ယခုဆိုလျှင် မိမိတို့မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ၂၇-ကြိမ်မြောက် အရှေ့တောင်
အာရှနိုင်ငံများ ဆီးဂိမ်းအားကစားပွဲတော်ကြီးသည် အောင်မြင်စွာ ရှေ့ဆက်နေပြီဟုဆိုနိုင်ပြီဖြစ်သည်၊
မိမိမြန်မာနိုင်ငံအနေဖြင့် ယခုဆီးဂိမ်းအားကစားပွဲတော်ကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်မှာ
တတိယအကြိမ်မြောက်ဖြစ်သည်၊ မိမိတို့မြန်မာနိုင်ငံသည် ၁၉၆၉-ခုနှစ်က ဒုတိယအကြိမ် လက်ခံကျင်းပ
ခဲ့သောကြောင့် နှစ်ပေါင်း ၄၄-နှစ်အကြာမှ ယခုလို တတိယအကြိမ် ထပ်မံလက်ခံကျင်းပနိုင်ခြင်းဟု ဆိုနိုင်
သည်၊ နှစ်ပေါင်းများစွာ ကြာခါမှ အိမ်ရှင်အဖြစ်ကျင်းပခွင့်ရသောကြောင့် ဇာတိသွေး ဇာတိမာန်များဖြင့်
တစ်နိုင်ငံလုံး တက်တက်ကြွကြွ ပါဝင်ပေးခဲ့ကြသည်၊ ဆီးဂိမ်းအားကစားပွဲတော်မတိုင်ခင်ကတည်းက
အနုပညာရှင် အတတ်ပညာရှင်များအပါအဝင် တစ်နိုင်ငံလုံးရှိပြည်သူလူထုတို့သည် ဆီးဂိမ်းလှုံ့ဆော်ပွဲ
စသည်များပြုလုပ်၍ ဆီးဂိမ်းပွဲတော်ကြီးအောင်မြင်အောင် ကူညီပံ့ပိုးခဲ့ကြသည်၊
ယခုဆိုလျှင် တစ်နိုင်ငံလုံးကြိုးစားမှု၏ အသီးအပွင့်များအဖြစ် ခမ်းနားထည်ဝါသော ဆီးဂိမ်းဖွင့်ပွဲ
ကြီးအပါဝင် သတ်မှတ်ထားသော အားကစားနည်းများကို အောင်မြင်စွာ ကျင်းပနေနိုင်ပြီဖြစ်သည်၊
ယခု ဆီးဂိမ်းအားကစားပွဲတော်ကြီးနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးတွင် အသံမျိုးစုံလည်း ထွက်နေ
သည်၊ အထူးအားဖြင့် facebookပေါ်မှာဖြစ်သည်၊ လူပြောသူပြောအများဆုံးမှာ ၁၁-၁၂-၃၀၁၃ ညတွင်
ခမ်းနားထည်ဝါစွာကျင်းပသွားသော ဆီးဂိမ်းဖွင့်ပွဲဖြစ်သည်၊ ပြောရဆိုရလောက်အောင်လည်း ဆီးဂိမ်း
ဖွင့်ပွဲကြီးက ခမ်းနားထည်ဝါခဲ့ပါသည်၊ တစ်ခြားနိုင်ငံများကို မဆိုလိုပါ ၊ မြန်မာနိုင်ငံအနေဖြင့် ကျင်းပ
သည့်ပွဲများမှာတော့ ယခုဆီးဂိမ်းဖွင့်ပွဲကြီးသည် မိမိတစ်သက်တာတွင် အခမ်းနားဆုံးဖြစ်ခဲ့သည်၊
ဆီးဂိမ်းဖွင့်ပွဲကြီးကို အမြင်တစ်မျိုးဖြင့်ပြောကြဆိုကြသည့် စကားလုံးများထဲတွင် အမျိုးသားရေးစိတ်ဓာတ်
ကို အားကစားဖြင့် ခုတုံးလုပ်လှုံ့ဆော်၍ ဘေကျင်းအိုလံပစ်အားကစားပွဲတော်ကြီးကို ခမ်းနားထည်ဝါစွာ
ကျင်းပသောတရုတ်အစိုးရကဲ့သို့ နေပြည်တော်အစိုးရသည် အမျိုးသားရေး ဇာတိသွေးဇာတိမာန်တို့ကို
အားကစားပွဲခုတုံးလုပ်လျှက် လှုံ့ဆော်ခြင်း နိုင်ငံရေးမဲဆွယ်ခြင်းဆိုသောအချက်ကို မိမိသွားသတိထား
မိသည်၊ ထို့ပြင် တစ်ချို့ကတော့ မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများကို အာဏာပိုင်များနှင့်ပေါင်း၍
ကုပ်သွေးစုပ်ခြယ်လှယ်နေသော တရုတ်အစိုးရ၏ကူညီမှုဖြင့် ကျင်းပခြင်းကို နှာခေါင်းရှုံ့ကြသည်၊
တစ်ချို့က စိုးရိမ်သံ ပစ်သည်၊ မိမိ၏ပုဂ္ဂလိကအမြင်ဖြင့်ဝန်ခံရလျှင်လည်း မြန်မာနိုင်ငံ သဘာဝသယံဇာတ
များနှင့်ပတ်သက်၍ တရုတ်များအပေါ် တကယ်အမြင်ကတ်သည်၊ သို့ရာတွင် အဖက်ဖက်က အောက်ကျ
နောက်ကျဖြစ်နေသော မိမိတို့မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံအမည်ခံလျှက် ယခုလိုဆီးဂိမ်းဖွင့်ပွဲကြီးကို နိုင်ငံ
တကာအဆင့်မှီ ခမ်းခမ်းနားနားကျင်းပနိုင်ခဲ့တာကိုတော့ နိုင်ငံသားတစ်ယောက်နေဖြင့် ဂုဏ်ယူသည်၊
ဂုဏ်ယူခြင်းသည် တရုတ်အပေါ်ကျေးဇူးတင်ခြင်းမဟုတ်ကြောင်း အသိပေးပန်ကြားပါသည်၊ ပြောရလျှင်
ယခု တရုတ်အကူအညီသည် မြန်မာနိုင်ငံက တရုတ်တို့ ယူထားတာနှင့်စာလျှင် မစို့တပို့သာဖြစ်သည်၊
ကျေးဇူးတင်ရလောက်သော အနေအထားမရှိပေ၊ ဤစကားရပ်ဖြင့် တရုတ်မှတရုတ် သဲသဲလှုပ်နေသော
နိုင်ငံထိပ်ပိုင်း တာဝန်ရှိသူတစ်ချို့ကို ရည်ညွှန်းပါသည်၊
ယခုဆိုလျှင် ဆီးဂိမ်းအားကစားပွဲတော်တွင် သတ်မှတ်ထားသောအားကစားနည်းများကို (၁၁)နိုင်ငံမှ
အားကစားသမားများ ကိုယ်စီယှဉ်ပြိုင်နေကြပြီဖြစ်သည်၊ မိမိသည် မြန်မာနိုင်ငံသား ဗမာလူမျိုးဖြစ်သည်၊
မိမိတို့မြန်မာနိုင်ငံသည် တစ်ခြားနိုင်ငံများထက် အောက်ကျနောက်ကျဖြစ်နေစေကာမူ ဘယ်သောအခါမှ
အချစ်မပြယ်၊ ခေတ်မှီတိုးတက်သော နိုင်ငံကြီးများကို ဘယ်သောအခါမှ ကိုးကွယ်ဖို့ စိတ်မကူး ၊
မြန်မာ့ရေမြေ, မြန်မာ့ပုံရိပ်, မြန်မာ့ယဉ်ကျေးမှုတို့သည် မိမိနှလုံးအိမ်ထဲ အစဉ်ထာဝရကိန်းအောင်းလျှက်
ရှိသည်၊ ထို့အတူ မြန်မာပြည်ဖွား တိုင်းရင်းသားညီအကိုမောင်နှမအားလုံးကို ချစ်သည် ၊ ခင်သည် ၊
မြတ်နိုးသည်၊ လေးစားသည်၊ တန်ဘိုးထားသည်၊ တစ်မြေတည်းနေ တစ်ရေတည်းသောက် တိုင်းရင်းသား
ညီအကိုမောင်နှမအရေးနှင့် တစ်ခြားနိုင်ငံသားများအရေးယှဉ်လာလျှင် အေးအတူ ပူအမျှ တိုင်းရင်းသား
ညီအကိုမောင်နှမများ၏အရေးကို ထိပ်တန်းက ဦးစားပေးမည်သာဖြစ်သည်၊ မြန်မာပြည်ဖွား စာဖတ်သူ
များသည်လည်း မိမိကဲ့သို့ ခံယူချက်ရှိမည်ဟု ချွင်းချက်မရှိ ယုံကြည်ပါသည်၊
ပြောလိုသည်မှာ မည်သည့်အားကစားနည်းပြိုင်ပွဲမှာမဆို မြန်မာနိုင်ငံကိုယ်စားပြုအားကစားများကို
အားပေးနေမည်သာ ဖြစ်သည်၊ မြန်မာနိုင်ငံကိုယ်စားပြုအားကစားသမားများ ဆုတံဆိပ်ဆွတ်ခူးလျှင်
သူတို့နှင့်ထပ်တူ ဂုဏ်ယူမည်၊ သူတို့နှင့်ထပ်တူ နိုင်ငံတော်သီချင်းကို အားရပါးရလိုက်ဆိုမည်၊ ဒါသည်
နိုင်ငံသားတစ်ယောက်၏ ဇာတိမာန်ဖြစ်သည်၊ ဇာတိမာန်ဆိုသောစကားလုံးတွင် “ မာန် “ ဟူသော
ဝေါဟာရတစ်ခု ပူးကပ်လျှက်ရှိသည်၊ ထိုမာန်၏ မူရင်းဝေါဟာရမှာ “ မာန “ ဖြစ်သည်၊ မာနဖြစ်သည်နှင့်
အညီ သူ့အဓိပ္ပါယ် သူ့လားရာကား ကောင်းသည်ဟုမဆိုနိုင်ပေ၊ ထိုမာနသည် “ ငါ့မိသားစု ငါ့လူမျိုး
ငါ့နိုင်ငံ “ စသည်ဖြင့် “ ငါမှငါ “ ဖြစ်နေသော အတ္တအပေါ် အကျအနကျခွထိုင်လျှက် ဗဟိုပြုနေတတ်
သည် ၊ သူ့အဓိပ္ပါယ် သူ့လားရာသည် မကောင်းပင်မကောင်းငြားသော်လည်း နိုင်ငံရေးမှာတော့ မဖြစ်
မနေ ရှိရမည့်အရာတစ်ခု ဖြစ်သည် ၊ အစွန်းမရောက်ဖို့သာ လိုသည်၊ မြန်မာနိုင်ငံသူနိုင်ငံသားအများစု
လက်ခံထားသော ဗုဒ္ဓဘာသာအခြေပြုမြန်မာယဉ်ကျေးမှုသည်လည်း အစွန်းမရောက်ဖို့ပင် သင်ကြားသည်၊
အကြောင်းမှာ မည်သည့်အရာမဆို အစွန်းရောက်သွားပါက မလိုလားအပ်သောပြဿနာများ ဖြစ်ပေါ်လေ့
ရှိသောကြောင့် ဖြစ်သည်၊ အထူးသတိပြုရန်မှာ အစွန်းမရောက်သော မည်သည့်ကိစ္စမဆို လောကကျက်
သရေ, လောကအလှအပဖြစ်သည်ဆိုသောအချက်ပင် ဖြစ်သည် ၊ ပြောင်းပြန်အားဖြင့် အစွန်းရောက်သော
မည်သည့်ကိစ္စမဆို လောကကို အရုပ်ဆိုးအကျည်းတန်စေသည်ဟု နားလည်နိုင်ပါသည်၊ ထို့ပြင် အစွန်း
ရောက်သောအပြုအမူတို့ကို လောကထဲတွင်နေသော လောကလူသားများက လုံးဝလက်မခံကြပေ၊
၎င်းအပြုအမူများ ဖြစ်ထွန်းပေါ်ပေါက်လာလျှင်လည်း တိုက်ဖျက်နိုင်အောင် ကြိုးစားလေ့ ရှိကြသည်၊
ထို့ကြောင့် အတ္တကို ဗဟိုပြုသော အစွန်းရောက်သောအပြုအမူတို့၏ နိဂုံးဇာတ်သိမ်းသည် ကျဆုံးခြင်းသာ
ရှိသည်၊နိုင်ငံရေးဖြင့် ဥပမာပြရလျှင် ငါ့မိသားစုကောင်းစားရေး ငါ့အဖွဲ့ငါ့အာဏာတည်မြဲရေးကိုသာ အဓိက
အခြေပြုသော “ သက်ဦးဆံပိုင်ဘုရင်” စနစ်တို့သည် အစွန်းရောက်သောကြောင့် ကျဆုံးသွားရသည်၊
အလားတူစွာ ငါ့လူမျိုးကောင်းစားရေး ငါ့နိုင်ငံ လူတွင်ကျယ်လုပ်နိုင်ရေးကိုသာ အဓိကအခြေပြုသော
“ ဖက်ဆစ်ဝါဒ ”နှင့် “ နာဇီဝါဒ ”တို့သည်လည်း အစွန်းရောက်သောကြောင့် ကျဆုံးသွားခဲ့ရသည်၊
အစွန်းရောက်သောစနစ် ဝါဒ အပြုအမူတို့သည် လတ်တလောတွင် အောင်မြင်ကောင်း အောင်မြင်နေ
နိုင်သော်လည်း တစ်ခုသောနေ့၊ တစ်ခုသောအချိန်တွင် မလွဲမသွေ ကျဆုံးရမည်ဖြစ်ကြောင်း ကောင်းစွာ
သတိပြုရပေလိမ့်မည်၊
ယခု မိမိတို့မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ဆီးဂိမ်းအားကစားပွဲတော်ကြီးတွင် ပါဝင်
ယှဉ်ပြိုင်နေကြသော နိုင်ငံကိုယ်စားပြုအားကစားသမားများကို မြန်မာနိုင်သားအားလုံးသည် မိမိနည်းတူ
ဇာတိမာန်အပြည့်ဖြင့် အားပေးနေကြမည်ဖြစ်ကြောင်း သံသယမရှိပေ၊ သို့ရာတွင် မိမိတို့၏ဇာတိမာန်သည်
အစွန်းရောက်သောဇာတိမာန်ဖြစ်မသွားဖို့ လိုပါသည်၊ တစ်ခြားနိုင်ငံကိုယ်စားပြုကစားသမားများက မိမိတို့
နိုင်ငံကိုယ်စားပြုကစားသမားများထက် အရည်အချင်းနှင့် ကြိုးစားအားထုတ်မှုသာလွန်သောကြောင့် မိမိတို့
နိုင်ငံကိုကျော်လွန်၍ ဆုတံဆိပ်များဆွတ်ခူးသွားပါကလည်း ကျေနပ်စွာ လက်ခံနိုင်ရမည်သာ ဖြစ်သည်၊
ကစားသမားများအားလုံးနှင့် နိုင်ငံသူနိုင်ငံသားအားလုံးသည် အစွန်းရောက်သောဇာတိမာန်ဖြင့် ငါတို့
မရရကောင်းလားဟု စိတ်ထားလျှက် ပြိုင်ဘက်ကစားသမားများနှင့် ပြိုင်ဘက်ပရိသတ်များကို မထီမဲ့မြင်
စော်ကားမော်ကားအပြုအမူများ လုံးဝမလုပ်အပ်ပေ၊ ဒါ တို့ပြည် တို့နိုင်ငံဟု နှလုံးပိုက်လျှက် အိမ်တွင်း
ကျယ်မလုပ်ထိုက်ပေ၊ မိမိတို့သည် အိမ်ရှင်ကောင်းပီသရပါမည်၊ သတင်းတစ်ပုဒ်တွင် အုပ်စုအဖွင့်ပွဲစဉ်
ဖြစ်သော ထိုင်းနှင့် အရှေ့တီမောဘောလုံးပွဲ လာအားပေးနေကြသော ထိုင်းပရိသတ်များကို မြန်မာနှင့်
ကမ္ဘောဒီးယားပွဲအားပေးရန် ကြိုတင်ရောက်ရှိနေကြသော မြန်မာပရိသတ်တစ်ချို့က သမိုင်းအာဃာတကို
ထင်ဟပ်စေသော အလောင်းမင်းတရားဦးအောင်ဇေယျပုံကြီးထောင်ထောင်ပြပြီး ရန်စဆဲဆိုကြသည့်
အကြောင်းဖတ်လိုက်ရသည်၊ ထိုသတင်းခေါင်းစီးမှာ “ ဆီးဂိမ်းကို အိုးမည်းသုတ်သူများ” ဟူ၍ ဖြစ်သည်၊
ထိုသတင်းဖတ်ပြီး မိမိစိတ်ထဲ ရှက်ရွံ့စိတ်ပင် ဝင်သွားရသည်၊ အားကစားပွဲများ၏ ဦးတည်ချက်တစ်ခုမှာ
တစ်ဦးနှင့်တစ်ဦး တစ်အုပ်နှင့်တစ်စု တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ခင်စည်းလုံးညီညွတ်စေဖို့ဖြစ်သည်၊
ယခင်က အဖုအထစ်အကြိတ်အခဲများရှိခဲ့လျှင် ချစ်ခင်စွာယှဉ်ပြိုင်ခြင်းဖြင့် ကျေလည်သွားဖို့ဖြစ်သည်၊
ရန်မီးပွားဖို့ မဟုတ်ပေ၊ အာဃာတမီးရှို့ဖို့မဟုတ်ပေ၊ ( ယနေ့ ၁၄-ရက် ညနေပိုင်းတွင် မိမိတို့အိမ်ရှင်မြန်မာ
နှင့် ထိုင်းအသင်းတို့ အုပ်စုတတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကြတော့မည်ဖြစ်သည်၊ ရင်တထိတ်ထိတ်နှင့်
စောင့်ကြည့်ရပေဦးမည်၊ ဆီးဂိမ်းတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံသူနိုင်သားအားလုံးသည် အိမ်ရှင်ကောင်း
ပီသစွာ ထိန်းသိမ်းအားပေးနိုင်ကြလိမ့်မည်ဟုတော့ မျှော်လင့်ချင်ပါသည်၊)
မိမိတို့သည် ယခုဆီးဂိမ်းအားကစားပွဲတော်ကြီးတွင် အစွန်းရောက်သောဇာတိမာန်များကို ဖယ်ခွါ၍
အိမ်ရှင်ကောင်းပီသစွာဖြင့် နှစ်ပေါင်းများစွာကျဆင်းခဲ့သော မြန်မာနိုင်ငံ၏ပုံရိပ်ကို နည်းနည်းလောက်
ဖြစ်ဖြစ် မြင့်တင်နိုင်ကြလိမ့်မည်ဟု ယုံကြည်ချင်ပါသည်၊ ကျေးဇူးတင်ပါသည်……..။
မှတ်ချက်။ ။ဤဆောင်းပါးကို ဆရာကြီးဦးရွှေအောင်၏ “အမျိုးဘာသာ သာသနာ”ဆောင်းပါးကို
အဓိက အားပြုရေးသားသည်။