……………………………………တက္ကသိုလ်ရောက်စ ကမောက်ကမများ(၁)……………………………………………
***************************************************************************** *****************************************************************************
၁၀တန်းစာမေးပွဲကို သူများတွေလို ဂုဏ်ထူးတွေ ဘာတွေ ညာတွေ ဘာမှ အပြိုင်မယူပဲ ရိုးရိုးသားသား အေးချမ်းစွာ ကျော်ဖြတ်ခဲ့ပြီးတဲ့နောက်မှာ ခွန်းချိုတစ်ယောက် တက္ကသိုလ်ကျောင်းသူဖြစ်လာခဲ့ပါပြီ။ အဘိုးတွေ အမေတွေ ခေတ်တုန်းကတော့ တက္ကသိုလ်ကျောင်းသား/သူဆိုရင် နိုင်ငံတော်အလံကိုတွေ့သလို ကျောက်ရုပ် ဖြစ်ရတယ်ဆိုပေမယ့် ခွန်းချိုတို့ခေတ်ကျတော့ တစ်မျိုးရှင့်။ တက္ကသိုလ်ကျောင်းသား/သူတွေကိုတွေ့ရင်လေ ဟို…….. ဖိုးချစ်တို့က ဇာတ်စင်ပေါ်မှာ နှစ်ပါးသွားကရတာ.. သူတို့က ကျောင်းတက်တဲ့လမ်းတစ်လျှောက်မှာ နှစ်ပါးသွားကနေကြတာများ… ဇာတ်ကြည့်ချင်ရင် တက္ကသိုလ်ကျောင်းသား/သူတွေကိုကြည့်ဆိုပြီး ဆိုင်းဘုတ်ထောင်၊ ကြော်ငြာရတဲ့ခေတ်ရှင့်။ ထားပါတော့လေ။ အခု ခွန်းချို ကျောင်းသွားပါပြီ။ ဘယ်ကျောင်းလဲ။ ရွာသာကြီးက “ရန်ကုန်စီးပွားရေးတက္ကသိုလ်” ပေါ့။
သူငယ်ချင်းနဲ့ ကားဂိတ်မှာစောင့်ကောင်းတုန်း ၂၁၀ လာပါရော။ ခွန်းချိုတို့ အဲ့ကားစီးရမှာလေ။ မတတ်နိုင်။ လူကြပ်လည်းဒါပဲစီးရမှာကိုး။ တခြားကားမှမရှိတာ။ အဲ့၂၁၀ ကလည်း ကားအစီးရေနည်းနည်းလေး။ ဒါနဲ့ ကားပေါ်ရောက်ရောဆိုပါတော့။ အမယ်လေး….. ကိုရီးယားက ချွေးထုတ်ခန်းသွားကြတဲ့သူတွေကို ဒီ၂၁၀ ပေါ် ခန ခေါ်လိုက်ချင်တယ်။ အဲ့လိုဆို ချွေးထုတ်ခန်းဖွင့်တဲ့သူတွေ တာ့တာ၊ ဘိုင့်ဘိုင်၊ fly kiss ဖြစ်သွားကြမှာ။ လူကြပ်တာမှ ဒလိမ့်တုံးလိမ့်ခံနေရသလိုမျိုးကို ကြပ်တာ။ အကုန်လုံးကလည်း ကျောင်းသားတွေနဲ့ လိုင်စင်ရုံးတို့ ဘာတို့မှာ ဆင်းကြမယ့်သူတွေချည်းပဲဆိုတော့ ဘ၀တူတွေပဲလေ။ ညည်းတွားသံတွေ၊တက်နင်းမိလို့အော်သံ တွေကအစ ခုံနေရာလွတ်သွားရင်တောင် သူထိုင်၊ ကိုယ်ထိုင်ငြင်းကြတာတွေအဆုံး အားလုံးက တစ်လေသံ၊ တစ်မျိုးတည်းပဲ။ သီချင်းသံတွေကလည်း စုံလို့။ ဟိုး……ကားနောက်ပိုင်းက အောင်လ ဆိုရင်၊ ကားအလယ် မှာက လွှမ်းပိုင်၊ ကားရှေ့ပိုင်းမှာတော့ ဖြူဖြူကျော်သိန်း၊ အဲ့ဒါတောင် ကားဆရာကဖွင့်ထားတာက ဘိုဖြူပါရှင့်။ နားတွေလည်း ဘာနားထောင်ရမှန်းကိုမသိတော့တာ။ ထမင်းချိုင့်ကလည်း သူများခြေထောက်အောက်မှာ။ လက်ကလည်း အရပ်ပုတော့(ဟီး) တန်းမမှီ။( အမှန်တော့ လက်ကိုင်ကွင်းတွေကို ဖြုတ်ထားလို့ တန်းမမှီတာပါ) ကားဆရာက မီးပွိုင့်မိလို့ ကားရပ်လိုက်ရင် အကုန်လုံးဗရုတ်ကျကုန်ရော။ သူငယ်ချင်းနာမည်က ထားပါတော့ ဆု လို့။ ဆုက သူ့ခြင်းတောင်းကို အမတစ်ယောက်ကကိုင်ပေးလို့ နည်းနည်း လွတ်ပီ ကျွတ်ပီဖြစ်သွားတယ်။ ခွန်းချိုကျတော့ အကိုလို့ထင်တာပဲ သူကကိုင်ပေးတယ်။ အဲ့မှာပြသနာက စတာ။ လူက အလယ်လမ်းမှာ ၃ယောက်ထပ်ပြီးရပ်ရတာဆိုတော့ နောက်က ဆင်းမယ့်သူထွက်လာရင် ခွန်းချိုက ရှေ့ကိုတိမ်းပေးရတာ။ တိမ်းရင်းတိမ်းရင်းနဲ့ အဲ့အကိုနဲ့ မျက်နှာကကပ်နေရော။ ဟိုက်… ကွိုင်ကတက် ဆင်းမယ့်သူကထွက်မရနဲ့ အရေးထဲ ပြတင်းပေါက်ကဖွင့်ထားတော့ အဲ့အကိုရဲ့ အီမိုချထားတဲ့ ဆံပင်က လေနဲ့လွင့်ပြီး ခွန်းချိုနှာခေါင်းနားမှာ ဝေ့လည်ဝေ့လည် ကလိကလိ လာလုပ်။ သူကမျက်နှာဒီဘက်လှည့်ပေးတော့ ခွန်းချိုနဲ့……………။ ဟိုဘက်ပြန်လှည့်တော့ သူ့ဘေးကအမရဲ့ဆံပင်က သူ့မျက်နှာရှေ့မှာ လွန့်ကာလူးကာ လေကူးနေတော့ (ရေကူးတာမဟုတ်… လေတိုက်လို့ လေကူးတာပါ) သူ့မှာလည်း ဘေးကျပ်နံကျပ်။ ခွန်းချိုလည်း မျက်နှာကပူ။ နှာခေါင်းကလည်း သူ့ဆံပင်နဲ့ပူထူပြီး နှာချေရမလို မှုတ်ထုတ်ရမလိုနဲ့။ ဘေးက ဆုကတော့ ပြုံးစိစိနဲ့။ ကျောင်းရောက်တဲ့အထိအဲ့လိုကိုဖြစ်နေတာ ဘယ်နှခါမှန်းကိုမသိဘူး။ စီးပွားရေးတောက်လျှောက်ဆိုတဲ့အသံ ကြားမှ ဟင်း ချနိုင်တော့တာရှင့်။ ကျောင်းရှေ့ရောက်တာနဲ့ ကားပေါ်ကခုန်ဆင်းမိတဲ့အထိ စိတ်ညစ်တာဆိုတော့ သေချာတယ်… အဲ့အချိန်တုန်းက ခွန်းချိုမျက်နှာက ပေါင်ချိန် သူ့ဝတ်ရုံမတော်တော့လို့ ညီလာခံဝင်ဖို့ခေါင်းကိုက် နေတဲ့ မျက်နှာမျိုးဖြစ်နေမှာ။ ကျောင်းကိုမြင်ရတော့လည်း နည်းနည်းတော့ ပျော်သွားတာအမှန်။
ပျော်တာက သိပ်မကြာလိုက်ပါဘူး……. အဆောင်ပျောက်လို့ ခေါင်းမီးတောက်ရော။ မိန်းလမ်းပေါ်ကို ဟိုဖြတ်ပြေး ဒီဖြတ်ပြေးနဲ့ လိပ်ဥပျောက်လို့ လိပ်မကရှာတာတောင် အဲ့လောက်ပြာယာခတ်မယ်မထင်။ တော်သေးတယ်.. အမတစ်ယောက်ကိုမေးတော့မှ ကိုယ့်ပထမနှစ်အဆောင်ကို တန်းတန်းမတ်မတ်ကို ရောက်တာ။ အဲ့မှာ အခန်းလိုက်ရှာ။ တွေ့ပြီထင်လို့ဝင်ထိုင်တော့မှ… မဟုတ်ဘူးတဲ့။ ခုံနံပါတ်ကပ်ထားတဲ့စာရွက် က အရင်နှစ်က အခန်းခွဲတဲ့စာရွက်တဲ့။ ဒီနှစ်တန်းခွဲစာရွက်က လုံခြုံရေးတစ်ယောက်ရဲ့လက်ထဲမှာဆိုတော့…… အမယ်မင်းရယ်တော့မှ ခွန်းချိုတို့ငိုရတော့တာပဲ။ ပြေးစမ်း ပထမနှစ်အဆောင်ကိုပတ်ပြီး အဲ့လုံခြုံရေးကိုလိုက်ရှာ ရာသီဥတုကိုယ့်ဘက်မပါတာများ အပြာရောင်ဝတ်ထားတဲ့သူဆိုလို့ ကျောင်းသားတောင် မမြင်ဘူး။ နာရီငုံ့ကြည့် တော့ ၉နာရီထိုးပြီ။ စာအုပ်တွေကမ၀ယ်ရသေးဘူး။ လူက နည်းနည်းဗျာများလာပြီဆိုတော့ ဒေါသက စိုးရိမ်ရေမှတ်နားကပ်နေပြီလေ။ မျက်နှာရှစ်ခေါက်ချိုးနဲ့ အဲ့နားကမုန့်ရောင်းတဲ့အဒေါ်ကြီးကိုမေးကြည့်တော့မှ လုံခြုံရေးက အခန်း၆မှာ တန်းခွဲစာရင်းသွားကပ်နေပြီတဲ့။ သေရော…… ဒီကအခန်း၁၁ရောက်နေပြီ အခန်း၆ကို ပြန်ပြေးရမှာ… ပိုဆိုးတာက အခန်း၆က မိန်းလမ်းရဲ့ဟိုဘက်၊ ခွန်းချိုရောက်နေတာက မိန်းလမ်းရဲ့ဒီဘက်။ ဆုနဲ့ ခွန်းချိုနဲ့အိတ်တွေဆွဲပြီး လူအုပ်ကိုပြန်တိုး၊ ခုံနံပါတ်လိုက်ရှာနဲ့….နာရီဝက်သာသာလောက်ရှိမှာ ကိုယ့်အခန်းကို သိရတော့တယ်။ ကျောင်းတက်ဖို့အရေး..တယ်ချွေးပြန်သကိုး…….။
ဒါနဲ့ အခန်းထဲရောက်ရော။ ဆုနဲ့ကအခန်းကွဲသွားတယ်။ ခွန်းချိုတို့အခန်းရောက်တော့ ဧရာဝတီတိုင်းက တစ်ယောက်နဲ့ထိုင်လိုက်တယ်။ မကြာဘူး.. မြောက်ဒဂုံကတစ်ယောက်လာထိုင်တယ်။ သူက ထူး တဲ့။ မိတ်ဆက်တုန်းမှာ ဆုက စာအုပ်သွားဝယ်မယ်ဆိုတာနဲ့ ထူးကိုပါခေါ်ပြီး စာအုပ်ဝယ်ကြတာပေါ့။ ဆုမှာက သူငယ်ချင်း၂ယောက်ပါလာတယ်။ တစ်ယောက်က ဖွေး၊ ကျန်တဲ့သူက လဲ့။ ၅ယောက်သား ဒုတိယနှစ်ဆောင် ရဲ့ပထမထပ်ကိုတက်တော့ အခန်းထဲကတစ်ယောက်ပါပဲ။ သွယ် တဲ့။ သူကလည်း စာအုပ်ဝယ်မလို့ဆိုတော့ အတူတူသွားကြတာပေါ့။ အမယ်လေးးးးးးးးး………… မြန်မာစာက ဒီဘက်မှာဝယ်ရရင် အင်္ဂလိပ်စာက ဟိုးဘက် အစွန်ဆုံး။ ပြီးတော့ သချာင်္ကဒုတိယထပ်မှာဆိုတော့ အပြေးတက်။ ဌာနကစာအုပ်မရသေးဘူးဆိုတော့ နောက်တစ်ထပ်တက်။ ဟိုတက် ဒီတက်နဲ့။ ၇ဘာသာရှိတာ ဒုတိယနှစ်အဆောင်မှာ၅ဘာသာပဲဝယ်လို့ရတယ်။ ဒါတောင် ၅ဘာသာမှာ၎ဘာသာပဲရတယ်။ ကျန်၂ဘာသာက တတိယနှစ်အဆောင် (မိန်း) ကိုသွားဝယ်တဲ့။ ပြေးဦး…………….. ထပ်ပြီးတော့။ ထီးမပါတော့ ချွေးက တောက်တောက် တောက်တောက်နဲ့။ ဒါနဲ့မိန်းကိုရောက် အီကိုဌာနကိုပြေးပြီးလိုက်ရှာ.. တွေ့တော့ လူက ဘုရားပွဲတိုးရသလို။ နောက်တော့မှ ဆရာမက အော်တော့ တယ်။ စာအုပ်က နောက်တစ်ပတ်မှရမယ်တဲ့။ တိန်……………….။ ဒါနဲ့ မေးလိုက်တာပေါ့ သမိုင်းက ဘယ်မှာလဲ ဆိုတော့ ဆရာမက ပထမနှစ်အဆောင်ရဲ့ အခန်း၇မှာတဲ့။ ဒီအချိန်လောက်မှ ဆရာမတွေရောက်တယ်ဆိုတော့ နာရီကြည့်လိုက်တယ် ၁၀နာရီထိုးပြီ။ ကျောင်းရောက်စတုန်းက အဲ့ဒါကြောင့်ဌာနကတံခါးပိတ်ထားတာကိုး..လို့ ခွန်းချိုတွေးမိလိုက်ပါတယ်။ ခွန်းချိုထင်တာက သမိုင်းဌာနပေမယ့် စာအုပ်က မိန်း ဒါမှမဟုတ် ဒုတိယနှစ်အဆောင်မှာရောင်းတယ်ထင်တာကိုး။ အတွေးကိုနောက်မှာထားခြေလှမ်းကိုမော်တော်ခုတ်လိုက်ရင်း ကိုယ့်အဆောင်ကိုပြန်ပြေး…..။ လူရှင်းနေတော့ တော်သေးတယ်ထင်တာ….။ ဆရာမပေါ့ စာအုပ်ဝယ်ချင်လို့ပါ ဆိုတော့.. ဆရာမတစ်ယောက်က သမီးတို့က ဘယ်အခန်းကလဲတဲ့။ အခန်း၈ပေါ့။ နောက်မှလာဝယ်ပါတဲ့…..။ သမိုင်းက နောက်တစ်ပတ်မှ စာအုပ်ရောက်မှာတဲ့။ သေစမ်း…… ဆရာမကလည်း ဒါနဲ့များ အခန်းမေးနေသေး တယ်။ မရဘူးဆိုလည်း ပြောပေါ့လို့……။ ဟူးးးးးးးးးး……. အဲ့တုန်းကအကြောင်း အခုပြန်ရေးတာတောင် တော်တော်မောတယ်…………………………ဟောဟဲ…ဟောဟဲ…။
ဒါနဲ့ပဲ စာသင်ချိန်တွေက ဆရာမတွေမ၀င်တော့ ဟိုမိတ်ဆက်ဒီမိတ်ဆက်နဲ့ ကုန်သွားရော။ နောက်ထပ် သူငယ်ချင်း၂ယောက်ကိုပြောပြမယ်။ ဖူးနဲ့ ခိုင် တဲ့။ ထမင်းစားချိန်ရောက်တော့ ဆုရယ် ဖွေး၊လဲ့ရယ်၊ ဖူးရယ်၊ ထူးရယ် နောက် ခွန်းချိုရယ်ပေါ့ ကန်တင်းကို ဆင်း၊ နေရာကပျောက်နဲ့ မနည်းခုံရှာရတယ်။ ဘာမှာမလဲဆိုတော့ အအေးပဲသောက်ဦးမယ်ပေါ့ စစချင်းဆိုတော့။ ခွန်းချိုက ကိုလာမှာတယ် ဆုကလည်း ကိုလာပဲ။ ထူးနဲ့ လဲ့နဲ့က ထောပတ်သီးဖျော်ရည်မှာတယ်။ ဖွေးက ပါဝါ၊ ဖူးကတော့ ဆားငန်သီးဖျော်ရည်တဲ့။ မှာပြီးတော့ ထမင်းချိုင့်တွေ ဖွင့်… ဟိုဟင်းနှိုက် ဒီခွက်နှိုက်ပေါ့။ ထမင်းတွေကုန် ခွန်းချိုတို့ရဲ့အအေးတွေသာကုန်သလောက်ဖြစ်သွားတယ်။ ထောပတ်သီးက မရသေးဘူး။ စိတ်မရှည်တော့ဘူးဆိုတော့ ထူးက စားပွဲထိုးတစ်ယောက်ကိုခေါ်ပြီး ခုနက ထောပတ်သီးဖျော်ရည်မှာထားတာဖျက်လိုက်တော့လို့ ပါဝါ၂လုံးပဲလာချတော့လို့ပြောလိုက်တယ်။ ပါဝါပုလင်း တစ်ဝက်ကုန်တော့မှ ထောပတ်သီး တဲ့။ ကောင်လေးကလာချရော။ ဟိုက်…. ယူလိုက်ရင်လည်း ၂ခုဖိုး ရှင်းရမှာ မယူပြန်လည်း………။ နေတော့ဟာဆိုပြီး ထူးနဲ့ခွန်းချိုနဲ့ ကောင်လေးကိုပြောလိုက်ပါတယ်… အမတို့ဝိုင်းက မှာတာမဟုတ်ဘူးလို့ ဗြောင်ငြင်းလိုက်တာလေ။ ကောင်လေးကခေါင်းလေးကုတ်ပြီး ဆိုင်ရှင်လက်ထဲသွားထည့် တယ်။ ခွန်းချိုတို့မသိချင်ယောင်ဆောင်နေတာပေါ့။ မှင်ကတော့ ကောင်းကောင်းပဲ။ အဲ့မှာ ဆိုင်ရှင်က ခုနက ထောပတ်သီး၂ခွက် ဘယ်ကောင်တွေမှာပြီးမယူတာလဲလို့ ဒေါနဲ့အော်ရော။ အဲ့တော့မှ မျက်နှာပူပြီး အအေးဖိုး အလောသုံးဆယ်ရှင်းပြီး ထွက်ပြေးရတာ…….။ ပျော်တော့ပျော်စရာပဲ သိလား။ ပထမဆုံးရက်မှာ ကမောက်ကမ ဖြစ်တာပေါင်း သောင်းခြောက်ထောင်ပဲ။ ကျန်တာကို အေးအေးဆေးဆေးကို ဆက်ပြောပြဦးမယ်။ အဲ… ဒါကိုဖတ်ပြီးတော့ ကျောင်းရောက်လာပြီး ကျောင်းဖွင့်စတုန်းက ထောပတ်သီး မှာပြီးမယူတာ ပထမနှစ်က ခွန်းချိုတို့အဖွဲ့ပါဆိုပြီးတော့ လာတော့ပြောရ၀ူးနော့………..ဟီး………………..။
ဆက်ရန်………….