လူ့ဘဝတွင် လူသားများသည် တစ်ခါတစ်ရံ အမှတ်တမဲ့ အဖြစ်အပျက်များ ပြုမူမိကြပါသည်။ မိမိအမှတ်တမဲ့ ပြုမှုလိုက်သော အဖြစ်အပျက်များသည် တစ်ဖက်သားအား အမှတ်တရဖြစ်စေပါသည်။ ထိုအမှတ်တရသည် ပျော်ရွှင်ဖွယ်ကောင်းခြင်း ၊ အားတတ်ဖွယ်ကောင်းခြင်း ၊ စိတ်နှလုံးရွှင်လန်းစေလျှင် အကြောင်းမဟုတ်ပါ။ မိမိ၏အမှတ်တမဲ့ကြောင့် တစ်ဖက်လူမှာ ငိုကြွေးရခြင်း ၊ အရှက်ရခြင်း ၊ သိက္ခာကျခြင်း ၊ စိတ်နှလုံးထိခိုက် သွားလျှင် ဝမ်းနည်းဖွယ် ကောင်းပါသည်။ လူသားများသည် လက်ချောင်းလေးများကဲ့သို့ တစ်ဦးနှင့်တစ်ဦး စိတ်ဓါတ်မတူပါ။ ညီညာမှုရှိချင်မှ ရှိပါမည်။ မညီညာသည့် လူသားများအား ဆက်ဆံသည့်အခါ သတိပိုထား ရပါသည်။
ကဗျာစာဆိုရှင် တစ်ဦးကဖွင့်ဆိုဖူးသည်မှာ လူစိတ်ဖောက်ပြန် ပျောက်ဆုံးခြင်း သည်ကမ္ဘာလောက၌ ကြောက်စရာအကောင်းဆုံး ဟုဆိုထား၏။ ဆင်းရဲပေမဲ့ ဆိုက်ကားသမားလည်း သူ့အရည်အချင်း နှင့် သူ့မာန ရှိသလို အရက်သမားသည်လည်း သူ့နိယာမနှင့် သူ့ဒဿနရှိနေပါသည်။ အမှတ်တမဲ့ပြီးစလွယ် သွားပြော၍ မရပါ။ အမှတ်တမဲ့လုပ်လိုက်၍ ကိုယ်ကမသိလိုက်ပေမဲ့ တစ်ဖက်သားမှာ သွေးသားနှင့် အသိဥာဏ်နှင့် တည်ဆောက်ထားသော လူဖြစ်၍ဒိုင်ယာရီထဲ အမှတ်တရရေးသည်အထိ ဖြစ်တတ်သော ပုံစံများကျွန်မ မြင်ဖူးခဲ့ပါသည်။ ထိုကြောင့် ကွယ်လွန်သွားသော ဖခင်သည် စကားလက်ဆောင် ပေးခဲ့ပါသည်။ မိမိ၏ အမှတ်တမဲ့ အပြုအမူသည် တစ်ဖက်သား၌ နာကျင်ခံစား နားကျည်းစေနိုင်ပါ၍ မိမိပြောမည့်စကားကို မှတ်သား၍ သေချာစဉ်းစားပြီးမှ အမှတ်တရ ဖြစ်အောင်ပြောပါလို့ ပြောခဲ့ပါသည်။
တစ်ခါတရံ မိမိအမှတ်တမဲ့ ပြောတာကို မိမိအမှားမှန် သိပေမဲ့ တစ်ဖက်လူသည် သိချင်သိမည် မသိချင်မသိပါ။ သိသိမသိသိ ဘာမှမတုန့် ပြန်ပါကအမှတ်တမဲ့ သမားသည် နိုင်သူမှ လူဒဿနကို ချိုးဖောက်သော ရှုံးသူဖြစ်သွားပါသည်။ လူ့လောကသည် တိုတောင်းပါသည်။ ကျွန်မတို့သည် သက်တမ်း(၇၅) နှစ်တွက်ပါက သက်တမ်းသုံးပုံ တစ်ပုံကုန်သွားပါတော့သည်။ ကျန်သည့်နှစ်ပုံတွင် ကြိုးစား၍ အမှတ်တမဲ့များ ဖျောက်ဖျက်၍ အမှတ်တရများ ရအောင်ကြိုးစား ရပါမည်။
လူတစ်ဦးနှင့်တစ်ဦး အမြင်ချင်းမတူကြပါ။ မိမိဖြတ်သန်းရာ လမ်းမှမိမိကြည့်တတ်သော အမြင်ကိုသင်ပေးပါသည်။ မိမိလျှောက်ခဲ့သော လမ်းကခရီးသည် မိမိ၏အမြင်သာ ဖြစ်ပါသည်။ ပုံပြင်လေးတစ်ခု ရှိပါသည်။ ငယ်စဉ်က သင်ကြားခဲ့သော ပုံပြင်လေးပါ။ ကျေးနှစ်ကောင် ရှိပါသည် လေမုန်တိုင်းတိုက်၍ တစ်ကောင်သည် ဘရသေ့ထံ ရောက်ပါသည်။ ဘရသေ့ထံရောက်သော ကျေးသည် အမှတ်တရဖြစ်စေသော စကားယဉ်များဖြင့် လာသမျှလူကို ဆက်ဆံပါသည်။ ခိုးသားဓါးမြများထံ ရောက်သောကျေးသည် ရိုင်းပြသော စကားကြမ်းများဖြင့် လာသမျှလူကို အမှတ်တမဲ့ ပြောတတ်ပါသည်။ စကားယဉ် ၊ စကားကြမ်းသည် အမှတ်တမဲ့ ပြောဆိုပေမဲ့ အမှတ်တရ တန်ဖိုးထားလေးစား ပျော်ရွှင်ဖွယ်ကောင်းသော စကားဖြစ်စေချင်ပါသည်။ ကြမ်းကျွံ၍ နှုတ်ရပေမဲ့ စကားကျွံ၍ နှုတ်မရပါ။
ကျွန်မအဖေသည် စကားကိုပြီးစလွယ် ပြောခြင်းကိုလက်မခံပါ။ ဘာလုပ်လုပ် စဉ်းစားခိုင်းပါသည်။ သမီးတွေ အမှတ်တမဲ့ ပြောမိ၍ တစ်ဖက်လူနစ်နာပြီး အမှတ်တရဖြစ်မှာ သူကြောက်ရှာပါသည်။ အဖေ့ကိုအကူအညီ တောင်းခံလျှင်လည်း လုပ်၍ရလျှင် လုပ်ဆောင်ပေးပြီး လုပ်၍မရလျှင် မလုပ်နိုင်သည့် အကြောင်းအရင်းကို တစ်ဖက်လူအား ပြေပြစ်သေချာစွာ ရှင်းပြတတ်ပါသည်။ ထို့ကြောင့်အဖေသည် ကွယ်လွန်သွားပေမဲ့ နာမည်တစ်လုံး ကဗ္ဗည်းထိုး၍ အမှတ်တမဲ့ မလုပ်ဖြစ်အောင် ရှောင်ကျင်၍ ကောင်းသော ၊ သဘာဝကျသော အမှတ်တရများကို ရေးထိုးခဲ့ပါသည်။ အဖေ၏အမှတ်တရ နာမည်တစ်လုံး ကဗ္ဗည်းတင်ခဲ့၍သာ ယခုချိန်ထိ ကျွန်မတို့ မိသားစုများ စားဝတ်နေရေး မကြောင့်မကျ တင့်တောင့်တင့်တယ် စားသောက်နေထိုင် နိုင်ခြင်းဖြစ်ပါသည်။ တမလွန်ရောက်သည့်တိုင် သမီးများစိတ်ကို စွဲကိုင်လှုပ်ရမ်း၍ ထိန်းသိမ်းပေးနိုင်သည့် အင်အားရှိသည့် အဖေဖြစ်ပါသည်။
အမှားမခံနိုင်သော လူများတွေ့လျှင် ပို၍သတိထားရပါသည်။ လောကဓံသည် အပြောမခံနိုင်အောင် ရှုပ်ထွေးလှပါသည်။ တစ်ကိုယ်တည်း လူပျို ၊ အပျို ဘဝတွင် အမှတ်တမဲ့နေ၍ မိဘနှင့် ဆွေမျိုးသူငယ်ချင်းများ သည်မိမိအား သံယောဇဉ်ရှိပြီး မိမိအကြောင်း သိ၍ခွင့်လွတ်ပါသည်။ အိမ်ထောင်ကျပါက မိမိ၏အမှတ်တမဲ့ အပြုအမူများ ၊ စကားလုံးများ သည် လင်(သို့မဟုတ်) မယား ၏ မိဘမောင်နှမများကို အမှတ်တရ ဖြစ်စေပါသည်။ ကောင်းသော အမှတ်တရဖြစ်လျှင် အကြောင်းမဟုတ်။ မကောင်းသော အမှတ်တရဖြစ်လျှင် အိမ်ထောင်ရေး တွင်ထိခိုက်စေတတ်ပါသည်။ အစကောင်းမှ အနှောင်းသေချာအောင် ကျွန်မတို့သည် အမှတ်တမဲ့မှ ကောင်းသောအမှတ်တရများ ရအောင်ကြိုးစားရပါမည်။
လက်ချောင်းလေးများ ကဲ့သို့စိတ်မတူ ကြသောလူသားများ ကိုဆက်ဆံသည့်အခါ အမှတ်တမဲ့ ပြောသောစကားများ ၊ အပြုအမှုများမလုပ်မိအောင် ရှောင်၍ အမှတ်တရစကားနဲ့ အမှတ်တရ အပြုအမှုများ ကျင့်ကြံနိုင်အောင် နုငယ်စဉ်မှစ၍ အခြေခံဓလေ့လေးတစ်ခုကို နေ့စဉ် ထမင်းစား ၊ ရေသောက်သကဲ့သို့ မွေးမြူကျင့်ကြံ အားထုတ်သွားမည် ဆိုပါက မိမိလိုလားရာ ပန်းတိုင်သည် မိမိအနားတွင် ရောက်ရှိနေမည်မှာ ဧကန်မလွဲတော့ပါ………။
ကိုယ်တိုင်ဝန်ခံချက်။ ။“ အမှတ်တမဲ့ မှ အမှတ်တရ သို့ ” ဘလော့ပို(စ်)သည် မိုးမခကိုယ်တိုင်ရေး အတွေးပုံရိပ်တစ်ခု ဖြစ်ပါသည်။ မည်သည့်နေရာတွင်မှ ပါဝင်ဖော်ပြခဲ့ခြင်း မရှိသော ဘလော့ပို့(စ်) ဖြစ်ပါသည်။