“အဖေသို့…လွမ်းချင်း”
မျက်လုံးတွေနီတာရဲစွာနဲ့ ခက်ထန်တဲ့ဒေါသအပြုအမူတွေနဲ့ မျက်စောင်းလေးပင့်ခဲ့ပေမဲ့ အဲဒီအပြုအမူတွေဟာ အဖေက ကျွန်မကိုပေးခဲ့တဲ့ သတ္တိတွေပါပဲ။ မဲမဲနက်နက်၊ ညို့မှိုင်းမှိုင်းတောအုပ်ကြီးတစ်ခုထဲမှာ မျက်စိသူငယ် နားသူငယ် ခိုကိုးရာမဲ့ဘ၀တွေမှာ အဖေက အနားမှာ ရှိနေခဲ့ပေးခဲ့တယ်။
လောကရဲ့ကောင်းခြင်း၊ ဆိုးခြင်းအဖြာဖြာကို သင်ယူတတ်မြောက်စေခဲ့ပေမဲ့ အဆင့်အတန်းရှိစွာ နေထိုင်တတ်စေဖို့ အဖေက ပြောပြခဲ့တယ်။ အထီးကျန်ဆန်တဲ့နေ့ရက်တိုင်းမှာ ကျွန်မကျောပြင်လေးကို ငေးကြည့်ရင်း ခေါင်းလေးကို ပွတ်ကာသပ်ကာဖြင့် ရင်ခွင်ထဲ နွေးထွေးစွာနဲ့ နှစ်သိမ့်ပေးခဲ့သူလည်း အဖေပါပဲ။
လောကရဲ့ ဘာသာရပ်ဆိုင်ရာ ပညာရပ်တွေသာမက အသိတရားတွေနဲ့ထပ်တူ လောကကို ရဲဝံ့စွာ ရင်ဆိုင်နိုင်တတ်စေဖို့ အားပေးခဲ့သူကလည်း အဖေပါပဲ။ လက်ထဲမှာ ငွေလေးတစ်စမရှိခဲ့ပေမဲ့ ကျွန်မရဲ့ လက်ဖ၀ါးနုနုလေးထဲကို အပြည့်အဝေ ဖြည့်ဆည်းပေးခဲ့သူကလည်း အဖေပါပဲ။
ကျွန်မရဲ့ပါးပြင်မှ မျက်ရည်များ ပြိုဆင်းကျလာတဲ့အခါ နားခိုခွင့်၊ မှေးစက်ခွင့်ပေးခဲ့သူကလည်း အဖေပါပဲ။ အဖေပြောနေကျ စကားလေးတစ်ခွန်းရှိတယ်။ အဲဒီစကားလေးကတော့ ရင်ဘတ်ထဲက နှလုံးသားကောင်းဖို့ပါပဲတဲ့လေ။ စိတ်ထားဖြူစင်စွာနဲ့ ရိုးသားကျင့်ကြံနေထိုင်သွားဖို့ အဖေက ဆုံးမခဲ့ဖူးတယ်။
ကမ်းမမြင်လမ်းမမြင် ပင်လယ်ကြီးထဲမှာ အခက်အခဲတွေရှိနေပေမဲ့ သင်္ဘောဆီကို အရောက်ကူးခတ်လာခဲ့တာလည်း အဖေပါပဲ။
အိမ်ထောင်ဦးစီး ကျေးဇူးရှင်အဖေဟာ လောကရဲ့ တာဝန်တွေ ထမ်းဆောင်နေချိန်မှာ မှားခဲ့တာတွေလည်း ရှိနိုင်သလို အမှန်တရားတွေလည်း ရှိနိုင်ပါလိမ့်မယ်။ သို့ပေမဲ့ ကျွန်မအတွက်တော့ အဖေဟာ ဘယ်တော့မှ အမှားမရှိတဲ့ စံပြသူရဲကောင်းအဖေပါပဲ။
အဖေရယ် အဖေ့ရဲ့ လက်တစုံနဲ့အတူ ပြုစုယုယခဲ့တဲ့ နှစ်ပေါင်းများစွာထဲမှာ အဖေ့ရဲ့ရင်ခွင်မှာ မှီခိုတွယ်တာနေရတာဟာ အနွေးထွေးဆုံးပါပဲ။ အဖေ့ရဲ့ မေတ္တာရေကြည်တစ်ပေါက်ဟာ လျှောက်လှမ်းရမဲ့ ကျွန်မဘ၀အနာဂတ်အတွက် အေးမြစေခဲ့ပါပြီ။
လောကရဲ့အလယ်မှာ ကျွန်မတစ်ယောက်တည်း အထီးကျန်နေ့ရက်တွေကို ဖြတ်သန်းနေရပေမဲ့ အဖေဟာ ကျွန်မနဲ့အတူ ရှိနေပါတယ်။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ခွဲခွာခြင်းဆိုတဲ့ နေ့ရက်တွေနဲ့ ကြုံလာနိုင်ပါတယ်။ သေခြင်းတရားတွေနဲ့ ခွဲခွာရတော့မယ်လို့ ကြုံလာတိုင်း အဖေဆိုဆုံးမခဲ့တဲ့ လောကနီတိတွေနဲ့ထပ်တူ လောကဓံတရားကို သတ္တိရှိရှိ ရင်ဆိုင်ရဲဖို့ တာဝေးအပြေးသမားတစ်ယောက်လို ကျွန်မ အသင့်ဖြစ်နေလျှက်ပါ အဖေ။
(၂၉.၁၀.၁၃) (၉း၀၀)PM
အားလုံးကို ခင်မင်လေးစားလျှက်-
နေခြည်သစ်နွယ် (ပြည်)
↧
“အဖေသို့…လွမ်းချင်း”
↧