ဝက်သားစားရင် အမွေးကျွတ်တယ်..တဲ့…
စာရေးသူတို့ အရပ်မှ အဖြစ်အပျက်လေးတစ်ခုပါ။ ဆွမ်းကပ်တစ်ခုမှာပေါ့။ ဆရာတော်များ ဆွမ်းဘုဉ်းပေးခိုက် ဆရာတော်များ အချင်းချင်း စ နောက် ပြောဆိုတာလေးကို ဝေငှလိုက်တာပါ။ ဆရာတော်ဟု ဆိုရသော်လည်း ကျောင်းထိုင်ဘုန်းကြီး ရဟန်းတော်ငယ်များသာဖြစ်ပါသည်။ ၀ါအားဖြင့် ၂၀ ၀ါ ၀န်းကျင်လောက်သာ ရှိပါလိမ့်မည်။ တစ်ပါးနှင့်တပါး မတိမ်းမယိမ်းအရွယ်များဖြစ်ပါသည်။ ထို ဆရာတော်များအထဲမှ အခြားဆရာတော်များထက် သိက္ခာဝါငယ်သည်ဟုထင်ရသော ဆရာတော်ကား ပျော်တတ်ရွှင်တတ်မယ့်ပုံပါပဲ။ အခြားဆရာတော်များကို သူကပဲ စ နောက်နေတာ တွေ့ရပါတယ်။ ရယ်ရွှင်ဖွယ်ဖြစ်အောင်လည်း ကြံဖန်ပြောတတ်တယ်ဗျ။ ဆွမ်းဘုဉ်းပေးရင်းနဲ့ ပျော်တတ်တဲ့ ဆရာတော်က သူနဲ့ မျက်နှာချင်းဆိုင် ထိုင်ပြီး ဆွမ်းဘုဉ်းပေးနေတဲ့ ခပ်၀၀ဆရာတော်ကို စကားစလိုက်တယ်။ အရှင်ဘုရား အခုဘုဉ်းပေးနေတာ ခါတိုင်းကထက် ပိုပြီးဘုဉ်းပေးလို့ ကောင်းတဲ့ပုံပဲနော် လို့ စ လိုက်ရင်ပဲ…..မင်းက ဘာကြည့်ပြောတာလဲ…အရှင်ဘုရားရဲ့ နဖူးမှာ ခြေဆီတွေ ထွက်နေတာကို ကြည့်ပြောတာပေါ့ဟု ပြောလိုက်ရင်ပဲ အပြောခံရတဲ့ ဆရာတော်က ငါ………. ဒီကောင်တော့ ခက်တော့တာပဲဟု ငြီးတွားရုံကလွဲပြီး ဘာမျှ မပြောနိုင်ရှာတော့ပေ။ ဒါနဲ့ ခဏကြာသော် ခေါင်းရင်းတည့်တည့်မှာ ထိုင်ပြီး ဆွမ်းဘုဉ်းပေးနေတဲ့ ဆရာတော်ဘက် စကားဦးလှည့်သွားသည်။ ခေါင်းရင်းတည့်တည့်မှာ ထိုင်တဲ့ ဆရာတော်က ထိပ်နည်းနည်းပြောင်နေပါတယ်၊ ဒါနဲ့ သူက စလိုက်တယ်၊ အရှင်ဘုရား ထိပ်က အစကထက်ပိုပြီး ပြောင်လာသလိုပဲနော် ဟု ပြောလိုက်ရင်ပဲ အေးဟုတ်တယ်ကွလို့ အဲဒီဆရာတော်က ထောက်ခံလိုက်တယ်၊ ခပ်နောက်နောက်ကိုယ်တော်က ဆက်ပြောလိုက်ပုံက အဲဒါကြောင့် အရှင်ဘုရားကို တပည့်တော် ပြောတာပေါ့ဘုရား။ ဘာလဲကွ….။
ဝက်သားတွေ မစားပါနဲ့လို့ ……
ဝက်သားစားတာနဲ့ ငါ့ထိပ်ပြောင်တာ ဘာဆိုင်လို့လဲကွ…။
အရှင်ဘုရား… ၀က်သားစားရင် အမွေးကျွတ်တယ်လို့ ရှေးလူကြီးတွေ ပြောသံကြားဖူးတယ်လေ……
ဟု စကားလည်း ဆုံးရော ဆွမ်းအလှူရှင်များနှင့် အနီးအနားရှိ ဒကာဒကာမများမှာ တဟားဟား ပွဲကျသွားပါတော့သတည်း………