သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ပြောနေကျ စကားတွေကို ထပ်ပြောပါမယ်၊ ဒီနေ့တော့ အပြောင်းအလဲလေးနဲ့ မှတ်သားစရာလေး ရေးမယ်နော်။
ကျနော်က အလုပ်တွေ အားနေလွန်းလို့ အွန်လိုင်းပေါ်တက်ပြီး ကလိနေသူတော့ မဟုတ်ပါဘူးဗျာ၊ ကျနော့ရဲ့ လုပ်ငန်းကိုက အွန်လိုင်းသုံးရတယ်၊ ကျနော်က အိမ်မှာပဲ အွန်လိုင်း ချိတ်ထားတော့ အလုပ်လုပ်ရင်းနဲ့ အွန်လိုင်း ဖွင့်ထားတယ်၊ ငယ်ငယ်ကတည်းက စာဖတ်ဝါသနာ ပါခဲ့တာကြောင့် အွန်လိုင်းဖွင့်ရင်လည်း စာရေးချင်တဲ့စိတ်က ပေါ်လာပြန်တယ်၊ ကျနော် ရေးနေကျကတော့ မှတ်သားစရာနဲ့ ဟာဒယပါပဲ၊ မှတ်သားစရာဆိုတာ သတိပြု ဆင်ခြင်ဖွယ်တွေပါ၊ လိုက်နာစရာ အနည်းအများပဲ ကွာခြားပါလိမ့်မယ်၊ လူသားတိုင်း မှတ်သားရမယ့် သတိပြုရမယ့် အရာတွေချည်းပါပဲ၊ အဲ့ဒီလိုရေးတော့ ရွှေဘက ဘုန်းကြီးလူထွက်လား အသက်ကြီးကြီးနဲ့ အဖိုးကြီးလား လို့ဝေဖန်ကြပါတယ်၊ အင်း... ဟာဒယဆိုတာကတော့ ကြည်နူးဖွယ်ပါ၊ ဟာဒယရေးရင်တော့ တစ်ဖက်သတ် ဆန်ရတာ များပါလိမ့်မယ်၊ ဒီတော့ တစ်ချို့ မန်ဘာတွေရဲ့ ကြိမ်းမောင်းခြင်းကို ခံရပြန်ပါတယ်၊ တော်တော် အလုပ်အားနေတဲ့ကောင်ပဲ လို့လည်း မြည်တွန်တောက်တီး ကြပါတယ်။
ဒါပေမယ့်.... စာပေကို ၀ါသနာပါသူ ကျနော်က အဲ့ဒီဒဏ်တွေကို ခံနိုင်ပါတယ်၊ ကျနော် အသက်(၂၀) အရွယ်မှာ ဖေဖေဆုံးခဲ့လို့ မိသားစုစီးပွားရေးကို ဦးဆောင်ခဲ့ရသူ ဆိုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေး၊ လူမှုရေး နယ်ပယ်ထဲကို မဖြစ်မနေ ၀င်ရောက်ခွင့် ရတာကို အလွန့်အလွန် ကျေနပ်ခဲ့ပါတယ်၊ အခုဆိုရင်... စီးပွားရေးနယ်ပယ်ကို ကျနော်ရောက်လာတာ၊ မိသားစုကို ဦးဆောင်ခဲ့တာ (၃)နှစ်ရှိပါပြီ၊ အသက်အရွယ် တူညီပေမယ့် မိဘလက်ထဲမှာ ရွှေပေါ်မြတင် နေနေရတဲ့ သားသမီးတွေနဲ့ ကျနော်နဲ့တော့ လူမှုရေး အတွေ့အကြုံတွေ တော်တော် ကွာခြားပါလိမ့်မယ်၊ အဲ.... အဲ့ဒီလိုပါပဲ... အသက်အရွယ် တူညီပေမယ့် ကိုယ့်ဘ၀ကို ကိုယ့်ဘာသာ ထူထောင်နေကြရသူတွေနဲ့ ကျနော်နဲ့လည်း အလားတူပဲ ကွာခြားမှာပါ၊ ကိုယ့်ဘ၀ကိုယ် ရုံးကန်ရေသူတွေကတော့ ကျနော့ထက် များစွာ များစွာ အတွေ့အကြုံ ရင့်ကျက်ပါလိမ့်မယ်။
သူငယ်ချင်းတို့ရေ.... လူဆိုတာကလည်း တစ်ဖက်သားရဲ့ သဘောကို နားလည်ဖို့ မကြိုးစားချင်တဲ့ ကိစ္စလောက် ကသိကအောက် ဖြစ်စရာကောင်းတဲ့ ကိစ္စ ရှိမယ်မထင်ဘူးနော်၊ သူများလုပ်ရင် ခြောက်ပစ်ကင်း သဲလဲစင်နေမှ ကြိုက်ချက်ကြတယ်၊ ကိုယ်လုပ်နေတာကျတော့ ကားယားကားယား၊ အဲ့ဒီလို.... ကိုယ်ကိုယ်တိုင်က အပြစ်မကင်းတဲ့ ကျနော်တို့တွေဟာ တစ်ဖက်သားကျတော့ ကောင်းတာလုပ်နေမှ ကြိုက်တယ်၊ အစွန်းဆိုရင် မှဲ့တစ်ပေါက်လောက်တောင် မထင်မှ ကြိုက်ကြတယ်နော်၊ ကျနော်က အဲ့ဒီလို စိတ်ထားမျိုး မရှိသင့်ဘူးလို့ ထင်ပါတယ်၊ ဒါပေမယ့်... အဲ့ဒီလူတွေကို ကပျစ်ကညစ်လုပ်ဖို့၊ မသေမသပ် လုပ်သူတွေကိုလည်း အားပေးဖို့၊ အမှားလုပ်နေတာ တွေ့ပေမယ့် အမှန်မြင်ပေးဖို့ ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူးနော်၊ သူတို့ရဲ့ အမှားတွေဟာ သူတို့ကိစ္စပါ၊ ကိုယ့်အတွက်တော့ အသေးအဖွဲပါလို့ သဘောထားပြီး အေးအေးချမ်းချမ်း နေစေချင်တာပါဗျာ။
သူငယ်ချင်းတို့ရေ.... ဘယ်အရာပဲဖြစ်ဖြစ် ယူတတ်ရင် ရမှာပါ၊ အွန်လိုင်းမှာ ကဏ္ဍမျိုးစုံ ရေးသားနေကြတယ်၊ တစ်ချို့က နည်းပညာတွေရေးတော့ ပညာရတယ်၊ တစ်ချို့က သုတတွေရေးတော့ အသိကြွယ်တယ်၊ မှတ်သားစရာတွေ ရေးတော့ ဆင်ခြင်မိတယ်၊ ဟာဒယတွေရေးတော့ စိတ်အမောပြေတယ်၊ နှလုံးသားရေးရာ ပေါင်းစည်းခြင်းတွေရေးတော့ ကြည်နူးရတယ်၊ နှလုံးသားရေးရာ ကြေကွဲစရာတွေရေးတော့ သတိပြုရတယ်နော်.... အဲ့ဒီလိုပါပဲ... စာပေတွေ အားလုံးမှာ ယူတတ်ရင် ရနိုင်သလို တစ်ချို့က ဟာဒယ ဆိုပေမယ့် ဆင်ခြင်စရာ မှတ်သားစရာတွေ ပူးတွဲပါနေတာ တွေ့ရပါလိမ့်မယ်နော်၊ အဲ့ဒီထဲက အမှားတွေကို ပညာယူလိုက်ကြရင်၊ ကိုယ်မကြိုက်တဲ့ ဓလေ့စရိုက် တစ်ခုခု တွေ့တာကို ဘာလို့ ဒီလိုဖြစ်ရတာလဲ...လို့ စူးစမ်းပြီး သူဖြတ်သန်းခဲ့ရတဲ့ ဘ၀အခြေအနေကြောင့် ဒီလို ဖြစ်ရတာပါလားလို့ ကရုဏာ ထားလိုက်ရင် အဆင်ပြေမယ် ထင်ပါတယ်။
ကျနော် ပြောချင်တာကတော့ဗျာ.... ကိုယ်မကြိုက်တာကို လုပ်နေတဲ့၊ လုပ်ခဲ့တဲ့သူကို အပြစ်မတင်ပဲ၊ ချီးကျူးစရာ တစ်ခုခု ရှာကြည့်ဖို့ ဖြစ်ပါတယ်၊ ဥပမာ.... ပြောရရင် လူတစ်ယောက်ဟာ ကြိုးစားပမ်းစား လုပ်ပေမယ့် သူဟာ အရင်ကတည်းက စံနစ်တကျ သင်ယူခဲ့ရတဲ့ အခွင့်အရေး မရခဲ့တော့ သူလုပ်တဲ့အလုပ်တွေ သေသေသပ်သပ် မဖြစ်တာမျိုးမှာ သူစံနစ်မကျတာကို မကဲရဲ့ပဲ၊ သူ့ကြိုးစားမှုကို အသိအမှတ် ပြုလိုက်တာမျိုးဆိုရင် ကြည်နူးဖွယ်တွေ ဖြစ်လာမယ် ထင်ပါတယ်။