ရန်ကုန်တိုင်း ဒေသကြီးအတွင်း မောင်းနှင်နေသော ယာဉ်လိုင်းများအပေါ်၌ ဆန္ဒကို သိက္ခာဖြင့် မထိန်းနိုင်သော အမျိုးသားများကြောင့် ကာယိနြေ္ဒထိပါး နှောင့်ယှက်ခံရသော အမျိုးသမီးများ ဝီစီမှုတ်၍ အကူအညီတောင်းခံ နိုင်တော့မည့် အစီအစဉ်ကို ၇-၂-၂ဝ၁၂ ရက်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Akhaya အမျိုးသမီးအဖွဲ့ ပရိုဂရမ် ဒါရိုက်တာ ဒေါ်ထားထားက ၁-၂-၂ဝ၁၂ ရက်က ပြောသည်။ အဆိုပါနေ့တွင် Akhaya အမျိုးသမီးအဖွဲ့နှင့် အခြားသော လူမှုရေးအဖွဲ့များမှ စေတနာ့ဝန်ထမ်း အယောက် ၅ဝဝခန့်က ယာဉ်လိုင်းများပေါ် သာမက လူစည်ကားရာ လမ်းတစ်လျှောက်တွင် အမျိုးသမီးများ သိရှိစေရန် ခရာများ၊ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေသွားမည် ဖြစ်ကြောင်းသိရသည်။
ယင်းသို့ ဆောင်ရွက်ခြင်းသည် အမျိုးသားထုကြီး တစ်ရပ်လုံးကို ရည်ရွယ်ခြင်း မဟုတ်ဘဲ အချို့သော ဆန္ဒကို သိက္ခာဖြင့် မထိန်းနိုင်သော အမျိုးသားများအတွက် ရည်ရွယ်ကာ ထိကပါးရိကပါး အပြုအမူများ ရပ်တန့်သွားစေရေး အတွက်သာဖြစ်ကြောင်း၊ ဝီစီလှုပ်ရှားမှုတွင်ပါဝင်မည့် အဖွဲ့ဝင်တစ်ဦးကဆိုသည်။ ဝီစီမှုတ်၍ အကူအညီတောင်း ခံရခြင်းသည် အမျိုးသမီးများကို အကာအကွယ်ပေးရန်သာဖြစ်ပြီး နှောင့်ယှက်သူ အမျိုးသားများအပေါ်၌ ကိုယ်ထိလက်ရောက် မပြုရန် ထုတ်ပြန်ထားကြောင်း သိရသည်။