်သည့်အတိုင်း ရေးဆွဲနေမိသည်။ ပြီးတော့ ဥက္ကဋ္ဌကြီးကို ပြလိုက်သည်။ ဥက္ကဋ္ဌကြီးကလည်း သဘောတူသည်မို့ အစီအစဉ်ရေးဆွဲမှု့ ပြီးသွားသည်။ ဘေးရွာများသို့ နောက်နှစ်ရက်မှာ သာဒွန်းဦးဘုရားလှည့်လည်ပွဲရှိသည့်အတွက် ဘုရားဖူး ကြွရောက်ကြပါရန် ဖိတ်မံစာများ ပို့ကြသည်။ နောက်နေ့ မနက်မှာ အသစ်ပြင်ထားသော စာသင်ကျောင်းဝန်းကြီးထဲမှာ မဏ္ဍပ်များ ထိုးကြသည်။ အဲဒီမှာလည်း ၀င်းဗိုလ်က ၀ိုင်းကူလုပ်ကိုင်သည်။ မဏ္ဍပ် ကိစ္စပြီးသည်မို့ မနက်ဖြန်ညနေမှာ သာဒွန်းဦးဘုရားကို ရွာလည်က စာသင်ကျောင်းသို့ ပင့်ကြမည်။
သာဒွန်းဦးဘုရားပင့်ဆောင်သော ညနေချိန်မှာ တစ်ရွာလုံးက လမ်းဘေးဝဲယာမှာ လာရောက် ဖူးမျှော်ကြသည်။ သာဒွန်းဦးဘုရားကို တစ်နှစ်မှာ ဒီတစ်ကြိမ်သာ ဖူးတွေ့ခွင့်ရကြသည်။ လှည့်လည်ပူဇော်ပွဲပြီးတာနဲ့ ဘုရားခန်း စံကျောင်းထဲမှာ ထားသည်။ အပြင်မှ တံခါးသုံးထပ်ကို အဆင့်ဆင့် ပိတ်ထားသည်။ ခုလိုလှည့်လည်ပွဲ မှာသာ ဖူးကြရသည်မို့ထင်ပါရဲ့။ ကြိတ်ကြိတ်တိုး ဖူးကြသည်။ သာဒွန်းဦးဘုရားကို စာသင်ကျောင်းထဲက မဏ္ဍပ်မှာ အပူဇော်ခံထားရှိသည်။ ဘုရားဂေါပက လူကြီးများက စောင့်အိပ်ကြသည်။ ဘုရားဖူးသူက ဖူး။ အိပ်ပြန်ပြီး မီးထွန်းသူက ထွန်းနဲ့။ တစ်ရွာလုံး ပျော်ပျော်ရွှင်ရွှင် ထိန်ထိန်ဝင်းဝင်း။ ဦးသောင်းတို့မိသားစုက ဘုရားစောင့်အိပ်ကြတဲ့ ဂေါပကလူကြီးများအတွက် လ္ဘက်တုတ်နဲ့ စားစရာများကို စီစဉ်နေကြသည်။ လ္ဘက်သုတ်နဲ့ စားစရာများကို ၀င်းဗိုလ်က စာသင်ကျောင်းထဲသို့ သွားပို့ပေးသည်။ ဦးသောင်းတို့အိမ်က စာသင်ကျောင်းရဲ့ အနောက်ဘက် နှစ်အိမ်ကျော်မှာ ရှိသည်။ အသုတ်များ စားစရာများစားပြီး အဖျော်ရည်သောက်ဘို့အတွက်လည်း ဦးသောင်းတို့အိမ်က စီစဉ်ထားပြန်သည်။ အဖျော်ရည်အလှူသည် ၀င်းဗိုလ်၏ ကောင်းမှု့ဖြစ်သည်။ ဒီလိုလည်း အလှူဒါနမှာ ၀ါသနာပါသော ၀င်းဗိုလ်။ သူ့မျက်နှာက အမြဲတမ်း ပြုံးပြုံး ပြုံးပြုံးနဲ့။ အဖျော်ရည်ထည့် ထားသည့် ကရားများကို ၀င်းဗိုလ်က သယ်လာခဲ့သည်။ လ္ဘက်သုတ်များစားပြီး အိပ်မပျော်ကြသည့် ဂေါပကများက စကားတပြောပြောနဲ့။ လာလှူထားကြတဲ့ အလှူငွေများကို စားရင်းပြုစုနေကြသည်။ ပြီးတော့ ပြောရင်းပြောရင်းသူတစ်ခွက် ကိုယ်တစ်ခွက် အဖျော်ရည်များကို သောက်ကြသည်။ တဖြေးဖြေးနဲ့ ဟောတစ်ယောက် ဟောတစ်ယောက် အိပ်ပျော်သွားကြလေသည်။ အချိန်က ည ၂နာရီဝန်းကျင်။ လူသွားလူလာ ပြတ်နေတဲ့ အချိန်။ တစ်ရွာလုံးထိန်ထိန်လင်းလင်း တိတ်ဆိတ်နေတဲ့ အချိန်။
မနက်လင်းတော့ စောစောစီးစီး ဆွမ်းတော်လာကပ်သူများ ရောက်လာကြသည်။ အိပ်နေလိုက်ကြသည့် ဂေါပကလူကြီးများ။ ဟောက်သူက ဟောက်။ ကွေးသူက ကွေး။ ကောက်သူက ကောက်။ မှောက်သူက မှောက်။ လှန်သူက လှန်။ မြင်ရတာတောင် ရှက်စဖွယ်။ ဆွမ်းတော် လာကပ်တဲ့သူတွေ အများစုက မိန်းမသားတွေ။ တော်တော်လေး အနေပက်စက်တဲ့ ဂေါပကတွေပဲ။ တိန်။ ဒို့သာဒွန်းဦးဘုရား မရှိတော့ ဘူး။ ဘယ်ရောက်သွားတာလဲ။ ဆွမ်းတော်ကပ်ကြတဲ့သူများ ပြာယာခတ်ကုန်သည်။ ဂေါပကလူကြီးများကို အတင်းလှုပ်နိုးရသည်။ ကယောင်ကတမ်းနဲ့ အိပ်ချင်မူးတူးနဲ့ ထလာတဲ့ ဂေါပကလူကြီးများ။ ခေါင်းမီးတောက်လေပြီ။ သာဒွန်းဦးဘုရားကို ဘယ်လို ရှာမလဲ။ တစ်ရွာလုံး အုန်းအုန်းကျွတ်ကျွတ်နဲ့ ဆူညံသွားလေပြီ။ ဆူညံဆူညံဖြစ်တော့ ဦးသောင်းတို့ မိသားစုလည်း ရောက်လာသည်။ အိပ်ချင်မူးတူးနဲ့ ၀င်းဗိုလ်လည်း ပါလာသည်။ လူလတ်ပိုင်းများ လူငယ်များကို အဖွဲ့များ အသီးသီးဖွဲ့ပြီး ရှာဖွေရေးအတွက် လုပ်ကြသည်။ တာဝန်ကျရာလမ်းကြောများသို့ တာဝန်ကျရာ အဖွဲ့အသီးသီးက ဒုတ်ဓားများ ကိုယ်စီကိုင်ပြီး ထွက်သွားကြလေသည်။ ၀င်းဗိုလ်က သူပါ လိုက်ပါ ရှာဖွေချင်ကြောင်း ဦးသောင်းကို တောင်းဆိုသည်။ ဘုရားခိုးသူများနဲ့ လမ်းမှာ တစ်ခုခုဖြစ်မှာ စိုးသောကြောင့် ဦးသောင်းက ခွင့်မပြု။ ဆူညံဆူညံနဲ့ ဖြစ်နေတဲ့ မနက်ခင်းမှာ ဦးသောင်းက ၀င်းဗိုလ်ကို ပြန်လွှတ်သည်။ သူ့ဧည်သည်ကို ရွာရဲ့ ပြဿနာထဲမှာ မပါ စေချင်။ သူ့ဧည်သည်အတွက် သူ့မှာ တာဝန်အပြည့်ရှိသည်။ ဒါကြောင့် ပြန်လွှတ်ခဲ့ခြင်းဖြစ်သည်။ စိတ်မကောင်း ၀မ်းနည်းစွာဖြင့် ၀င်းဗိုလ်က ပြန်သွားခဲ့သည်။ ဦးသောင်းပြောပြတဲ့ စကားများကို ကြားတဲ့သူ သိတဲ့သူလည်း အများကြီးရှိသည်။ ဦးသောင်းက ဘာကြောင့် ပြန်လွှတ်လိုက်တယ်ဆိုတာကိုလည်း သိကြသည်။ ဒါကြောင့် ၀င်းဗိုလ်ပြန်သွားတာကို ဘယ်သူကမှ သံသယမဖြစ်။
ဒီလိုနဲ့ ဘုရားရှာဖွေးရေး အဖွဲ့များ အသီးသီးပြန်ရောက်လာကြသည်။ ဘုရားကို ရှာမတွေ့ကြ။ အားလုံး စိတ်ညစ်နေကြသည်။ ရွာဦးကျောင်းဆရာတော်က မျက်နှာ မကောင်း။ ဂေါပကအဖွဲ့ ရွာသူရွာသားများကိုလည်း အပြစ်မတင်ချင်။ စိတ်ပြေရာ ပြေကြောင်းများ, ကြိုးကြိုးစားစား ရှာဖွေကြဘို့ အမြဲတမ်းစုံစမ်းဘို့ အကြောင်းများ ဟောပြော ဆုံးမသည်။ ညနေ ၅း၀၀ နာရီလောက်ဖြစ်မည်။ ဖားကန့်မှော်မှာ အဆင်ပြေ ကြီးပွားနေသော ဦးကဲ ရောက်လာသည်။ သူ့ရွာကို အလည်ပြန်လာခြင်းဖြစ်သည်။ ဦးကဲသည် အုန်းတော ရွာသားဖြစ်သည်။ အုန်းတောသည် အင်တိုင်းရွာရဲ့ မြောက်ဘက်မှာ ရှိသည်။ ဦးကဲက အင်တိုင်းရွာရဲ့ ဘုရားခိုးခံရမှု့ကို ကြားလိုက်ရသည်။ ဒါနဲ့သူ့ရွာကို မပြန်သေးပဲ အင်တိုင်းရွာဘုန်းကြီးကျောင်းကို သွားလိုက်သည်။ ရွာဦးကျောင်းဘုန်းကြီးနဲ့ စကား စမြည်ပြောသည်။ ပြီးတော့ “တပည့်တော် ကုန်းသာ ကားဂိတ်မှာ အင်တိုင်းရွာကလို့ ပြောတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်ဘုရား။ သူက မိဘနဲ့ စကားများလာတာတဲ့။ လမ်းစရိတ်မပါဘူးတဲ့။ အဲဒါကြောင့် သနားတာနဲ့ သူ့ကို လမ်းစရိတ် ပေးခဲ့သေးတယ်ဘုရား။ သူ့မှာ အိတ်မည်းကြီးတစ်အိတ်ပါတာကို သတိထားမိလိုက်တယ်ဘုရား။ ဘာလဲလို့တော့ မေးမကြည့်လိုက်မိဘူးဘုရား။ သူ့အသုံးအဆောင်တွေ စုထည့်ထားတာ ထင်တာဘုရား” လို့ လျှောက်ထားသည်။ အဲဒီလူရဲ့ ပုံစံကို မေးကြည့်တော့ ၀င်းဗိုလ်ရဲ့ ပုံစံနဲ့ တူနေသည်။ ဒါနဲ့ ဦးသောင်းကို အမြန်အခေါ်ခိုင်းရသည်။ ဦးသောင်းရောက်လာတော့ ၀င်းဗိုလ်အကြောင်းများကို မေးကြည့်သည်။ ဒီတော့ ဦးသောင်းက “သူ ဘယ်ကဆိုတာတော့ တပည့်တော် မသိဘူးဘုရား။ တပည့်တော်နဲ့ သူနဲ့က မြို့မှာ ခဏခဏဆုံတယ်ဘုရား။ တပည့်တော် ဈေးဝယ်တဲ့ ဆိုင်မှာပဲ သူလည်း ဈေးဝယ်တာဘုရား။ ဒီလိုနဲ့ ဈေးသည်အချင်းချင်း မိတ်ဆွေဖြစ်နေတာဘုရား။ သူ့နာမည်က လွဲရင် သူအကြောင်းအရာ တစ်ခုမှ မမေးမိခဲ့ မသိခဲ့ဘူးဘုရား” လို့ လျှောက်ထားသည်။ ဟာ သွားပြီ။ ဘာမှ လုပ်မရ။ ဒါနဲ့ ရွာက လည်လည် ၀ယ်ဝယ်ရှိတဲ့လူများကို စုပြီး ၀င်းဗိုလ်ကို ရှာလို့ လွှတ်ကြသည်။ သို့သော်လည်း မတွေ့ခဲ့။ ဦးသောင်းက မြို့ရောက်တိုင်း ၀င်းဗိုလ်ကို တွေ့လို့ တွေ့ညား မျက်စိဒေါင့်ထောက်ပြီ ရှာသည်။ မတွေ့။ သာဒွန်းဦးဘုရားနဲ့ အတူ ၀င်းဗိုလ်လည်း ဦးသောင်းဘ၀ထဲမှ အပြီးပိုင် ပျောက်ကွယ်သွားခဲ့သည်။
ဦးသောင်းတစ်ယောက် ခုမှ နောင်တကြီးစွာ ရခဲ့သည်။ ဦးသောင်းသာ မဟုတ် အာနားလို့, ယုံကြည်မှု့ လွန်ကဲလို့ ဧည့်သည် သန်းခေါင်စာရင်း မတောင်းမိ မကောက်ယူမိခဲ့တဲ့ ဥက္ကဋ္ဌဦးစိုးလည်း နောင်တ တရားများစွာနဲ့။ ကိုမြကြီးကတော့ တောက် တခေါက်ခေါက်နဲ့ ဖြစ်နေသည်။ “ဟယ် တော်သေးတယ်။ တကယ်လား ။ မထင်ရဘူးနော်။ ကံကောင်းလို့။ လူယုတ်မာ။ သူခိုး” စသည့် ပြောဆိုသံများကိုလည်း အင်တိုင်းရွာသူ လှပျိုဖြူလေးတွေရဲ့ ပါးစပ်မှ ထွက်လာကြသည်။ ကြားနေရသည်။ အပြင်ပုံစံကို ကြည့်ရုံဖြင့် လူရဲ့ အတွင်းစိတ် စရိုက်ကို မသိနိုင်ကြောင်း, အားနားလို့ မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးခဲ့ရကြောင်း, ယုံကြည်မှု့ လွန်ကဲလို့ မဖြစ်သင့်တာတွေ ဖြစ်သွားခဲ့ရကြောင်း, သန်းခေါင်စာရင်း မကောက်ယူမိလို့ မတောင်းမိလို့ ခုလို ၀မ်းနည်းမှု့တွေ နောင်တတရားတွေ ပူဆွေးသောကတွေနဲ့ ပြည့်သွားခဲ့ရကြောင်းကို အင်တိုင်းရွာရဲ့ အဖြစ်အပျက်လေးက သင်ခန်းစာယူနိုင်ရန် မီးမောင်းထိုးပြခဲ့သည်။ ထို့နေ့ ထိုအချိန်ကစပြီး အင်တိုင်းရွာသို့ ရောက်လာသူများကို သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။ ရွာမှာမွေးတဲ့ ရွာသားမဟုတ်ရင် ဘယ်က လာလာ ဘယ်ကောင် ဖြစ်ဖြစ် ဘယ်လောက်ကြီးကြီး သန်းခေါင်းစာရင်း ကောက်ယူကြသည်။ ဘုန်းကြီး ဧည့်သည် အာဂန္တု လာလျှင်တောင် သန်းခေါင်းစာရင်း ကောက်ယူသည်။ ရွာဦးကျောင်းဆရာတော်ကလည်း “အစစ အရာရာ မပေါ့ဆဘို့, အလုပ်ကို ဘက်မလိုက်ဘဲ တိတိကျကျ လုပ်ကြဘို့ , လုပ်ရဲတဲ့စိတ် ရှိဘို့ ” မိန့်သည်။ ဘုန်းကြီးတွေ, သူဋ္ဌေးတွေ, အရာရှိတွေ မလို။ အင်တိုင်းရွာသို့ ရောက်လာသော ဧည့်သည်မှန်သမျှ သန်းခေါင်စာရင်း ကောက်ယူမည်။ ပေးပို့ရမည်။ ပေးကြရမည်။
(၀င်းဗိုလ်သည် ဘုရားဂေါပကလူကြီးများ အိပ်ပျော်သွားချိန် ဘုရားကို အိတ်ထဲထည့်ပြီး ရွာတောင်ဘက်လမ်းရဲ့ ဘေးက ချုံပုတ်ထဲမှာ ၀ှက်ထားခဲ့သည်။ ပြီးတော့ အိနြေ္ဒရရ ပြန်အိပ်နေလိုက်သည်။ ဒါကို ၀င်းဗိုလ်နဲ့ သူ့ရဲ့ ကိုယ်စောင့်နတ်မှ တစ်ပါး ဘယ်သူမှ မသိလိုက်ကြ)။
(သူငယ်ချင်းတစ်ယောက်က ရေးခိုင်းလို့ ရေးလိုက်တာပါ။ မပို့ဖြစ်တော့တာနဲ့ တင်လိုက်ပါတယ်။ စိတ်ရှည်ရှည်နဲ့သာ အားပေးကြပါလို့)
အားလုံးကို
ခင်တဲ့
စံလင်း
၂၅.၇.၂၀၁၃

_Battalion-Royal_Canadian_Regiment_of_Infantry.jpg)










