ဖေဖေ သမီးတို့ မိသားစုကြီးကို ကွေကွင်းသွားခဲ့တာ (6)နှစ်တင်းတင်း ပြည့်သွားခဲ့ပေမယ့် ဖေဖေ့ကို တစ်နေ့တစ်ရက်မှ သမီးမေ့လို့မရပါဘူး ဖေဖေရယ်။ သားသမီးကို ပညာတတ်ကြီးဖြစ်စေချင်တဲ့ ၊ သားသမီးအပေါ်မှာ ချစ်တတ်လွန်းတဲ့၊ အနွံတာခံလွန်းတဲ့ ၊ အလိုလိုက်လွန်းတဲ့၊ ဖေဖေကျေးဇူးရှင်ကြီးကို သမီး သေသည့်တိုင် မမေ့နိုင်ဘူးဆိုတာ တမလွန်ဘ၀မှ ဖေဖေယုံကြည်ပါလို့ သမီးပြောချင်ပါတယ်။ ခုတော့ . . ဖေဖေမရှိတော့မှ ဖေဖေ့ကို ပိုပြီးတမ်းတမိတယ် ဖေဖေရယ်။ ဖေဖေရဲ့ စကားသံတွေ၊ ဆုံးမသံတွေဟာ သမီးနားထဲမှာ ပဲ့တင်ထပ်သလို၊ ကြားနေသလို ရှိပေမယ့် ဖေဖေရဲ့ ရုပ်ပုံဟာ သမီးရဲ့ အမြင်အာရုံမှာ ၀ိုးတ၀ါးလေးနဲ့ မပီမပြင်ဘဲ ရှိနေတော့တယ် ဖေဖေရယ်။ ဖေဖေဟာ တဖြည်းဖြည်း တရွေ့ရွေ့နဲ့ ပျောက်ကွယ်သွားပေမယ့် . . . ။ဖေဖေပြော ခဲ့တဲ့ စကားတွေဟာ သမီးရဲ့ ရင်ထဲမှာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ဖေဖေရှိစဉ်တုန်းက ဘာမျှ အပူအပင်မရှိဘဲနဲ့ နေခဲ့ရ တဲ့ သမီးလေ။ ဖေဖေမရှိတဲ့နောက်ပိုင်းမှာ ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရပါတယ် ဖေဖေရယ်။
သောကအမျိုးမျိုးနဲ့လည်း ကြုံတွေ့ခဲ့ရတယ်လေ။ ဒီတော့မှပဲ ဖေဖေ့ရဲ့ အရိပ်အာဝါသဟာ သမီးတို့အတွက် အအေးမြဆုံးအရိပ်ဆိုတာ သိပြီး သမီးဖေဖေရှိစဉ်တုန်းက နေခဲ့ရတဲ့ ဘ၀ကို ပြန်မျှော်တွေးပြီး နောင်တရတဲ့ နောင်တတွေက သမီးရင်ကို လှိုက်မောစေခဲ့ပါတယ် ဖေဖေရယ်။ ဘယ်လောက်ပဲ ဒုက္ခတွေ့တွေ့၊ သမီးလေ ဖေဖေဆုံးမတဲ့ စကားကို နားမှာ အမြဲကြားပြီး အရာရာကို အားတင်းပြီး ကြိုးစားနေပါတယ် ဖေဖေရယ်။ တစ်နေ့နေ့တော့ အောင်မြင်မှုရမှာပဲဆိုပြီး ဇွဲတော့မလျှော့ပါဘူး။ လမ်းမှားကို မရောက်ဘဲ လမ်းမှန်ကို ရောက်အောင် သမီးအစဉ်သတိထားပြီး ဘ၀ခရီးကို လျှောက်လှမ်းနေဆဲပါ။ အခုအချိန်မှာတော့ သမီးဟာ ဘ၀နေပူထဲကို ရောက် နေပါတယ်။ ဒါပေမယ့် လှိုင်းလေကြားထဲက ဗေဒါပင်လို ခေါင်းမော့နိုင်အောင်တော့ သမီးကြိုးစားနေပါတယ်။ ဖေဖေမရှိတော့ . . ပတ်ဝန်းကျင်ရဲ့ အထင်သေးတဲ့ မျက်လုံးနဲ့ကြည့်တဲ့အကြည့်တွေ၊ မထီမဲ့မြင်လုပ်တဲ့ အပြုအမူတွေဟာ သမီးအဖို့ နာကြည်းစရာတွေပါ ဖေဖေ။ ဒါတွေကို သမီး မတုန်လှုပ်ပါဘူး။ ဂရုလည်း မစိုက်ဘူး။ တစ်နေ့တော့ ပန်းတိုင်ကို ရောက်မှာပဲဆိုပြီး အားတင်းထားပါတယ်။ ဖေဖေရှိတုန်းကလို ဖေဖေရင်ဆိုင်ဖြေရှင်းခဲ့တဲ့ ပြဿနာတိုင်းဟာ ခုတော့ သမီးတို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေကြရပါပြီလေ။
ဖေဖေမရှိတော့ပေမယ့် သမီးစိတ်ဓာတ်မကျပါဘူး။ အားမငယ်ပါဘူး။ ဖေဖေမရှိပေမယ့် ဖေဖေရဲ့ ဆုံးမသွန်သင်ခဲ့တဲ့ စကားတွေဟာ ဖေဖေ့ကိုယ်စား သမီးအနားမှာ အမြဲရှိပြီ မဟုတ်လား။ ဖေဖေရှိနေတဲ့ သားသမီးတွေကို တွေ့ရတဲအခါ အားကျမိပေမယ့် ၀မ်းမနည်းတတ်ပါဘူး။ အဖေအမေမရှိတော့ပေမယ့် ကိုယ့်ဝမ်းကိုယ်ကျောင်း၊ ကိုယ့်ကိုယ်ကို ထိန်းနိုင်ကြတဲ့ သားသမီးတွေ တွေ့ရတဲ့အခါ သူတို့ကို ဆရာတင်လို့ အတုယူရပြန်တယ်လေ။
တစ်ခုတော့ ၀မ်းနည်းမိတယ် ဖေဖေရယ်။ ဖေဖေ့အပေါ်မှာ သမီးကျေးဇူးမဆပ်ခဲ့ရ၊ မပြုစုခဲ့ရလို့လေ။
ဖေဖေ့ကို ကျေးဇူးမဆပ်ခဲ့ရ၊ အလုပ်အကျွေး မပြုခဲ့ရပေမယ့် သမီးတို့ကို ပညာတတ်အောင် သင်ပေးခဲ့တဲ့ အမိတိုင်းပြည်ကြီးရဲ့ ကျေးဇူးအနန္တတွေကို ဆပ်နိုင်အောင် ၊ အမိတိုင်းပြည်ကြီးရဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်အောင်၊ တိုင်းပြည်အပေါ် တာဝန်ကျေနိုင်တဲ့ သမီးကောင်းတစ်ယောက်ဖြစ်အောင်၊ ကြိုးစားနေတယ်ဆိုတာကို ရောက်ရာဘ၀မှနေပြီး ဖေဖေ ကျေနပ်နှစ်သိမ့် ဂုဏ်ယူလိုက်ပါလို့ . . . . . ။
ကွယ်လွန်သူ ဖေဖေ့အား ရည်စူးရွေ့ ရေးထားပါသည်။
(5.2.2012)