ကျွန်တော် အောင်ထက် တစ်ယောက်..
ဒီရက်ထဲ ရှေးခေတ်ဟောင်း သမိုင်းတွေထဲမှာပဲ တစ်ဝဲလည်လည်..
ကြာရင် ပြတိုက်ထဲရောက်လေမလားမသိတော့ ။ ရေးလက်စနဲ့ ဆက်ပါအုန်းမယ် ။
ခုပို့စ်လေးမှာတော့..တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်တွေရဲ့စိတ်သဘောကို လေ့လာခွင့်ရအောင်
ပေါ့ပေါ့ပါးပါးလေးပဲ တင်လိုက်ပါတယ် ။
အင်းဝနဲ့ ဟံသာဝတီ အနှစ်လေးဆယ် ပြည်တွင်းစစ်ကာမှာပါပဲ၊
သက္ကရာဇ် ခုနစ်ရာခြောက်ဆယ်ငါးခုမှာ အင်းဝဘုရင်မင်းခေါင် စုန်ဆင်း စစ်ပြုပြန်ပါတယ် ၊
နောက်တော့ ခရီးကဝေးလံ၊ စာရေရိက္ခာကလည်းပြတ်၊ အနိုင်အရှုံးကလည်း သူတစ်ပြန်ကိုယ်တစ်ပြန်
စစ်ကလည်းပန်းလာပါတော့တယ် ။ ဒါကြောင့် အင်းဝကိုစစ်ပြန်ဆုတ်ပါတယ် ။
မွန်ဘုရင်က စစ်အဆုတ်ကို ထပ်ချပ်မကွာ လိုက်တိုက်ပါတယ် ။
ရှေးခေတ် ဘုရင်တွေ စစ်ထွက်တယ်ဆိုတာက..
မိန်းမတွေ တစ်လှေကြီးနဲ့ပါ၊ မိဖုရား မောင်းမမိတ်သံတွေ အကုန်ခေါ်လာတာပါ ။
စစ်ဆုတ်တော့မင်းခေါင်က ရဲမြတ်စွာဆင်ကိုစီးပါတယ်၊
ဆင်တော်ရဲမြတ်စွာ ခြေလက်နှေးလို့ဆင်ကဲ ပမူလောက်ကိုထားခဲပြီး..
နတ်လုင်ဆင်တော်ကိုပြောင်းစီးပါတယ် ။
တပ်ကဖရိုဖရဲနဲ့ဆုတ်ရတော့..ဆင်လေးမြင်းလေး မိန်းမသနာ ကိုယ်လုပ်မောင်းမတွေကို
မွန်တို့က ရကုန်ပါတော့တယ် ။
မင်းခေါင်ရဲ့ တောင်ခွင်မိဖုရားလည်း ချောင်းအကူးမှာ ဆင်ခက်ကြိုးပြတ် ဆင်ကလည်ပြီး
ကျကျန်ခဲ့ပါတယ်။
ရဲမြတ်စွာဆင်ကိုစီးပြီး နောက်ကလိုက်လာတဲ့ ဆင်ကဲ ပမူလောက်ကိုမြင်တော့
တောင်ခွင်မိဖုရားက ဟစ်အော်ခေါ်ပါတယ် ။
ဆင်ကဲ ပမူလောက်က..ဆင်ဦးစီးကို
“ မိဖုရားကိုကယ်ရမှာ အန္တရာယ်တော့ကြီးတယ် ၊ မကယ်ပြန်လည်း မွန်တို့လက်ကိုပါတော့မယ် ။
ယခုကယ်တင်ချိန်က စလို့ ခရီးစဉ်ရဲ့ အဖြစ်ပျက်စုံကို မင်းအသေချာမှတ်ထားပါ..” လို့ဆိုပါတယ် ။
လမ်းခရီးမှာ..မွန်တို့လက်မကျအောင်..ပုန်လျှိုးကွယ်လျှိုးတောတောင်ရိပ်ခိုလို့ ဆုတ်ရပါတယ် ။
ညရောက်ရင် မိဖုရားကို သစ်ပင်ထက် လင့်စင်ထိုး သိပ်ပါတယ် ။
ဆင်ကဲက ဆင်ဦးမှာ စီးလျက်အိပ်ပါတယ်၊ ဆင်ဦးစီးက နောက်ပဲ့မှာ အလှည့်ကျ အိပ်ပါတယ် ။
လမ်းမှာ ထမင်းသုံးနပ်ငတ်ကြပါတယ်။
မြန်မာပိုင်နက်ရောက် ရွာတွေ့မှ မိဖုရားက အိမ်ထက်၊ ဆင်ကဲနဲ့ ဦးစီးက မြေပြင်မှာအိပ်ပါတယ် ။
သုံးယောက်သား အင်းဝကိုပြန်ရောက်တော့..ဘုရင်မင်းခေါင် ၀မ်းမြောက်ဝမ်းသာရှီလို့..
“ ဆင်ကဲသည် ငါ့ကိုကျေးဇူးပြုမိသည်ကား သည်နှင့်ဆိုနှစ်ကြိမ်ရှိပေပြီ..” ဟုဆိုပါတယ်၊
ဆုလပ်ပေးပါတယ် ။
နောက်နေ့တွေမှာတော့..
မိဖုရားကို လမ်းခရီး နေပုံစားပုံကို စစ်မေးပါတော့တယ် ။ ထွက်ချက်မှတ်သားထားပါတယ် ။
နောက်..ဆင်ကဲကိုသီးသန့်….
ဆင်ဦးစီးကို သီးသန့်..ထွက်ချက်ယူပါတယ်၊ တစ်ချက်ထဲညီမှ စိတ်ထဲ သန့်ရှင်းသွားပါတယ်။
ဇာတ်လမ်းက ဒီလောက်နဲ့တင် ပြီးဆုံးရင်ကောင်းပါတယ်..၊ ဇာတ်မနာဘူးပေါ့။
ဒါပေမဲ့ မိဖုရားကိုချစ်တဲ့ ဘုရင်မင်းခေါင်က ဆင်ကဲမြင်တိုင်း ရင်တုန်ပန်းတုန်ဖြစ်နေရပါတယ်၊
သံသယကိုမဖျောက်နိုင်ဖြစ်နေရပါတယ် ။
ဖြစ်ချင်တော့..တောထဲတောင်ထဲ ဆင်ကဲနဲ့ တစ်ပူးတွဲတွဲနေခဲ့ရတဲ့ တောင်ခွင်မိဖုရားစိတ်မှာ
ဆင်ကဲပေါ် သာယာတိမ်းညွတ်နေပုံရပါတယ် ထင်ပါရဲ့..
တစ်နေ့မှာ မင်းနဲ့ မိဖုရား ပူးတွဲစံနေတုန်း မိဖုရားလက်က ကွမ်းခွက် လွှတ်ကျပါတော့တယ်..
“ အို..ဆင်ကဲ..” ယောင်ရမ်း အသံထွက်မိပါတော့တယ် ။
မိဖုရားရဲ့ လန့်အော်သံလေးတစ်ခွန်းရဲ့ တန်ဘိုးကတော့..
ဆင်ကဲကို လူသတ်သမား လက် အပ်လိုက်တာပါပဲ ။
တရားကျစရာပါပဲနော်..
စကားပုံလေးတောင်ရှိသားပဲလေ..
“ သူဆင်းရဲကိုသနားသည်ဟု အရင်းအနှီးမပေးနှင့်..မင်းတို့ပျက်စီးသည်ကိုမခြီးပင့်နှင့်..”
ဟူသတတ် ။
မှတ်ချက်။ ။ အကယ်၍များကော်မန့်ပေးလိုလျှင်..ဒီဇာတ်လမ်းမှာ
(၁) မိဖုရားကိုကယ်မိတာ..ဆင်ကဲမှားပါသလား..
(၂) မိဖုရားကပဲ..မှားပါသလား..
(၃) သ၀န်တိုလွန်းသူ..ဘုရင်မင်းခေါင်ပဲမှားပါသလား..
ထင်မြင်ချက်လေးသိပါရစေ။
(ကျွန်တော်..အောင်ထက် ပါ)