“အင်း....ပြည်ထောင်စုနေ့ ရောက်တော့မယ်”
ကိုယ့်ဟာကိုယ်တွေးပြီး တစ်ယောက်ထဲ တိုးတိတ်စွာ ငြီးတွားမိသွားတာပါ......။ငယ်ငယ်လေး ကတည်းကနေ ပြည်ထောင်စုနေ့ ကိုရောက်ရင် အရမ်းကို ပျော်ခဲ့ပါတယ်....။ တခြားအကြောင်းကြောင့်တော့ မဟုတ်ပါဘူး.....။ ကျွန်မတို့  ငယ်စဉ်အချိန်က ပြည်ထောင်စုနေ့ ရောက်ပြီးဟေ့ဆို ပွဲလမ်းသဘင်တွေ ခြိမ့်ခြိမ့်သဲ ကျင်းပကြတာကြောင့် ကလေးသဘာဝ ပျော်ရွှင်မြူးတူးခဲ့တာပါ....။ အဲ့ဒီ ပွဲလမ်းသဘင်တွေထက် ပိုပြီးပျော်စရာကောင်းတာက ကျွန်မတို့ နေတဲ့မြို့ငယ်လေးမှာ ပြည်ထောင်စုနေ့  မနက်ဆိုရင် ထမနဲထိုး ပြိုင်ပွဲကို ကျင်းပလေ့ရှိတယ်....။
တမြို့ လုံးစုပေါင်းပြီးကျင်းပကြတာပါ....။မြို့ ထဲမှာရှိတဲ့ ရပ်ကွက်တိုင်းမှ ထမနဲထိုး အသင်းများ ၊ဌာနတိုင်းမှ ဌာနဆိုင်ရာ အသင်းများဟာမိမိတို့ ရပ်ကွက်၊ဌာနများကိုယ်စား ပါဝင်ယှဉ်ပြိုင်ကြတာပါ....။ပုံမှန်အားဖြင့် ပြိုင်ပွဲကို မနက် (၈)နာရီမှာ စတင်လေ့ရှိပါတယ်....။ပြိုင်ပွဲ ကျင်းပရာနေရာမှာ ထမနဲထိုးရန် ရောက်လာသည့် ပြိုင်ပွဲဝင်များအပြင် ထိုအသင်းများကို အားပေးမည့် သက်ဆိုင်ရာ ရပ်ကွက်သူရပ်ကွက်သားများနှင့် ဌာနမှလူများ၊အိုးစည်ဒိုးပတ်ဝိုင်းများနှင့် လွန်စွာမှ စည်ကားနေပါတော့သည်...။
ပြိုင်ပွဲစကြောင်း ဝီဆယ်လ်သံကြားတာနှင့် အဆင်သင့် နေရာယူထားသော ပြိုင်ပွဲဝင် အသင်းများက စတင်၍ လှုပ်ရှားပါတော့သည်...။တစ်သင်းကို (၄)ဦးသာ ပါဝင်ခွင့်ရပါသည်..။ ပြိုင်ပွဲစပြီးဆိုသည်နှင့်သူ့ ထက်ငါ အပြိုင် သူ့ အသင်းကိုယ့်အသင်း အနိုင်ရရှိရေး အသင်းဝင်အချင်းချင်း စည်းလုံး ညီညွတ်စွာ အားသွန်ခွန်စိုက် ကြိုးပမ်းကြရပါတော့သည်....။ အားပေးသူများကလဲ ကိုယ်အားပေးသည့် အသင်းအနိုင်ရရေး ကိုယ်ကိုတိုင် ယောင်းမဝင်မကိုင်ရုံတမယ်နှင့်စိတ်အားတက်ကြွစွာနှင့်...။ဒိုးပတ်သံကလဲ မြိုင်ဆိုင်စွာနှင့်.....။တစ်သင်းကို တစ်သင်း အမုန်းကင်းမဲ့စွာ စနောက်လိုက်သေးသည်...။
သြော်..ထမနဲထိုးနေသူများမှာလဲ ချွေးသံတရွှဲရွှဲနှင့်....နဖူးမှချွေး ထမနဲအိုးထဲကျ..(အဲ..မှားလို့ ) ခြေမ ကျ...။အမှန်တော့ တကယ်ပင် ထမနဲ အိုးထဲကျသည့်အထိ ချွေးကအဖြိုင်ဖြိုင်...။တခါတရံ မီးခိုးမွှန်၍ မျက်ရည်များနှင့် နှာရည်ကလဲ တရွှဲရွှဲ..။ဘယ်လိုပင် ဖြစ်နေစေကာမူ ယှဉ်ပြိုင်သူများက မလျှော့သောဇွဲလုံ့ လနှင့်....အနိုင်ရရေးကို အားကြိုးမာန်တက် အပြတ်ကြိုးစား အားထုတ်လျှက်....။
သတ်မှတ်ချိန်အတွင်းတွင်လဲ ပြီးဆုံးရမည်၊အရသာလဲ ကောင်းမွန်ရမည့် ထမနဲ ဖြစ်ရန် ယှဉ်ပြိုင်သူနှင့် အားပေးသူ တက်ညီလက်ညီ...။သတ်မှတ်ချိန်တွင်း ပြီးဆုံးသော အသင်းဝင်များ၏ ထမနဲများကို အောက်မှာ နံပါတ်ကပ်ထားသည့် ညီတူပန်ကန်ပြားများတွင် ထည့်၍ သတ်မှတ်ထားသည့် နေရာသို့ ပို့ ဆောင်ရပါသည်..။၎င်း ကို ဒိုင်အဖွဲ့ မှ မည်သည့် အသင်း၏ ထမနဲ ကောင်းမွန်သော အရသာရှိသည်ကို ဆုံးဖြတ်ပါသည်...။အနိုင်မရရှိသော အသင်းများမှာလဲ အနိုင်မရရှိ၍တော့ ဆူငြူခြင်းမရှိပါ...။အားလုံးသော အသင်းများမှာ ပျော်ရွှင်စည်းလုံးစွာနှင့်ပင် ပြီးဆုံးစေပါသည်...။
ပြိုင်ပွဲဝင် ထမနဲ အားလုံးကိုပေါင်း၍ မြို့ ငယ်လေးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းပို့ ရန်လဲ စီစဉ်ကြသေးသည်...။
ထို ထမနဲထိုးပြိုင်ပွဲပြီးသည့်နောက်ပိုင်းတွင် အထူးအစီအစဉ် အနေဖြင့် အလှူရှင်များ စုပေါင်း၍ စတုဒီသာ ထမင်းဝိုင်းရှိပါသည်....။နှစ်စဉ်နှစ်တိုင်း ကျွေးသည့်ထမင်းနှင့် ဟင်းမှာ မရိုးနိုင်စွာ တမျိုးတည်းဖြစ်သည့် ဗူးသီးနှင့်ကြက်သား စပါးလင်နံ့မွေးမွေး ကာလသားချက် သောက်ဆမ်းဟင်းနှင့် မရမ်းသီ ငပိထောင်း စပ်စပ်လေးသာ ဖြစ်ပါတော့သည်..။ အတို့ အမြုံ အနေနှင့်ကတော့ စေတနာရှင်များက မိမိတတ်နိုင်သလောက် ယူလာ လှူတန်းသည့် အမျိုးအမယ်စုံ ဟင်းသီးဟင်းရွက်စုံ တို့ ကို ပြုတ်တန်ပြုတ် အစိမ်းစား၍ ရသည့်အရွက်တို့ကို အစိမ်းနှင့် စုံလင်လှစွာ...။
ထမနဲထိုး၍ သော်၎င်း၊အားပေး၍သော်၎င်း မောပမ်း၍ ချွေးဖြိုင်ဖြိုင် ကျနေသော ထိုလူစု ကြီးသည် ထိုစတုဒီသာမှ ကျွေးသည့် ထမင်းပူပူ ၊ဟင်းပူပူ၊မရမ်းသီးငပိထောင်း စပ်စပ်နှင့် တို့ စရာအစုံအလင်ကို ခေါင်းမဖော်တမ်း ငုံ့ လွေးတော့ပါသည်...။ကျောသားရင်သား မခွဲခြား၊သာသည်နာသည်မရှိ လက်ရည်တပြင်တည်း စားသုံးကြသည့် ထမင်းဝိုင်းလေးမှာ စည်ကား၍ ချမ်းသာခြင်းအတိ...။ထိုထမင်းဝိုင်းလေး ပြီးဆုံးချိန်မှာတော့ ဘုန်းကြီးကျောင်းပို့ ၍ ပိုသော ထမနဲများကို တယောက်တစ်ဆုပ် ညီတူညီမျှ ခွဲဝေစားသောက်လျှက် ပြည်ထောင်စုနေ့ကြီးကို ချစ်ခင်စွာ ပြီးဆုံးစေသည့် မြို့ ငယ်လေး.....။
ခုတော့ ဒီအစဉ်အလာလဲ မရှိတော့ပါ...။ခြောက်သွေ့ စွာ အတိတ်မှာ ကျန်ခဲ့ပြီး...။ ကိုယ်ကိုတိုင်ကလဲ အိမ်နှင့်ဝေးသော ရပ်ခြားမှာ ဘဝရဲ့  အထုအထောင်းများကို လှိမ့်ပိတ်စွာ ခံပြီး လောကဓံကို အထီးကျန်စွာ အံတုလို့ ....။
တချိန်က စည်းလုံးစည်ကားခဲ့သည့် မြို့ငယ်လေးနှင့် စည်းလုံးမှုကို အရယူ၍အောင်နိုင်ခဲ့သည့် ထမနဲ၊ လက်ရည် တပြင်တည်း စားသုံးခဲ့သည့် ထမင်းဝိုင်းလေးကို ပြည်ထောင်စု နေ့ လေးနှင့်အတူ လွမ်းဆွတ်းတမ်းတနေမိသည်...။
အမှန်တော့ ကိုယ့်လွမ်းဆွတ်မှုက ပြည်ထောင်စုနေ့ တစ်နေ့  ဖြစ်ပေါ်လာအောင် ကြိုးပမ်းခဲ့ရသည့် သခင်အောင်ဆန်း တို့ ၏ ကြိုးပမ်းမှုနှင့် နှိုင်းယှဉ်လျှင် မြူမှုန်တစ်မှုန်စာပင်လျှင် မရှိသည့် အသေးအဖွဲလေးပင် ဖြစ်သည်...။ သို့ ပါသော်ငြား.....ကျောသားရင်သား မခွဲခြား အဆင့်အတန်းမခွဲခြား အတူစားခဲ့ရသော ထမင်းဝိုင်းလေးတစ်ဝိုင်း....တစ်စည်းတစ်လုံးနှင့် စည်းလုံးမှုကို အခြေခံပြီး ရလာခဲ့သည့် ထမနဲ တစ်ဆုပ်ကို ငပိထောင်းလေးလို အထောင်းအထုခံထားခဲ့ရသော အခြေအနေမျိုးနှင့်ဘဝမှ ကျွန်မ ရင်နှင့်အမျှ လွမ်းနေပါတော့သည်......။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်