အဆိုးမြင်သူတစ်ယောက် မဟုတ်သည့်တိုင် ငါးထောင်ဖုန်းသတင်း စကြားလိုက်သည်နှင့် ဘယ်လိုတုန့်ပြန် သံတွေ ထွက်လာမလဲဆိုတာ မှန်းဆမိခဲ့ပါသည်။
အများပြည်သူတွေက ကြိုဆိုကြသည်။ ကမ္ဘာ့အမြင့်ဆုံး ဆင်းမ်ကတ်ပေါက်ဈေးနှင့် ၀ယ်သုံးခဲ့ရပြီး (အလွန်
အတ္တကြီးသူတချို့ကလွဲလျှင်) ဖုန်းရှိနှင့်ပြီးသူတွေကလည်း မုဒိတာ ပွားကြသည်။ မယုံနိုင်ကြသော်လည်း အဲဒီအ တိုင်း ဖြစ်လာပါစေဟု ပြောကြဆိုကြသည်။
မဟာအခွင့်ထူး ရခဲ့ဖူးသူတို့ဘက်ကလည်း ချက်ချင်းအသံထွက်လာသည်။ ဒီဈေးနှင့် ဘယ်လိုမှမဖြစ်နိုင်တဲ့။ ဥပဒေအရ ချုပ်ကိုင်စီမံထားသူတို့ဘက်ကလည်း ဥပဒေနှင့်ပဲ ကိုင်ပေါက်သူကပေါက်၊ ဆင်းမ်ကတ်ဆိုတာတော့ ပေါတာပေါ့ (ခုကျမှ)၊ အရေးကြီးတာက နက်ဝပ် . .. နက်ဝပ်တွေဆောက်ရတာလွယ် မှတ်လို့ဟု ငေါက်ငမ်းသူက ငေါက်ငမ်း . . . ဂြိုဟ်တုမရှိလို့ ဒီလိုဈေးကြီးနေရတာလို့ အကြောင်းပြသူကပြ … ငါတို့ နက်ဝပ်ကို မဖြတ်ဘဲ ဒင်းက ဘယ်ကဖြတ်မှာတဲ့လဲ … လုပ်ကြည့်စမ်းပါ ဟု မာန်သူကမာန် .. နည်းပညာကို လွှဲချသူကချ ..
သေချာတာကတော့ ဒီသတင်းအပေါ် အလွန်ပင်ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုကြသော အများပြည်သူကြီးက တစ်ဖက် … အကျိုးစီးပွားတွေ၊ အခွင့်အာဏာတွေနှင့် လုပ်ပိုင်ခွင့်တွေ ကိုင်လှုပ်ခံရတော့မလို အလန့်တကြား ငြင်း ဆန်ကန့်ကွက်သံတွေ ထွက်လာတာတွေက တစ်ဖက် … ကွဲပြားလှသော အသံတွေ ထွက်လာပါတော့သည်။
တစ်ချိန်က အခြေအနေတစ်ခုကြောင့် ဆယ်င့ါးသိန်းထိ တက်ယူခဲ့သော ဂျီဖုန်းများ အကြောင်းကြောင်း ကြောင့် ပျက်စီး/ပျောက်ဆုံး၍ လဲလှယ်လျင်ပင် လဲလှယ်ခ ကျပ်ငါးသောင်း (ယခင်က တစ်သိန်း)၊ နာမည်ပေါက် ချင် ကိုယ့်တာဝန်ကိုယ်ယူ၊ အာမခံလက်မှတ်ထိုး၊ မှတ်တမ်းမှာ နာမည်ပြောင်းရေးခက ကျပ်ငါးသောင်း၊ လိပ်စာ ပြောင်းချင် ကျပ်တစ်သောင်းဆိုပြီး (အခြားသောဌာနများနှင့် ခြားနားစွာ) အရာရာကို သောင်းချီ/သိန်းချီ သတ်မှတ် စီမံခွင့်ရနေသူများထံမှ ကျပ်ငါးထောင်တန် ဆင်းမ်ကတ်အတွက်တော့ မဖြစ်နိုင်သည့်အကြောင်းတွေသာ သိန်း သောင်းချီကြားရမည်ဟု မျှော်လင့်ပြီးသား ဖြစ်ပါသည်။.
ဟုတ်ကဲ့ … မြန်မာပြည်ထက် ခေတ်အဆက်ဆက် အရာရာနိမ့်ပါးသည်ဟု သတ်မှတ်ခံခဲ့ရသော အိမ်နီး
ချင်း ကုန်းတွင်းပိတ်လော နိုင်ငံငယ်လေးတွင်ကော ဂြိုဟ်တုကိုယ်ပိုင်ရှိပါသလား … သေချာတာကတော့ လွန် ခဲ့သည့် ငါးနှစ်လောက်ကပင် လောမှာ နံပါတ်သေဆင်းမ်ကတ်တစ်ကတ်လျှင် ဆယ်ဒေါ်လာ (ကျပ် ရှစ်ထောင် စွန်းစွန်း) နှင့် အလွယ်တကူ ၀ယ်သုံးနိုင်နေခဲ့ပြီ။ လူဦးရေခြောက်သန်းတွင် တစ်သန်းခွဲ ၂၅ ရာခိုင်နှုန်း ဖုန်းသုံးနိုင် နေခဲ့ပြီ။ ယခုလောက်ဆို လူဦးရေ ထက်ဝက်ထက်မနည်း သုံးနိုင်နေလောက်ပြီ။
ပြီးတော့ ဘင်္ဂလားဒေ့ရှ်မှာကော အိန္ဒိယရဲ့ အမွဲတေဆုံးပြည်နယ်တွေမှာရော၊ တရုတ်ပြည်ရဲ့ အသွားအ လာ ခက်ခဲတဲ့ဒေသတွေမှာကော၊ အာဖရိကမှာကော ဘယ်မှာမှ မိုဘိုင်းနက်ဝပ်တွေ ဆောက်ရခက်လို့ တိုင်တွေ လိုက်စိုက်နေရလို့ဆိုတဲ့ အကြောင်းပြချက်နှင့် ဆင်းမ်ကတ်တစ်ကတ် ဒေါ်လာသုံးရာကျော်ပေးရတာမျိုး မကြားဖူး ခဲ့၊ ထိုနိုင်ငံတွေမှာ တစ်နေ့ဝင်ငွေ တစ်ဒေါ်လာပင်မပြည့်သည့် ထင်းခြောက်လိုက်ကောက်သူပင် မိုဘိုင်းဖုန်းသုံးစွဲ နိုင်ကြသည်မှာ အိပ်မက်မဟုတ်ပါ။.
ကမ္ဘာပေါ်တွင် တံခါးပိတ်ဝါဒနှင့်ကျန်ခဲ့သည့် နောက်ဆုံးနိုင်ငံအနည်းငယ်ထဲတွင် ပါဝင်သော ကျူးဘားမှာ ပင်လျင် ဆင်းမ်ကတ်တစ်ကတ် ဒေါ်လာတစ်ရာ (ကျပ်ရှစ်သောင်းကျော်) သာ ဖြစ်ရာ ဒီမိုကရေစီနိုင်ငံသစ်ဆီ နောက်ပြန်မလှည့်စတမ်း ချီတက်နေသည်ဆိုသော မြန်မာနိုင်ငံတွင် ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနှင့် ဆက် သွယ်ရေးကဏ္ဍကို ဇက်ကြိုးကြီးတုန့်ဆွဲပြီး ပက်ကျိနှုန်းထားနှင့် ချီတက်နေသည်မှာ မည်သို့မျှ ဆီလျော်မှုမရှိတော့ ပါ။
ယနေ့ထိ မြန်မာ့တယ်လီဖုန်းသိပ်သည်းဆမှာ ၆ ရာခိုင်နှုန်းသာ ရှိသေးသဖြင့် တယ်လီဖုန်းမသုံးနိုင်သော လူဦးရေမှာ ၉၄ ရာခိုင်နှုန်း ဖြစ်နေပါသည်။ (ကမ္ဘာပေါ်တွင် အနိမ့်ဆုံးနှုန်း/ရှက်ဖွယ်လိလိ နိမ့်ကျမှုနှုန်းဖြစ်၏) လျှပ် စစ်စွမ်းအင်သုံးစွဲနိုင်မှုပင်လျင် ၂၅ ရာခိုင်နှုန်းခန့်ရှိနေရာ ဆက်သွယ်ရေးတိုးတက်အောင် လုပ်ဆောင်ဖို့က ပို၍ပင် ဦးစားပေးသင့်ပါသည်။
လုပ်လည်းလုပ်နေပါသည်ဟုဆိုသော ဂျီအက်စ်အမ် သန်း ၃၀ ငါးနှစ်စီမံကိန်းကြီးကို အသံစထွက်လာက တည်းက လေ့လာမိပြီး သက်ပြင်းချမိခဲ့ရသည်။ အစိုးရသစ်တက်စ ထိုအချိန်က မီဒီယာတွေ ယခုလောက် မပွင့် လင်းနိုင်သေး၍ သုံးသပ်မိသမျှ ရင်ထဲမှာပဲ ထားခဲ့ရသည်။ ယခုတော့ ပြောရတော့မည်။
အစိုးရဟောင်း၏ နောက်ဆုံးစီမံမှုများထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပုံရသည့် မိုဘိုင်းဖုန်းကို ကျပ်ဆယ့်ငါး သိန်းမှ ငါးသိန်းသို့ ပြန်ချပေးခဲ့တော့ ဒါ ဆက်သွယ်ရေးလွယ်ကူမှုအတွက် ပထမအဆင့်ပဲလေဟု သက်မချမိခဲ့ သည်။ ယခင်က လိုင်းအင်အားသောင်းဂဏန်းအတွက် ကျပ်ငါးသိန်းနှင့်စခဲ့ပြီး ပြင်ပပေါက်ဈေးကြောင့် ဆယ့်ငါး သိန်းတက်ယူခဲ့သည်။ နောက်ပိုင်း လိုင်းအင်အား ရန်ကုန်-မန္တလေးပေါင်းလျင်ပင် သုံးလေသိန်းထက်မနည်း စီစဉ် တော့လည်း တပ်ဆင်ခ ငါးသိန်းဆိုတော့ နည်းနည်းမျက်ခုံးပင့်ကြည့်ခဲ့မိသည်။ တစ်ဖန် ထိုစံမံကိန်းကို နာမည်ကြီး ကုမ္ပဏီတစ်ခုတည်းကသာ ပြိုင်ဖက်မရှိ လုပ်ခွင့်ရသည်ဆိုတော့ Cronism ဆိုသည့် စကားလုံးကို ပိုသဘောပေါက် သွားခဲ့သည်။
(ဆက်သွယ်ရေးလုပ်တာ စာအုပ်ရိုက်သလိုပဲ စောင်ရေများလေ တစ်အုပ်ချင်းကုန်ကျစရိတ် လျော့ကျလေ၊ ဖုန်းလိုင်းများလေ တစ်လိုင်းချင်းစရိတ်လျော့ကျလေ၊ ဈေးလျော့ရောင်းနိုင်လေပဲဆိုတာ ကလေးက အစ တွက်ကြည့်နိုင်သည်)
တစ်ဖန် အစိုးရသစ်လက်ထက် သန်း ၃၀ စီမံကိန်းမှာတော့ ကုမ္ပဏီကြီးတစ်ခုတည်း မဟုတ်တော့ ဘဲ ကုမ္ပဏီအများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။ ပထမဆုံးနှစ်မှာတင် လိုင်းအရေအတွက် လေးသန်း ရောင်းချသွားမည်ဟု ဆိုသည်။ အရေအတွက်က အားရစရာကောင်းသလောက် ဈေးနှုန်းအကြမ်းဖျင်းဆိုတာ ကြား ရပြန်တော့ ဘ၀မကျနိုင်ခဲ့။ ဒီမျှသန်းချီ လိုင်းအရေအ တွက်ရောင်းချဖို့ စီစဉ်ထားတာတောင် ဆင်းမ်ကတ်တစ်ကတ် သုံးသိန်းဝန်းကျင်တဲ့လား၊ များများရောင်းရမှ နောင်စီမံကိန်းနှစ်တွေမှာ ဈေးထပ်လျှော့ပေး မည်ဟု ဆိုသည်။
ထိုစံမံကိန်းအတွက် ပါဝင်သော ကုမ္ပဏီများမှ ကျပ်ဘီလီယံငါးရာ ရင်းနှီးမြုပ်နှံမည်ဟု ဆိုသည်။ တစ်ကတ် ကျပ်သုံးသိန်းနှုန်းနှင့် ပထမနှစ် ကတ်လေးသန်းရောင်းချရလျင်ပင် ကျပ်ဘီလီယံတစ်ထောင့်နှစ်ရာ ပြန် ရမည် ဖြစ်ရာ တစ်ကျပ်ရင်းပြီး ချက်ချင်းနှစ်ကျပ်ကျော်ကျော် ပြန်ရှာမည့်သဘောသာ ဖြစ်နေသည်။ (ပြောခတွေ လုံးဝမပါသေး)
ငါးသိန်းနှင့်ရောင်းစဉ်က လိုအပ်ချက်ရှိသူတွေက ကြိတ်ကြိတ်တိုးဝယ်ကြသည် ဆိုသည့်တိုင် ရန်ကုန်- မန္တလေး နှစ်မြို့ပေါင်း တစ်နှစ်အတွင်း ကတ်ငါးသိန်း ပြည့်ပါရဲ့လား၊ သုံးသိန်း (သို့) နှစ်သိန်းခွဲနှင့် ရောင်းပါ လျှင် ဝယ်လိုအားနှစ်ဆတိုးပါမှ ကတ်တစ်သန်းလောက် ပဲ ရောင်းရနိုင်သည်။ တစ်နှစ်အတွင်း ကတ်လေးသန်း ရောင်းချဖို့ဆိုသည်မှာ ထိုဈေးနှုန်းနှင့်သာ ဆိုလျှင် လျာ ထားချက်ပြည့်မီမည် မထင်၊ သို့ဆိုလျှင် နောင်ဒီထက် ဈေးလျှော့ချဖို့လည်း မလွယ်တော့။ ငါးနှစ်အတွင်း ဖုန်း သန်း ၃ဝ ရောင်းချရပြီး မြန်မာပြည်၏ တယ်လီဖုန်း သိပ်သည်းဆ ၆ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းသို့ ရောက် ရှိရေးဆိုသည်မှာ ဖြစ်နိုင်ဖွယ်မမြင်တော့။
ကုမ္ပဏီတွေနှင့် ဌာန ဘယ်လိုအကျိုးခွဲဝေသလဲ တော့ မသိရ။ နှစ်ကာလရှည်ကြာ ဖုန်းဒုက္ခခံစားခဲ့ရသော ပြည်သူတွေအတွက်မူ ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းဖုန်း သာ ဆက်ဝယ်သုံးကြရဦးမည့်သဘော (ကျပ်သုံးသိန်း= ဒေါ်လာ သုံးရာကျော်) ဒါကိုပင် တန်ဖိုးနည်းဖုန်းဟု သတ်မှတ်ခေါ်ဝေါ်နေခြင်းကလည်း သတ်မှတ်သူတို့၏ အတွေးအခေါ်များ စနစ်ဟောင်းထဲတွင် ပိတ်မိကျန်ရစ်နေ ကြောင်း သက်သေထင်ရှားပြနေသလိုပင်။
အခြားနိုင်ငံတွေမှာ ဖုန်းကုမ္ပဏီထောင်ပြီး ကြီးပွား ကြသူတွေအကြောင်း ဖတ်ဖူးပါသည်။ သို့သော် ဆင်းမ် ကတ်ကို ဈေးကြီးကြီးရောင်းပြီး ကြီးပွားတာမျိုးတော့ မဟုတ်။ ဆင်းမ်ကတ်ကို အလကားနီးပါးလောက် ပေး ပစ်ကာ သန်းချီသော သုံးစွဲသူများ၏ ပြောခတွေနှင့်သာ အရင်းအမြတ်ပြန်ရှာကြတာမျိုးသာ၊ ဒီမှာတော့ ဆင်းမ် ကတ်ဆိုလျှင် ဒေါ်လာရာဂဏန်း ပေးကိုပေးရမည်ဟု ပြဌာန်းထားသလို ဖြစ်နေသည်။
ယခုဆိုလျှင် နှစ်ပေါင်းများစွာ သံသယပွားခဲ့ကြ သော ရှမ်း၊ ကချင်၊ ကရင်စသော တိုင်းရင်းသားလက် နက်ကိုင်များနှင့်လည်း ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရန် ပဏာမ သဘောတူညီနိုင်ပြီဖြစ်ရာ သူတို့နေရေးထိုင် ရေး စားရေးသောက်ရေး အဝဝ ကူညီပေးရာတွင် ဆက်သွယ်ရေးလည်း ပါရပေလိမ့်မည်။
ဒီတော့ နီးရာတစ်ဖက်နိုင်ငံတွေက ဆင်းမ်ကတ် တစ်ကတ်ကို မုန့်ဖိုးလောက်နှင့် အလွယ်တကူဝယ်သုံးနေ ကြသူတို့ကို ဆင်းမ်ကတ်တစ်ကတ် သုံးသိန်းနှင့်ပဲ သွား ရောင်းပေးကြမှာလား။ ရော့.. ဒါ တို့တိုင်းပြည်ရဲ့ တရား ဝင်မိုဘိုင်းဖုန်း... လောလောဆယ် တစ်လုံးသုံးသိန်း ... များများရောင်းရလို့ နောင်နှစ်လောက်ဆိုရင်တော့ နည်းနည်းထပ်လျှော့ပေးမယ်... ဒီလိုပြောပြီး ငြိမ်းချမ်း ရေးကို အထောက်အကူပြုနိုင်မှာတဲ့လား... နောက်ကျ ကျန်ခဲ့သော ဖွံ့ဖြိုးမှုတိုးတက်ရေးက ခုခေတ်မှာ တစ်ရွာ လျှင် စီဒီအမ်အေလေး အနည်းငယ် ချထားပေးရုံနှင့် မလုံလောက်နိုင်ပြီ။
စာရေးသူ အဓိက တင်ပြလိုသည်မှာ ဆက်သွယ်ရေး ကဏ္ဍတွင် မလိုအပ်ဘဲ ကုန်ကျမှုများနေရသည်များကို ထိထိရောက်ရောက် လျှော့ချရေး၊ ဆက်သွယ်ရေးသိပ် သည်းမှု အလျှင်အမြန်တိုးတက်လျက် တိုင်းပြည်ဂျီဒီပီ မှအစ စီးပွားရေးဘဝတစ်ခုလုံး ကျွဲကူးရေပါ လိုက်ပါ မြင့်တက်နိုင်စေရေး အပြုသဘောသာ ဖြစ်ပါသည်။
ယခု တိုင်အောင်ပင်လျှင် ဥပဒေအရ တို့ကလွဲလျှင် တို့ခွင့်ပြုထားသူက လွဲရင် ဘယ်သူမှ လုပ်ခွင့်မပေး... ကြိုးဖုန်းများ အရစ်ကျစံနစ်နှင့် ရောင်းပေးမည်။ ဈေးနှုန်း ကတော့ ခြောက်သိန်းခွဲ (ဒေါ်လာရှစ်ရာခန့်) ဆိုတာမျိုး နှင့် အဘယ်ပြင်ပရင်းနှီးမြှုပ်နှံမှုမျိုးကို သူများနှင့်ယှဉ် ၍ ကြိုဆိုနိုင်ပါမည်နည်း... (ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ဆယ်နှစ်လောက်ကတည်းက ဘတ်သုံးရာ= ဆယ်ဒေါ် လာခန့် ပေးလိုက်လျှင် ကြိုးဖုန်းတစ်လုံး ၂၄ နာရီအတွင်း ရရှိသည်)
ဒါကြောင့် ငါးထောင်တည်းနှင့် ရောင်းမယ့် UTMS ဆင်းမ်ကတ်စနစ်ဟာ အကြောင်းအမျိုးမျိုးကြောင့် လော လောဆယ် မြန်မာပြည်မှာ မဖြစ်နိုင်သေးဘူးပဲ ထားဦး၊ (ဒါကိုလည်း Third Party ကျွမ်းကျင်သူတို့နှင့် လေ့လာ ဆန်းစစ် ကြည့်မှ အဖြေမှန်ပေါ်မည်ဟု ထင်သည်။ သို့မဟုတ်လျှင် မြစ်ဆုံဇာတ်လမ်းအစပိုင်းကလို ငါပြော တာမယုံ၊ ငါ့ဘကြီးမေးကြည့်ဆိုတာမျိုး ဖြစ်နေဦးမည်) ယခုလက်ရှိ ကုမ္ပဏီများနှင့် ဆောင်ရွက်နေသော စီမံကိန်း ကိုပင် အသေအချာ ပြန်လည် သုံးသပ်လျှင် ရှဥ့်လည်း လျှောက်သာ ပျားလည်းစွဲသာ ရည်မှန်းချက်ပေါက် မြောက်နိုင်သည့် အခြေအနေရှိပါသည်။ (ကုမ္ပဏီဆယ့်သုံးခု အရင်းမဆုံးစေရပါ)
ဆင်းမ်ကတ်တစ်ကတ် နှစ်သိန်းခွဲ/သုံးသိန်းအစား ကျပ်ငါးသောင်းမျှနှင့် တွက်ကြည့်ပါ...
ဆင်းမ်ကတ်တစ်ကတ် ကျပ်ငါးသောင်းနှင့် ရောင်း လျှင်ပင် ပထမနှစ် ကတ် ၄ သန်းအတွက် ကျပ်ဘီလီ ယံ ၂ဝဝ တိတိပြန်ရပါလိမ့်မည်။ (ထိုဈေးနှင့် ရောင်းပါ မှ တစ်နှစ်အတွင်း ၄ သန်းကုန်နိုင်ချေရှိသည်)
ထိုဖုန်းလေးသန်း တစ်လုံးတစ်လ ကျပ်ငါးထောင် ဖိုး (မိနစ်တစ်ရာ) ပြောသည်ထားဦး၊ ပြောခချည်းသက် သက် တစ်လ ဘီလီယံ ၂ဝ၊ တစ်နှစ် ဘီလီယံ ၂၄ဝ အေးအေးလေး ရပါမည်။ စုစုပေါင်း ဘီလီယံ ၄၄ဝ ရနေပြီဖြစ်၍ ဘီလီယံငါးရာဆိုသော အရင်းအနှီးမှာ တစ် နှစ်ကျော်ကျော်လေးနှင့် ကျေပြီး နောက်ပိုင်းပြည်သူတွေ မနေနိုင်၍ ပြောသမျှ ဘီလီယံပေါင်း များစွာ မြတ်စွန်း ပါလိမ့်မည်။
ငါးထောင်အစား ငါးသောင်းနှင့် ရောင်းလျှင်ပင် ဤမျှမြတ်စွန်းသည်ကို နည်းသည်ဟု ထင်နေပါသေးလျှင် ဒီမိုကရေစီနိုင်ငံသစ်လေးတွင် စီးပွားမရှာသင့်ပါ။ ဌာန အနေဖြင့်လည်း ပြည်သူ့အကျိုးသယ်ပိုးရသော ဝန်ထမ်း ဌာနဖြစ်သည်နှင့်အညီ အများပြည်သူ၏ သက်သာချောင် ချိမှုကို ဒီ့ထက်ပိုပြီး မျက်ချည်ပြတ်မခံသင့်တော့ပါ။ သောင်းချီသိန်းချီ သတ်မှတ်သမျှ ပေးဆောင်နေကြရသည် မှာ အခြားရွေးချယ်ခွင့်မရှိ၍ ဖြစ်ပါသည်။တစ်အိမ်လုံး မှာ ဖုန်းတစ်လုံးပင် မရှိ၍ ရှိသမျှလေး ထုခွဲကာ ငါး သိန်းဖုန်းဝယ်ထားကြရပြီး ပြောခသက်သာစေဖို့ တစ်ဖက်ကို missed call တွေချည်းပေးကာ ပြန်အဆက် စောင့်တာမျိုးက ဒီတိုင်းပြည်မှာပဲ ရှိမည်ထင်သည်။ပြည်သူ့ဘဝတွေထဲ ဆင်းကြည့်ကြပါ။ တစ်ကျပ်တစ် ပြားအတွက် မည်မျှခက်ခဲနေသည်ကို အထင်အရှား တွေ့ နိုင်ပါသည်။
လူ့အခွင့်အရေးတွေဘာတွေ ခဏထားဘိဦး၊ ကမ္ဘာ့ ပြည်သူအများစုကြီးနှင့် ခြားနားလှစွာ ''လွယ်ကူသက် သာစွာ ဆက်သွယ်နိုင်ခြင်း'' ဟူသော အခွင့်အရေးပင် နှစ်ပေါင်းများစွာ ပိတ်ပင်ခံထားရသလို ဖြစ်နေသည့် ၉၄ ရာခိုင်နှုန်းသော ပြည်သူများကို စာနာပါဦးဟု တင်ပြ လိုက်ရပါသည်။
.
.
.
မင်းမြတ်စံ
ပြန်လည်ဝေမျှ ပေးတာပါ...
.မှားတာ၇ှိ၇င် အပိုလို မှာပဲ အပြစ်၇ှိပါတယ်