မြတ်စွာဘုရားက သာဝတ္ထိကို နှိုက်ရုံသာ နှိုက်ခဲ့တာပါ။
ဆရာတော်တပါးက ပြောခဲ့သော ဟာသလေးပါ၊ တစ်နေ့သောအခါ အလှူတစ်ခုမှာ သံဃာတော်များ တွေ့ဆုံကြပါတယ်။ ထိုအထဲတွင် ရဟန်းငယ်လေးတပါးကို ဆရာတော်ကြီးတစ်ပါးက နှုတ်ဆက်လိုက်တာက မောင်ပဉ္စင်း မင်းအခု ဘယ်မှာနေသလဲ လို့ မေးပါတယ်။ ဒီတော့ ရဟန်းငယ်လေးက မန္တလေးမှာ နေပါတယ်ဘုရား ဟု ပြန်လည်လျှောက်ကြားလိုက်လျှင်ပဲ…… နောက် ဆရာတော်ကြီး တစ်ပါးက ၀င်ပြီး အမိန့်ရှိလိုက်ပုံက ဒီကောင်က မန္တလေးမှာ နှိုက်ရုံသာ နှိုက်တာဖြစ်မှာပါ၊ နေတော့ ဘယ်မှာသွားနေမှန်းမှ မသိတာဟု ပြောလိုက်ပါသည်။ ကျန်ဆရာတော်များက နားမလည်သလိုရှိတာနဲ့ ဆရာတော် ဘယ်လိုဘယ်လို ဟု မေးမြန်းတယ်ဆိုရင်ပဲ…….
ထိုဆရာတော်က ပုံပြင်လေးတစ်ပုဒ်ကို ပြောပြပါတော့သည်။ တခါက တောရွာတစ်ရွာမှာ တောထွက်ဘုန်းကြီးတစ်ပါးက သူ့ကိုရင် ကျောင်းသားများကို မင်္ဂလသုတ် အနက်ကို သင်ပေးတာတဲ့ ၊ မင်္ဂလာသုတ်ရဲ့ နိဒါန်းမှာ သာဝတ္ထိယံ= နှိုက်၊ ၀ိဟရတိ= နေတော်မူ၏။ လို့ သာဝတ္ထိရဲ့ အနက်ကို ရှေးက တွေ့ခဲ့ပြီဖြစ်လို့ အလယ်စာသားများကို မထည့်တော့ပဲ အဆုံးက နှိုက်ကလေးကိုသာ ဖော်ရေးထားပါသည်။ အပြည့်အစုံဆိုလျှင် သာဝတ္ထိယံ= သာဝတ္ထိပြည်နှိုက် ၊ ဟု အဓိပ္ပါယ်ရပါသည်။ ထိုအဓိပ္ပါယ်ကို မသိသော တောထွက်ဘုန်းကြီးမှာ မသိဘူးဟုလည်း ၀န်မခံပဲ၊ သိသလိုလို ပြောဆိုလိုက်ပုံက
.........တို့ဘုရားက သာဝတ္ထိမှာ နှိုက်ရုံသာ နှိုက်ခဲ့တာကွ၊ နေတော့ ၀ိဟရတိမှာ သွားနေတာကွ.......... လို့ ဖြေလိုက်တယ်တဲ့။
ဒီကောင်လဲ မန္တလေးမှာနေတာဆိုပေမယ့် မန္တလေးမှာ နှိုက်ရုံတင် နှိုက်တာဖြစ်မှာပါ၊ နေတော့ ဘယ်သွားနေတာလဲမှ မသိပဲ ဟု ပြောဆိုလိုက်လျှင်ပဲ ကျန်ဆရာတော်များမှာ တဟားဟားနဲ့ ပွဲကျသွားပါတော့သတည်း