အာရှအလင်းရောင်ဖောင်ဒေးရှင်း ကုသိုလ်ဖြစ်ဆေးခန်း (မန္တလေး) အား ဖေဖော်ဝါရီလ ၃ ရက် နံနက် ၉ နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၆ လမ်း ၊ ၈၇ လမ်း x ၈၈ လမ်းကြားရှိ ပင်လယ်တိုက် ရွှေမန်းကျောင်းတွင် ဖွင့်ပွဲအခမ်းအနားဖြင့် စတင် ဖွင့်လှစ် ခဲ့သည်။
ဆေးခန်းဖွင့်ပွဲ အခမ်းအနားတွင် ရွှေနှလုံးတော် ခရစ်ယာန်ကတ်သလစ်အသင်းတော်မှ ဖာသာဦးအေးကျော်၊ ပြင်ဦးလွင် အာရှ အလင်းရောင် ဆရာတော် ဘဒ္ဒန္တစိန္တိတ၊ ပင်လယ်တိုက် ရွှေမန်းကျောင်း ဆရာတော် တို့က ကုသိုလ်ဖြစ် ဆေးပေးခန်းအား ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ပြင်ဦးလွင် အာရှအလင်းရောင်ဆရာတော်နှင့် ကုသိုလ်ဖြစ်ဆေးခန်း အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးလှကောင်းတို့က ဆေးခန်းအကြောင်း ရှင်းလင်းပြောကြားပြီး ကုသိုလ်ရှင်များအား ကျေးဇူးတင် စကားပြောကြားခဲ့သည်။
ကုသိုလ်ဖြစ်ဆေးပေးခန်းအား အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ ၁၂ နာရီထိ ဖွင့်လှစ်ပေးမည်ဖြစ်သည်။ အာရှအလင်းရောင်ဖောင်ဒေးရှင်း - ကုသိုလ်ဖြစ်ဆေးခန်း (မန္တလေး) အနေနှင့် သံဃာတော်များနှင့် ဆင်းရဲနွမ်းပါးသူများ၏ ကျန်းမာရေးကိစ္စများကို ဆောင်ရွက်ပေးရုံတင်မကဘဲ သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီရေး လုပ်ငန်းများကိုပါ ပူးပေါင်း ဆောင်ရွက်သွား ကြမည်ဖြစ်သည်။
ကုသိုလ်ဖြစ်ဆေးပေးခန်း ရေရှည် ရပ်တည်နိုင်ရေးအတွက် အလှူငွေများ လှူဒါန်းလိုပါက အကျိုးတော် ဆောင်အဖွဲ့များဖြစ်သည့် ဥက္ကဋ္ဌ ဦးလှကောင်း ဖုန်း ၀၉-၄၃၀၀၄၀၆၃၊ အတွင်းရေးမှူး ဦးစိုးမြင့်အောင် ဖုန်း ၀၉-၂၀၃၅၄၁၂ နှင့် ဘဏ္ဍာရေးမှူး ဒေါ်ခင်သန်းမြင့် ဖုန်း ၀၉-၂၀၀၃၀၅၂ တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြကြောင်း နှိုးဆော်ထားသည်။
---