နိဒါန်း
မိဘတိုင်းက သားသမီးတိုင်းကို ဆင်စီးပြီး မြင်းရံတာကို ကြည့်ချင်ကြတယ် လို့ လူအများက ဆိုကြ၏။ သို့သော် တချို့သော မိဘများက မဟုတ်ကြပါ။ သူတို့သည် သူတို့၏ သားသမီးများကို ဆင်စီးပြီး မြင်းရံ ဆိုသော အခြေအနေကို တခဏတာလား ၊ တဘဝစာလား ဟု တွေးတောကာ မျှော်မြင် စဉ်းစားတတ် ကြပါသည်။ ထိုကဲ့သို့သော မိဘများဟာ သားသမီးများကို ဆင်စီးပြီး မြင်းရံ ဆိုသော အခြေအနေကို တခဏတာသာ ဖြစ်မည် ဆိုရင် သူတို့ နောက်ဆုတ် ခေါင်းငုံနေတတ်ကြပါသည်။
တချို့သော မိဘများက ပို၍တောင်မှ ထူးခြားကြပါသည်။ အဘယ့်ကြောင့် ဆိုသော် သားသမီးများအတွက် ကြိုတင် ပြင်ဆင်ပေးထားတတ်ကြသောကြောင့် ဖြစ်ပါသည်။
တချို့သော မိဘများက ပို၍တောင်မှ ထူးခြားကြပါသည်။ အဘယ့်ကြောင့် ဆိုသော် သားသမီးများအတွက် ကြိုတင် ပြင်ဆင်ပေးထားတတ်ကြသောကြောင့် ဖြစ်ပါသည်။
ဖြစ်စဉ် ( ၁ - က )
မင်္ဂလာ ဒိုးပတ်ဝိုင်း၏ တီးခတ်သံကို ဟိုးအဝေးမှပင် တခမ်းတနား ကြားနေရသည်။ မြည်ဟီးသံက ကောင်းကင်ယံမှ ပဲ့တင်ထပ်ကာ ပြန်ဆင်းလာသလား မှတ်ထင်မှားနိုင်သည်။ တစ်ရွာလုံးကို မီးခိုးတိတ် ဖြစ်အောင်ကို စည်စည်ကားကား ကျွေးမွေးမှာ ဖြစ်၍ ရွာမှ အိမ်ရှိ ကာလသားများ ၊ လုံမပျိုများ မှန်သမျှ အလှူအိမ်သို့ သွားရောက်ကာ ထင်းခွဲ ၊ ရေခပ် ၊ ထမင်းအိုးတည် ၊ ဟင်းခတ် အတွက်များ ဝိုင်းဝန်း ပြင်ဆင်ပေး နေကြသည်။
ဝိုင်းဝန်း မကူညီတတ်သော ကလေးများက အလှူပွဲ ဆိုပြီး ဖြစ်လာစေသော ရှင်ပြုပွဲမှာ ကိုရင်လောင်း လှည့်သော အခါ စီးဖို့ ငှားထားသော ဆင်ကြီး ရှေ့မှာ အုပ်စုလိုက် ဆူဆူညံနေ၏။ ထိုဆင်ကြီးမှာ တခြားသော ရွာမှ သစ်ဆွဲသော ဆင်မကြီး ဖြစ်သည်။ သစ်ဆွဲဆင်ထဲမှာတော့ အလိမ္မာဆုံးသော ဆင်မကြီး ဖြစ်သည်။ ဆင်မကြီးကို ဝိုင်းကြည့်နေသော ကလေးများကို ထိန်းကျောင်းနေသူတို့က အိမ်ရှိ ဘိုးဘွားများပဲ မဟုတ်ပါလား။ ဆင်နားကို ကပ်သွားမည့် ကလေးတွေကို မာန်မဲ ခြောက်လှန့် ပြောဆိုနေကြ၏။
ဆင်ကို ထူးခတ်ထားသည့် နေရာရဲ့ မလှမ်းမကမ်းနားမှာတော့ ခွာရှပ်နေသော မြင်းလေးကောင်က လှလှပပ အဆင်တန်ဆာတွေကို ဆင်ယင်လျက် ကြွားကြွားဝါဝါ တောက်ပနေသည်။ ဘယ်လိုပဲ လှလှပပ ဆင်ယင်ထားပါစေ ကလေးတွေ အတွက်ကတော့ မြင်ဖူးနေကြ မြင်းထက် မြင်ဖို့ တွေ့ဖို့ ခက်ခဲလှသော ဆင်ရှေ့မှာသာ ဝိုင်းအုံကာ ကြည့်ရှု့နေကြလေသည်။ ထိုဆင် ထိုမြင်းများက ရွာမှ အင်းသူကြီး ဦးဖိုးထိန်ရဲ့ သား ရှင်ပြု အလှူမှာ “ ဆင်စီး ပြီး မြင်းရံ ” ဖို့ မှာယူကာ ခေါ်ထားသော ဆင် နဲ့ မြင်းပဲ ဖြစ်လေသည်။
ထိုဆင်ကို စီးကာ ထိုမြင်းများဖြင့် ဝန်းရံမည့် ရှင်ပြုအလှူက ဘယ်လောက်များ သိုက်သိုက်ဝန်းဝန်း ဖြစ်နေလေလိမ့်မလဲ ဆိုတာ တစ်ခါမှ မမြင်ဖူးသော ရွာသားတို့ အဖို့ အထူးအဆန်း အဖြစ် ကြည့်ချင်ဇောနှင့် ရှင်ပြုအတွက် ပြင်ဆင်နေချိန် ကတည်းက ဆင် ရှေ့က မခွာတမ်း စောင့်ဆိုင်း နေကြခြင်းလည်း ဖြစ်သည်။ ဆင်ကို စီးလို့ မြင်းဖြင့် အရံခံရမည့် ရှင်လောင်းကတော့ အိမ်ထဲမှာ မင်းမြောက်တန်ဆာတွေကို ဝတ်ဆင် နေဆဲပါပဲ။
ဖြစ်စဉ် ( ၂ - က )
ခေါင်းခါခွင့်ရယ် လို့ သူမမှာ လုံးဝ မရှိတော့။ သူမရဲ့ ရင်ထဲက ခံစားချက်တွေကို ဖော်ထုတ်ပြသဖို့ လုံးဝ အခွင့်အရေး မရှိတော့။ သူမ ရင်ထဲမှာ ဘယ်လို ခံစားနေရတယ် ဆိုတာကို မေးမြန်းမည့်သူလည်း သူမ ဘေးမှာ တစ်ယောက်မှ မရှိ။
အခု သူမ ဘေးမှာ ရှိနေတဲ့ သူတွေက သူမကို လှသထက် လှအောင် ပြင်ဆင်ပေးနေသူများသာ ဖြစ်၏။ ဒီနေ့ သူမ မင်္ဂလာဆောင်ရတော့မည်လေ။ ဒီမင်္ဂလာဆောင်ကို သူမ ဆောင်ရတော့မည်။ သူမရဲ့ စိတ်ဆန္ဒ လုံးဝ မပါဘဲ ဆောင်ရတော့မည့် မင်္ဂလာဆောင်ကို သူမ ရင်ထဲမှာ မချိတဲ့ အပြုံးတုကို တပ် ၊ တောက်ပသော လက်ဝတ်လက်စားများဖြင့် လှလှပပ ပြင်ဆင်ပေးကာ သူမ လက်ထပ်ပွဲ ဆိုတာကို ကျင်းပ ရပေတော့မည်။
ကျင်ခနဲ နှာသီးထိပ်ဖျားလေးက ဝမ်းနည်းစိတ်ကြောင့် ခံစားလိုက်ရသလို မျက်ဝန်းမှာလည်း မျက်ရည်တို့က စို့လာသည်။ သူမကို အလှပြင်ပေးနေသော ဖန်တီးရှင်က ရုတ်တရက် လက်တွန့်သွားပြီး နောက်တော့ အတွေ့အကြုံ ရင့်နေသူ ပီပီ ဘာမှ မဖြစ်သလို ဆက်ကာ ပြင်ဆင်သွားသည်။ ဝေ့နေသော သူမ မျက်ရည်များကိုလည်း ဂွမ်းစလေးဖြင့် မသိမသာ သုတ်ပေးသွားသေးသည်။
အလှပြင် မှန်ထဲမှ ပုံရိပ်ယောင်တွေကို သူမ ခိုးကြည့်လိုက်တော့ သူမရဲ့နောက်မှာ သူမ အဖေ နဲ့ အမေ ပြီးတော့ မောင်နှမများက သူတို့ နှစ်သက်ကြသော ဖိတ်ဖိတ်တောက် အဝတ်အစားများကို ဝတ်ပြီး ပြုံးကာ သူမကို ကြည့်နေကြသည်။ သို့သော် သူမရဲ့ အပေါ်ယံ လှပမှုကိုသာ မြင်နေကြပေမည်။ သူမရင်ထဲကို သူတို့ မြင်နိုင်ကြပါမည်လား။
သူတို့ သူမ အခု လက်ထပ်ရမည့်သူက သူမထက် ၂၅ နှစ်ကျော် ပိုကြီးတာကို လျစ်လျူရှူ နေကြပြီ။ အရင်က မယား သေဆုံးသွားကာ မုဆိုးဖို ဆိုတာကိုလည်း မေ့ထားနိုင်ကြပြီ။ သူမကို မကမ်းလှမ်းခင်က မိန်းကလေးပေါင်း များစွာနှင့် အသံပေါင်းများစွာ ကိုလည်း မကြားကြတော့ပြီ။ ညနေစောင်းတိုင်း စားသောက်ဆိုင်ကြီးမှာ သောက်စားတတ်ပြီး အရက်မူးလာရင် သွေးဆိုးတတ်တယ် ဆိုသော စရိုက်တွေကိုလည်း မသိကျိုးကျွံ ပြုနေတတ်ကြပြီ။ အလုပ်ကိစ္စကို အကြောင်းပြပြီး ခရီးတွေ ၊ ည အိမ်ပြန် မအိပ်တတ်သူ ဆိုသော ပတ်ဝန်းကျင်ရဲ့ စကားတွေကိုလည်း နားမဝင်တော့ပြီ။
အဖေ ၊ အမေ နဲ့ မောင်နှမတွေ မျက်လုံးထဲ ၊ နားထဲ ဝင်နေသော ပစ္စည်းဥစ္စာများက သူမရဲ့ ဘဝတစ်ခုလုံး နဲ့ လဲလိုက်ရတယ် ဆိုတာကို မမြင်နိုင်ကြတော့။ အဖေ နဲ့ အမေက သူမကို သိုးသိုးသိပ်သိပ် လက်သိပ်ထိုး ခပ်တိုးတိုးပြော၏။ ငါ့သမီးလေး ရေမြင့်မှ ကြာတင့်မှာ သမီးမြင့်မှ အမေတို့လည်း မြင့်မှာ ၊ ငါ့သမီးလေးကို “ ဆင်စီးပြီး မြင်းရံ ” တာကို ကြည့်ချင်တယ် တဲ့။ အခု သူမ မေမေတို့ မျှော်လင့်ထားသော ဂုဏ်အင်တွေနဲ့ ဆင်စီး မြင်းရံကာ လက်ထပ်ပွဲကို ဆင်နွဲရပါတော့မည်။
ဖြစ်စဉ် ( ၃ - က )
“ ဇတ်ကြိုးကို အသာလေးပဲ ကိုင်ထားရတယ် သားရဲ့ ၊ အတင်းကြီး ဆွဲလိုက်ရင် ရပ်သွားလိမ့်မယ်။ ပြီးတော့ ဇတ်ကြိုးကို လျော့လွန်းပြီး သွားရိုက်သလို မဖြစ်စေနဲ့ ၊ ဒါဆို သူက ပြေးခိုင်းတယ် မှတ်ပြီး စွတ်ပြေးလိမ့်မယ် ”
“ ဟုတ်ကဲ့ . . . . ”
“ တကယ်လို့ အဲဒီလို ပြေးပြီ ဆိုရင် ဇတ်ကြိုးကို ဘက်ညီအောင် ခပ်တင်းတင်း ဆွဲလိုက်ရမယ်။ ဘက်မညီဘဲနဲ့ တစ်ဘက်တည်းကို သွားဆွဲမိရင်တော့ ဆွဲတဲ့ ဘက်ကို မြင်းက ကွေ့သွားလိမ့်မယ်။ ဒါဆိုရင် မြင်းပြေးနေတဲ့ အရှိန်ကြောင့် မြင်းက ဘေးကို ကွေ့သွားပြီး ကိုယ်ကတော့ မြင်းပေါ်က ပြုတ်ကျလိမ့်မယ်။ ဒါကြောင့် ဒီလိုဆွဲတယ် ဆိုရင် သတိထားပြီး ဘက်တူအောင်တပြိုင်နက်ဆွဲ ၊ ပြီးရင် မြင်းခန္ဓာကိုယ်ကို ပေါင်နဲ့ ချုပ်ထား ၊ ပြီးတော့ လူကိုလည်း မြင်းနားကို ကပ်ထား။ ဒါမှ မြင်းပေါ်က ပြုတ်မကျမှာ ”
“ ဟုတ်ကဲ့. . . . ”
“ အိုကေ . . . ဒါဆို စီးကြည့်ဦး ”
ခွပ်. . . . ခွပ်. . . . ခွပ်. . . နဲ့ စီးသွားသော မြင်းပေါ်က သားကို သူ ပီတိတွေ ဝေဖြာပြီး ကြည့်နေတုန်း သူ့နောက်မှ စကားသံ ထွက်လာ၏။
“ ကိုဌေးမင်း ဘာတွေ ပြုံးနေတာလဲ ”
သူ လှည့်ကြည့်လိုက်တော့ ရွာထဲမှ သူ့သူငယ်ချင်း ကိုလှဝေကို တွေ့လိုက်ရသည်။
“ ကျွန်တော့် သားကို မြင်းစီး သင်ပေးနေတာလေ။ သူ အတတ်မြန်လို့ ဒါကို ကြည့်နေတာ ”
“ ဘာလုပ်ဖို့တုန်း သင်နေတာလဲဗျ ”
“ ဘာရယ်တော့ မဟုတ်ပါဘူးဗျာ။ လူဆိုတာ အားလုံးတော့ တတ်ထားသင့်တယ် မဟုတ်လား။ ဒါကြောင့်ပါ ”
“ ဒါဆိုရင် ခင်ဗျားမှာ မိန်းကလေး သမီးအကြီး ရှိနေသေးတာ သူ့ကိုရော မသင်ပေးဘူးလား ”
သူ အသံထွက်ပြီးတော့ ရယ်လိုက်ပြီး ကိုလှဝေကို သေချာ ကြည့်ကာ ပြောလိုက်သည်။
“ ဘယ်နေလိမ့်မတုန်းဗျာ။ သင် မသင်ကတော့ ခင်ဗျား ကိုယ်တိုင်ပဲ သမီးကို မေးကြည့်တော့ ”
ဘေးနားမှာ ရှိနေသော သမီးကို လက်ညှိုး ထိုးပြလိုက်သည်။ ကိုလှဝေက သမီးတို့နဲ့လည်း ရင်းနှီးသူ ပီပီ သမီးဘက်ကို လှည့်လိုက်ပြီး ချက်ချင်း ကောက်ခါငင်ကာ မေးလိုက်သည်။
“ လှေအဆင်း ၊ မြင်းအတတ် တဲ့ သမီး ၊ ဘာလို့ “ မြင်းအတတ် ” လို့ ခေါ်ရတာလဲ သမီးလေး ”
သူ အားလုံး သင်ပေးထားတာကြောင့် သမီးလေးကလည်း ချက်ချင်းကို ပြန်ဖြေသည်။
“ မြင်းပေါ်တတ်မယ် ဆိုရင် အားယူပြီး တတ်ရတယ် ဦးရဲ့။ ဒီအချိန်မှာ အားယူပြီး ခြေနင်းပေါ် အတတ်မှာ ခြေနင်းမှာ ထိုးထားတဲ့ ခြေထောက်ဦးက မြင်းရဲ့ နံကြားကို သွားထိုးမိတတ်တယ်။ ပြီးတော့ လက်မှာ ကိုင်ထားတဲ့ ဇတ်ကြိုးကိုလည်း မြင်းကို သွားဖို့ အချက်ပေးသလို ဆတ်လိုက်မိတတ်တယ်။ ဒီအချိန်မှာ မြင်းက သူ့ကို သွားခိုင်းတယ် မှတ်ပြီး ထွက်သွားတော့ ဟန်ချက်ပျက်ပြီး ပြုတ်ကျတတ်လို့ပါ။ ”
“ ဟ . . . တယ်ဟုတ်ပါလားကွ ၊ သမီးကလည်း တော်လိုက်တာ ”
“ သမီးက တော်တာ မဟုတ်ပါဘူး ဦးရာ။ ဖေဖေ သင်ပေးထားလို့ပါ ”
ကိုလှဝေက ကိုဌေးမင်းကို လှည့်ကြည့်တော့ ကိုဌေးမင်းက သူ့ထုံးစံ အတိုင်း ပြုံးစစ မျက်နှာကိုသာ တပ်ဆင်ထားသည်။ မကျေသေးသလိုနဲ့ ကိုလှဝေ သမီးဘက်ကို လှည့်ကာ ဆက်မေးလိုက်၏။
“ မြင်းကိုတော့ သမီးက စီးဖူးတယ်ပေါ့ကွာ ဒါကြောင့် ကျွမ်းကျင်နိုင်နင်းတယ်ပေါ့။ တကယ်လို့ ဆင်ကို စီးရပြီ ဆိုရင်ရော သမီး ဘယ်လို လုပ်ပြီး စီးမလဲ ပြောပါဦး ၊ ဆင်မှာ ဇတ်ကြိုး မပါဘူးနော် ”
“ ဆင်ကိုတော့ မစီးဖူးဘူး ဦး။ ဒါပေမဲ့ ဖေဖေကတော့ သင်ပေးထားပါတယ်။ ဆင် ကို ထိန်းကျောင်းချင်ရင် သူ့ရဲ့ နားရွက်နောက်က အခြေကို ခြေထောက်နဲ့ ထိုးပြီး ဘယ်ကွေ့ ၊ ညာကွေ့ဆိုပြီး ခိုင်းရတယ် လို့ သင်ပေးဖူးတယ်။ ဆင်ကို သွားစေချင်ရင် ၊ ခိုင်းစေချင်ရင်တော့ ချွန်းနဲ့ နဖူးက အချိုင့်နေရာကို ပေါက်ပြီး ခိုင်းရတယ် လို့ သင်ပေးဖူးပါတယ်။ ”
“ ဟာ . . . ခင်ဗျား သမီးက အဟုတ်ပါလား ကိုဌေးမင်း ”
“ ဒါလောက်ကတော့ ဦးရယ် ၊ မောင်လေးတောင်မှ ငယ်ငယ်ကတည်းက ဖေဖေ ပြောပြထားလို့ မစီးဖူးပေမဲ့လည်း သိနေပါတယ် ”
ကိုဌေးမင်း သမီးဆီမှ အဖြေစကားသံကိုလည်း ကြားရော ကိုလှဝေ လက်ကာပြကာ ကြောက်ရွံ့ဟန် လုပ်ပြလေတော့သည်။ ကိုဌေးမင်းကတော့ အဝေးကို မြင်းအပြင်း ဆိုင်းရာမှ ပြန်လှည့်လာသော သားကို လှမ်းကြည့်နေသည်။ သူ့သားက အနီးကို ရောက်လာတော့ မြင်းဇတ်ကို သတ်ကာ ရပ်လိုက်လေတော့သည်။
“ ကိုဌေးမင်း သားလေးကလည်း မြင်းကို အတော်ကို နိုင်နိုင်နင်းနင်း စီးတတ်နေပြီပဲ ”
“ ဟုတ်တယ် သူငယ်ချင်း ၊ အသားကျအောင်နဲ့ ပုံစံမှန်အောင်ပဲ ဆက်သင်ပေးနေတာပါ ”
“ ဒါနဲ့ ဘာလို့ ဒါတွေ သင်ပေးနေတာလဲ ”
“ လူဆိုတာ မလိုအပ်ဘူး ၊ မတတ်သင့်ဘူး ဆိုတဲ့ အတတ်ပညာ ဆိုတာ ရှိမှ မရှိဘဲကွာ။ အရေးကြုံမှ ဆိုရင် ဘယ်လိုလုပ် သင်ချိန် ရှိတော့မလဲ။ ဒါကြောင့် အရေး ဆိုတာ မပေါ်ခင်ကတည်းက ကြိုသင်ပေးထားတာပါ ”
“ အင်း . . . ဟုတ်ပါတယ် ၊ ကောင်းတယ်။ သားကိုလည်း နည်းနည်း ပညာစမ်းလိုက်ဦးမယ် ”
“ လုပ်လေ. . . စမ်းပေါ့ကွ ၊ ငါ . . . အဖေက မေးတာထက်စာရင် ဘေးလူက မေးတော့ ပိုကောင်းတာပေါ့ ”
ဦးဌေးမင်းက ခွင့်ပြုပြော ပြောပြီးတော့ ကိုလှဝေက မြင်းပေါ်မှ သားလေးကို ဆင်းခိုင်းလိုက်ပြီး အနီးနားရောက်လာတော့ မေးလိုက်၏။
“ တကယ်လို့ မြင်းက စိတ်ဆတ်ပြီးတော့ ဒုံးပြေးနေရင် ဘယ်လို ရပ်ရမလဲ သားလေး ”
“ မြင်းက စိတ်ဖောက်ပြီး ဒုံးပြေးရင် မြင်းရဲ့ ဇတ်ကြိုးကို လွှတိုက်သလို ဟိုဘက်ဒီဘက် ဆွဲလိုက်ပြီးတော့ ရပ်ရမှာ ဦးဦးရဲ့”
“ ဟာ. . . တော်ပါပြီကွာ။ ငါ မမေးတော့ပါဘူး။ လက်လန်ပါတယ် သူငယ်ချင်း ”
ဦးလှဝေက ပြောလည်း ပြော သူ့ရဲ့ လက်ကိုလည်း ပက်လက်လှန်ပြ၏။ ပြီးတော့ နှုတ်ဆက်ကာ သူလိုရာဆီကို ဆက်သွားဖို့ ပြင်သည် ပြီးတော့မှ တစ်စုံတစ်ခုကို သတိရသလိုဖြင့် ဦးဌေးမင်းကို လှည့်မေးလိုက်သည်။
“ သမီး နဲ့ သားကို ဒါတွေ သင်ပေးနေရတဲ့ “ အဓိက ရည်ရွယ်ချက် ” လေးတော့ သိချင်တယ်ကွာ ”
ဒီတော့ ဦးဌေးမင်းက ခပ်ပေါ့ပေါ့ ပြုံးပြီး ဦးလှဝေကို ပြောလိုက်သည်။
“ - - - - - - - - - ”
ဖြစ်စဉ် ( ၁ - ခ )
“ အမလေး . . . ကျုပ် သားလေးတော့ သေပါပြီတော် ”
ဆိုသော အော်သံက အထက်ကောင်းကင်ကို ပျံ့လွင့်နေသော ဒိုးပတ်ဝိုင်းမှ အသံတွေကို အုပ်ဖုံးကာ သွားသည်။ ရုတ်တရက် အရှေ့လှည်းပေါ်မှ တီးနေသော ဒိုးပတ်နဲ့ အော်ဂင်ဝိုင်းက လက်ရှိဖြစ်ပျက်မှုကို သတိ မထားမိသေးသော်လည်း အော်သံကြောင့် ရုတ်ခနဲ ငြိမ်ကာ ကျသွားလေတော့သည်။
“ ဖောင်း ” ဆိုသော ဗြောက်ဖောက်သံ ၊ ပြီးတော့ သစ်တောကြိုးဝိုင်းထဲမှ ဗြောက်သံကို မကြားဖူးသော ဆင်မကြီးရဲ့ လန့်ပြီး ကမူးရှူးထိုး ပတပ်ရပ်လိုက်ပုံ ၊ ဆင်းမကြီးကို ဦးကင်းနောက်မှာ ထိုင်ပြီး လည်ပင်းကို ခြေထောက်နဲ့ ညှပ်စီးလာသော ဆင်ထိန်းက အလေ့အကျင့်ကြောင့် ပြုတ်မကျသော်လည်း၊ ဆင်ပေါ်မှာ တင်ကာ ချည်ထားသော ရှင်လောင်းထိုင်ဖို့ ကြိမ်ခြင်းထဲက ကိုရင်လောင်းကတော့ မှောက်ချလိုက်သော ဈေးခြင်းထဲမှ ကြက်ဥလေးလို လွှင့်ကာ အရှိန်နဲ့ မြေပေါ်သို့ ကျလေတော့သည်။
မင်းမြောက်တန်ဆာတွေကို ဝတ်ဆင်ထားသော ကိုရင်လောင်း ဆင်ပေါ်မှ ကျတော့ ကိုရင်လောင်းကို တကြည့်ကြည့်နဲ့ပီတိ ဖြစ်နေသော သူ့ရဲ့ အမေက ထအော်လိုက်ခြင်းဖြစ်သည်။
ပျော်စရာ ကောင်းသော ပျော်ပွဲရွှင်ပွဲလေးဟာ ရုတ်ချည်း အကျည်းတန်သော ပွဲဖြစ်သွားတော့သည်။ ဆင်ပေါ်က ကျသော ကိုရင်လောင်းကို ပြေးပွေ့ကာ ထူပေမဲ့ ဆင်အမြင့်ပေါ်က ပက်လက်လန်ကာ ခေါင်းဖြင့် ကျသောကြောင့် သတိမရတော့။ ပြေးကြ ၊ လွှားကြ ၊ အော်ကြ ၊ ဟစ်ကြ ဖြင့် ရှင်လောင်းအတွက် စီစဉ်ထားသော လှည်းတွေက ဆေးရုံကို လူနာပို့ဖို့ လှည်းတွေ ဖြစ်သွားကြတော့၏။ မည်သို့ပင် ဖြစ်စေ ကိုရင်လောင်းကတော့ သတိမလည်တော့။
“ ဆင်းစီးပြီး မြင်းရံ ” ခံချင်သော ဆန္ဒကြောင့် အခုတော့ ဆင်ပေါ်မှ ကျပြီး ဘဝပါ နာခဲ့ရလေပြီ။ ဖုန်ထူသော မြေမာပေါ်ကို ၁၀ ပေနီးပါး အမြင့်မှ ခေါင်းဖြင့် ပက်လက်လန်က ကျသော ကိုရင်လောင်း လူငယ်လေးကတော့ ဇတ်ကျိုးကာ ဆေးရုံ အရောက်မှာ ရတောင့်ရခဲလှသော သာသနာ့ဘောင်ကို ဝင်ခွင့်တောင်မှ မရလိုက်တော့ဘဲ သတိပြန်ကို လည်မလာဘဲ အသက်ဆုံးရှုံး သွားလေတော့သည်။
ကြေးကြီးပေးထားသော အစီးခံ ဆင်မကြီးက ဝူး လို့ အော်လျက် ၊ လှပတောက်ကြွ နေသော အရံမြင်းက ခွာရှပ်လျက် သူတို့ ဘာဆို ဘာမှ မသိ။ သူတို့အပေါ်ကို တတ်စီးသူက ဘာအတွက် စီးတယ် ၊ သူတို့က ဘာအတွက် ရံပေးရတယ် ဆိုတာလည်း သူတို့ မသိ။ သူတို့အပေါ် တတ်စီးလိုက်လို့ ၊ သူတို့ ရံပေးလိုက်လို့ ဒီလူ ဂုဏ်တတ်သွားတယ် ဆိုတာလည်း သူတို့ လားလားမှ နားမလည် ၊ သူတို့သိတာက သူတို့ သခင်ကျွေးသမျှ စားမယ် ၊ သူတို့ သခင်ခိုင်းတာ လုပ်မယ် ဆိုတာပဲ မဟုတ်ပါလား။
ဖြစ်စဉ် ( ၂ - ခ )
“ - - - - - - - - ”
အခုတော့လည်း ဘယ်သူ့ဆီကမှ အသံမထွက်ကြ။ တရှုံ့ရှုံ့ ငိုနေသော သူတို့ သမီးရဲ့ အသံကသာ သူတို့ အနားမှာ အကျယ်လောင်ဆုံး ဖြစ်ပေလိမ့်မည်။ မြေကြီး လက်ခတ် မလွဲနိုင်ဘူး ဆိုပေမဲ့လည်း သူတို့က ထိုင်ရာမှ ထချင်ခဲ့သူများ ဖြစ်တဲ့ အတွက် မတ်တပ်ရပ်သူ တစ်ယောက်က ဘယ်လိုလုပ်ပြီး မြေကြီးကို လက်နဲ့ ခတ်ရင် ထိမိပါတော့မလဲ။ အခုတော့ သူတို့ အားလုံး လွဲခဲ့ကြပြီ။
“ သူ ပြန်မလာတာ ၂ လကျော်ပြီ အမေရဲ့ ”
ဒီစကားကိုပဲ သူမ ထပ်ကာ ထပ်ကာ ပြောနေတာ အခု မိဘအိမ်ကို ပြန်ရောက်မှ ၁၀ ကြိမ် ကတော့မည် မဟုတ်ပါ။
“ သူက သမီးလိုပဲ ဟိုနေရာမှာလည်း မိန်းမတစ်ယောက်ကို အိမ်တစ်လုံးနဲ့ထား ၊ ပေါင်းသင်းလို့ နည်းနည်းကြာသွားရင် နောက်ထပ် တစ်ယောက်ကို ဒီလိုပဲ နောက်ထပ် အဆောင်အယောင်တွေပြပြီး ထပ် မင်္ဂလာဆောင်ပြီး ယူနေတာ မြန်မာတနိုင်ငံလုံး နှံ့နေပြီတဲ့ . . . . အီး . . .ဟီး . .ဟီး . . ”
“ - - - - - - - ”
“ ပြောကြဦးလေ။ သမီး ရေမြင့်မှ အမေတို့လည်း ကြာမြင့်မယ်ဆို ၊ သူ့ကို ယူမှ ငါ့သမီးလေး “ ဆင်စီးပြီး မြင်းရံ ” တာကို မြင်ရမယ်ဆို ၊ အခုတော့ ခဏလေး တတ်ခဲ့ရတဲ့ ဆင်နဲ့ ဘယ်ဆီကို ရောက်မှန်း မသိအောင် ပြေးသွားတဲ့ မြင်းကိုမှ အမေတို့က အထင်တွေ ကြီးနေခဲ့ကြတာကိုး။ အခုတော့ ဘယ်လို လုပ်ကြမလဲ။ သူပြန်လာချင်တဲ့ အချိန်မှ ပြန်လာဖို့ အိမ်မှာ မျှော်ငေးပြီး စောင့်ဆိုင်းနေရတဲ့ သူ့ရဲ့ ဘယ်နှစ်ယောက်မှန်း မသိတဲ့ မယားတွေထဲက တစ်ယောက် အဖြစ်နဲ့ တစ်သက်လုံး နေရတော့မှာလား ”
“ - - - - - - - - ”
“ ပြောပါဦး . . . ပြောကြပါဦး.. . . . ”
“ - - - - - - - - ”
“ ဆင်စီး မြင်းရံ ” တာကို ကြည့်ချင်ပါတယ် ဆိုတဲ့ မိဘရဲ့ စကားကို ရိုသေ လေးမြတ်စွာ လိုက်နာမိရင်း တခဏတာလေး ထိုင်ခဲ့ရတဲ့ ဆင်နဲ့ ခဏလေး ဝန်းရံခံခဲ့ရတဲ့ မြင်းတို့က အခုတော့ “ ဆင်ပျောက် မြင်းပြေး ” ဘဝနဲ့ ဘဝတစ်ခု နစ်မွန်းခဲ့ရပြီပေါ့။ ဆင်စီးပြီး မြင်းရံ စေချင်တဲ့ မိဘတွေကလည်း အခုတော့ “ ထာဝရ နဲ့ တခဏ ” မခွဲခြား တတ်ခဲ့တော့ သူတို့ ရင်တွင်းမှာလည်း “ ဆင်အောင်းကာ မြင်းခုန်နေသလို ” ခံစားရုံက လွဲပြီး ဘာများ တတ်နိုင်ဦးတော့မှာလဲ။
ဖြစ်စဉ် ( ၃ - ခ )
“ ကိုဌေးမင်း တို့ကတော့ ပိုင်တယ်ကွာ။ သူ့သမီးနဲ့ သားကို ငယ်ငယ်ကတည်းက သိသင့်သိထိုက်တာ ၊ တတ်သင့် တတ်ထိုက်တာတွေကို သင်ပေးထားတယ်။ ဒါကြောင့် သူ့ သမီးနဲ့သားက ဗဟုသုတ နည်းပါးလို့ ဖြစ်တဲ့ လွဲချော်မှု ဆိုတာတွေကို မဖြစ်တော့ဘူးပေါ့ ”
“ - - - - - - - ”
“ ကိုဌေးမင်းလည်း အင်းသူကြီးပဲ။ ဒါပေမဲ့ သူ့သား ရှင်ပြုတော့ အင်းသူကြီး ဦးဖိုးထိန်ရဲ့ သားလို ဆင်စီးပြီး မြင်းရံမှ ဂုဏ်တတ်မယ် ဆိုတဲ့ အတွေးမရှိတော့ ရိုးရိုးမြင်းနဲ့ပဲ ရှင်လောင်းလှည့်ခဲ့တယ်။ ဦးဖိုးထိန်ရဲ့ သား ရှင်ပြုမှာ ဆင်က လန့်ပြီး ပတပ်ရပ်လို့ လန်ပြီး ပြုတ်ကျပေမဲ့ ကိုဌေးမင်းရဲ့ သားကတော့ ရှင်ပြုရင် မြင်းနဲ့ လှည့်မယ် ဆိုတာ မသိခင်ကတည်းက မြင်းစီးက ကျွမ်းကျင်နေပြီးသားပဲ ၊ မြင်းက ဖောက်ပြီး ပတပ်ရပ်မှာ ၊ ဒုံးစိုင်းပြေးမှာ ဘာမှကို စိတ်ပူဖို့ မလိုဘူး။ ဒီကောင်လေးက ကိုဌေးမင်း လေ့ကျင့်ပေးထားလို့ မြင်းစီးတင် မကဘူး ၊ မြင်းကို စီးပြီး မကျအောင်ထိန်းတာ ၊ မြင်းကို ရပ်တာတွေပါ ကျွမ်းကျင်ပြီးသား ဖြစ်နေပြီ ”
“ - - - - - - - ”
“ သူ့သမီးလေး အိမ်ထောင်ပြုတော့လည်း အရေးပိုင်တွေ ၊ စက်ရှင်မင်းကြီးတွေ ဆိုပြီး ဂုဏ်တုဂုဏ်ပြိုင် မလုပ်ခဲ့သလို ၊ အထင်လည်း မကြီးခဲ့ဘူး။ သူတို့မှာ ငွေကြေး ပြည့်စုံနေလို့ ဆိုပြီး ထင်ရင် မှားသွားလိမ့်မယ်။ မဟုတ်ဘူး ၊ သူ့ရဲ့ နဂိုစိတ်ကိုက ဒါတွေကို မမက်မောခဲ့တာ။ ဒါတွေကို မက်မောလို့ ဒါကို တသက်လုံးအတွက် ထင်ပြီး ခဏတာကို တဘဝစာလို ထင်နေခဲ့တဲ့ လူတွေ စိတ်ဆင်းရဲ ၊ ကိုယ်ပင်ပန်း ဖြစ်နေကြတဲ့ အချိန်မှာ ကိုဌေးမင်း သမီးကတော့ သူနဲ့ သင့်တော်ရာကို လက်ဆက်ပြီး အခုတော့ အေးအေးချမ်းချမ်းနဲ့ ခင်ပွန်းဆိုတဲ့ ဆင်သွားရာမှာ လမ်းကြောင်းပေါ်ပြီး သားသမီးတွေဆိုတဲ့ မြင်းတွေ့ ခြံရံပြီး ပျော်ရွှင်နေခဲ့ကြပြီ ”
“ - - - - - - - ”
“ အစပိုင်း ဆင်စီး မြင်းရံ တာလေးကို မက်မောခဲ့ကြတဲ့ လူတွေကတော့ နောက်ပိုင်းမှာ ဆင်တခြား မြင်းတခြားနဲ့ ဘဝတွေလည်း အကွဲကွဲ အပြားပြား ဖြစ်သွားခဲ့ကြတာ များတယ်။ ကိုဌေးမင်း ရဲ့ သမီးနဲ့ သားနဲ့ ပတ်သတ်ပြီး သူ့ကို တစ်ခါတော့ မေးဖူးတယ်။ ”
“ - - - - - - ”
“ ဒီတော့ သူက ဒီလို ပြောပြတယ်။ ”
“ - - - - - - ”
“ ကျွန်တော့် သားနဲ့ သမီးကို အခုလို လေ့ကျင့်သင်ကြားပေးတာရဲ့ အဓိက ရည်ရွယ်ချက်က “ ဆင်စီး မြင်းရံ ” တယ် ဆိုတဲ့ စကားလေးကို စစဉ်းစားမိလို့ပဲ။ လူတွေက ဆင်စီးပြီး မြင်းရံတာကိုသာ ခံချင်ကြတယ်။ ကိုယ်တိုင်က ဆင်ကို တကယ်ရော စီးတတ်ရဲ့လား ၊ ဆင်တစ်ကောင်ကို ထိန်းကျောင်းနိုင်ရဲ့လား ဆိုတာ မစဉ်းစားမိဘူး။ မြင်းကိုတော့ ရံစေချင်ကြတယ်။ ဒါပေမဲ့ မြင်းတစ်ကောင်ကိုရော ထိန်းကျောင်းနိုင်ရဲ့လား ၊ ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ် နိုင်ရဲ့လား ဆိုတာ မစဉ်းစားမိကြဘူး။
ဒီတော့ တကယ်တမ်း ဆင်စီးပါပြီ ၊ မြင်းရံပါပြီ ဆိုတော့မှ ဆင်ကို မထိန်းသိမ်းနိုင် ၊ မြင်းကို မကိုင်တွယ်နိုင် ၊ ဆင်နဲ့မြင်းကို ဘယ်လို စီးရမယ် ဆိုတာ မသိလို့ ဆင်ပေါ်မှာ ကြာကြာ မစီးခဲ့ရသူတွေ ၊ မြင်း ကြာကြာ အရံ အခံရတဲ့ လူတွေကို ကြည့်ပြီးတော့ ကျွန်တော့် သမီးနဲ့သားကို ဆင်စီးရရင် ပြီးရော ၊ မြင်းအရံ ခံရရင် ပြီးရော ဆိုတဲ့ သဘောမျိုး မဖြစ်စေချင်တော့ဘူး။
ဒါကြောင့် တကယ်လို့ ကျွန်တော့် သမီးနဲ့ သား ဆင်စီးခွင့် ကြုံလာပြီ ၊ မြင်းရံခံရခွင့် ကြုံလာပြီ ဆိုရင် သူတို့ ဆင်ကို မစီးတတ်မှာ ၊ မြင်းမစီးတတ်မှာ စိုးရိမ်လာတယ်။ အခုလို သင်ပေးထားတော့ ဆင်စီး မြင်းစီးခွင့် ရပြီ ဆိုရင် ဆင်ပေါ်က ၊ မြင်းပေါ်က ပြုတ်ကျတယ် ဆိုတဲ့ အန္တရာယ်ကို ရှောင်နိုင်တာပေါ့ဗျာ။ ကျွန်တော်ကတော့ သားသမီးကို ချစ်တယ် ဆိုရင် ဆင်ပေါ် မြင်းပေါ်ကို တွန်းတင်ဖို့ထက် ၊ ဆင်စီး မြင်းစီးတတ်အောင် အရင်ဆုံး လေ့ကျင့်ပေးသင့်တယ် လို့ ထင်တယ်ဗျာ။ ”
“ - - - - - - ”
နိဂုံး
မိဘတိုင်းက သားသမီးတိုင်းကို ဆင်စီးပြီး မြင်းရံတာကို ကြည့်ချင်ကြတယ် လို့ လူအများက ဆိုကြ၏။ သို့သော် တချို့သော မိဘများက မဟုတ်ကြပါ။ သူတို့သည် သူတို့၏ သားသမီးများကို ဆင်စီးပြီး မြင်းရံ ဆိုသော အခြေအနေကို တခဏတာလား ၊ တဘဝစာလား ဟု တွေးတောကာ မျှော်မြင် စဉ်းစားတတ် ကြပါသည်။ ထိုကဲ့သို့သော မိဘများဟာ သားသမီးများကို ဆင်စီးပြီး မြင်းရံ ဆိုသော အခြေအနေကို တခဏတာသာ ဖြစ်မည် ဆိုရင် သူတို့ နောက်ဆုတ် ခေါင်းငုံနေတတ်ကြပါသည်။
တချို့သော မိဘများက ပို၍တောင်မှ ထူးခြားကြပါသည်။ အဘယ့်ကြောင့် ဆိုသော် သားသမီးများအတွက် ကြိုတင် ပြင်ဆင်ပေးထားတတ်ကြသောကြောင့် ဖြစ်ပါသည်။
“ ဆင်စီး မြင်းရံ တယ် ” ဆိုကာ လူတွေ ဂုဏ်ယူတတ်ကြပါသည်။
သင်သာ ဆိုရင် မိမိရဲ့ သားသမီးတွေကို ဆင်စီး မြင်းစီးဖို့ ဆင်ပေါ် မြင်းပေါ်ကို တွန်းတင်မလား။ ဆင်စီး မြင်းစီး တတ်အောင် လေ့ကျင့်ပေးတာက ပိုပြီးတော့ အရာရောက်တယ် ဆိုတာကို သားသမီးတွေ သိအောင် ပြောဆိုပြပြီး လေ့ကျင့် ပျိုးထောင်ပေးမလား...
Gmail မှဖော်ပြသည်...