ပန်းပွင့်လေးတွေကိုလည်း ချစ်ပါ။
လိပ်ပြာလေးတွေလည်း ချစ်ပါ။
ငှက်ကလေးတွေလည်း ချစ်ပါ။
ကလေးလေးတွေလည်း ချစ်ပါ။
သက်ရှိသက်မဲ့အားလုံးကို ချစ်ပါ။
အရာရာကို ချစ်ရကောင်းမှန်းလည်းသိပါ။
အရာရာကို ချစ်တတ်သွားလျှင်
အပြစ်တင် အပြစ်မြင်စိတ်မရှိ
အရာရာကို တည်းခံခွင့်လွှတ်နိုင်သွား၏ …. တဲ့
ဒါပေမဲ့…
ပိုင်ဆိုင်လိုချင်တဲ့ စိတ်နဲ့တော့ ဘယ်အရာကိုမှ မချစ်လေနဲ့။ ရင်ပူစိတ်မော သောကဖြစ်လိမ့် မယ်။
ကံကောင်းတယ်ဆိုတာ
အလုပ်ကောင်းခြင်းကြောင့်ဖြစ်တယ်။
ကိုယ်လုပ်တဲ့အလုပ် ကောင်းလေလေ
ကံကောင်းလေလေပဲ။
အလုပ်ကောင်းဖို့ဆိုတာတော့
စိတ်သဘောထား ကောင်းမှဖြစ်မယ်။
စိတ်သဘောထားဆိုတာ
စေတနာပဲ…။
ဒါကြောင့်… ကံကောင်းချင်ရင်
စေတနာကောင်းဖို့လိုတယ်….။
ဆိုတဲ့ စာရေးဆရာ ကောင်းသန့်ရဲ့ စာပိုဒ်လေးနှစ်ပိုဒ်ကို သွားပြီးဖတ်မိလိုက်တဲ့အချိန်မှာ ကျွန်တော့်စိတ်ထဲမှာ သတိမထားမိလိုက်တဲ့ အရာလေးတစ်ခုကို သွားပြီးအမှတ်ရလိုက်မိ ပါတယ်။
လူတိုင်းမှာ အရာရာကို ချစ်တတ်တဲ့စိတ်၊ ကိုယ်ချင်းစာတတ်တဲ့စိတ်ကလေးများရှိခဲ့ရင် အားလုံးဟာ အမြဲပျော်ရွှင်ချမ်ြးေ့မနေမှာပဲ။ လူတွေအားလုံး နေထွက်ချိန်ရှိသလို နေ၀င်ချိန် ရှိတယ်ဆိုတာ အားလုံးသိထားပြီးသားပါ။ ဘ၀တစ်ကွေ့မှာ ခဏတွေ့ကြရတဲ့ လူတွေကြည့်ပါပဲ။ ခဏတွေ့ရတာပဲဆိုတဲ့ စိတ်ကလေးကို နှလုံးသွင်းပြီးတော့ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေး၊ အပြုအမူ၊ အလုပ်အကိုင် စသဖြင့်ပေါ့လေ အရာရာအားလုံးကို ကြင်ကြင်နာနာ ချစ်ချစ်ခင်နဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလို နေသွားကြမယ်ဆိုရင် အကောင်းဆုံး ဖြစ်သွားလိမ့်မယ်လို့ ယူဆမိပါတယ်။ ဒါပေမဲ့ ကျွန်တော်အပါအ၀င် အားလုံးရဲ့စိတ်ထဲမှာ ``ငါ´´ ဆိုတဲ့ ငါစွဲ စွဲတတ်ကြတယ်လေ။ မိမိပြုမူသမျှ၊ ပြောဆိုသမျှအားလုံး အကောင်းတွေကြည့်ပဲလို့ထင်မှတ် ကြလေရဲ့။
လူတို့ရဲ့ နေထိုင်မှုလမ်းကြောင်းကို ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ဆိုပြီး အရွယ်သုံးမျိုးနဲ့ ခွဲခြားထားရာမှ ၎င်းနဲ့ဆက်စပ်တဲ့ အကြောင်းအရာလေးတွေကို ချဉ်းကပ် ကြည့်မယ်ဆိုရင်။
ပထမအရွယ်မှာတော့ မိမိတို့ရဲ့ ဘိုးဘွားမိဘတွေရဲ့လက်အောက်မှာပဲ သူတို့ရဲ့ ယုယကြင် နာမှုနဲ့အတူ သူတို့ရဲ့ ဆုံးမပဲ့ပြင်တဲ့ စကားတွေရဲ့ကြားမှာ ဘာဆိုဘာမျှ စဉ်းစားခြင်း၊ တွေးတောခြင်း မရှိသေးတဲ့အရွယ်ပေါ့လေ။ ဘိုးဘွားမိဘတွေရဲ့ ဆုံးမသြ၀ါဒစကားကို မိမိ တို့ရဲ့နားတွင်းသို့ ရိုက်သွင်းခတ်နှိပ်ခံထားရခြင်းကြောင့် ဘယ်အရာကိုဖြင့် ဘယ်လိုလုပ်ရမယ်၊ ဘယ်အရာကိုဖြင့် ဘယ်လိုပြောရမယ် စသဖြင့် သဘောပေါက် နားလည်နေကြတဲ့ အချိန်လေးတွေပေါ့။ အဲဒီလိုနဲ့ပဲ အချိန်ပေါင်း၊ နာရီပေါင်း မြောက်များစွာကို ဖြုန်းတီးခဲ့ကြ လေတယ်။
ဒုတိယအရွယ်မှာတော့ မိဘတွေနဲ့ မိမိ၏၀န်းကျင်ရဲ့ ထောက်ပံ့မှု၊ ဆုံးမပဲ့ပြင်မှုတွေကြောင့် ကိုယ်ကိုတိုင် လူ့လောကကြီးထဲကို ရဲရဲတင်းတင်းကြီး စတင်ပြီး ဘ၀တိုက်ပွဲကြီးကို ဆင်နွှဲ ရပြီလေ။ အဲဒီအချိန်မှာတော့ အမှားပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရလို့ အမှန်ဆိုတာဘာလဲ၊ အမှားဆိုတာဘာလဲ ဆိုတာကို သိတတ်စအရွယ်ဖြစ်နေပြီပေါ့။ လောကထန်ရဲ့ လှည့်စားမှု ဒဏ်ကိုလည်း ကောင်းကောင်းကြီး ခံနိုင်ရည်ရှိလာပြီလေ။ နောင်တပေါင်းများစွာလည်း ရတဲ့အချိန်၊ အမှားတွေကို အမှန်ပြင်ချိန်၊ အမှန်ကို အမှန်တိုင်းမြင်အောင် ကြိုးစားနေရတဲ့ အချိန်တွေဆိုရင်လည်း မမှားဘူးပေါ့။ တချို့က မိမိ၏ရှေ့ဆက်ရမယ့် လမ်းခရီးအတွက် ကိုယ်အားသန်သလောက်ကြိုးပမ်းကြ၊ တချို့က ကိုယ့်ရဲ့မိသားစုအတွက် ကိုယ်တတ်နိုင်သ လောက် ဖေးမကြပေါ့။ ဘယ်လိုပဲဖြစ်နေနေ ဒီအရွယ်မှာတော့ လူ့ဘ၀ရဲ့ အရေးကြီးဆုံး အချိန်ပဲလေ။
တတိယအရွယ်ရောက်ပြန်တော့ ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေရမယ့်အရွယ် ဖြစ်သွား ပြန်ပြီလေ။ ကိုယ့်ရဲ့သားသမီးတွေ၊ လက်အောက်ငယ်သားတွေ စသဖြင့်ပေါ့ မိမိ အောက်ငယ်သူတွေအားလုံးကို သြ၀ါဒပေးနိုင်ရမယ့်အချိန်၊ ဘယ်အရာကကောင်းတယ်၊ ဘယ်အရာကဖြင့်မကောင်းဘူးဆိုတဲ့ စကားနှစ်ရပ်ကို နှလုံးသွင်းပြီး၊ မိမိကိုယ်တိုင်လည်း သတိထားရမယ့်အချိန်၊ သူတပါးကိုလည်း နည်းပေးလမ်းပြနိုင်ရမယ့်အချိန်လေ။ ကိုယ်ကို တိုင်ကလည်း ကိုယ့်ရဲ့အရွယ်အလိုက် ဘာတွေကိုလုပ်မှ ကိုယ့်အတွက်အကျိုးရှိမယ်၊ ဘယ်လမ်းကို လှမ်းမှ ကိုယ့်အတွက်အကောင်းဆုံး၊ အသင့်တော်ဆုံးဖြစ်မယ် ဆိုတဲ့အသိအ မြင်လေးတွေကိုလည်း ကိုယ်ကိုတိုင် သိနေရမယ့်အချိန်လေ။ ဒီအရွယ်ဟာလည်း လူ့ဘ၀ အတွက် အရမ်းကိုအရေးကြီးပေလိမ့်မည်။ နည်းပေးလမ်းပြအရွယ်အဖြစ် ရောက်ရှိသွားတဲ့ အချိန်မှာ အမှားနဲ့အမှန်နှစ်ခုကိုတော့ အမြဲတမ်းနှလုံးသွင်းပြီး မိမိရဲ့စိတ်ထဲမှာကိန်းအောင်း နေဖို့တော့ လိုသွားပြီပေါ့။
ဥပမာ။ ။တပည့်တစ်ယောက်ဟာ မိမိဆရာမိန့်ကြားတဲ့သြ၀ါဒများကိုသာ ပုံသေမှတ်ယူ ကျင့်သုံးသလို၊ ဆရာအနေနဲ့ကလည်း ကိုယ်ကတစ်ခွန်းထွက်လိုက်ရင် တပည့်တွေအတွက် ကောင်းကျိုးလား၊ ဆိုကျိုးလားဆိုတာ သိမြင်ပိုင်းခြားရပြီပေါ့။
ကဲ…ထားလိုက်ပါတော့။ ကျွန်တော်ပြောချင်တာလေးက ၎င်းအအရွယ်သုံးမျိုးစလုံးဟာ ဆက်နွယ်မှုတွေနဲ့လေ။ ဘယ်အအရွယ်ကိုမျှ ပေါ့သန်သန်နဲ့ နေလို့မရဘူးလေ။ အားလုံးက သူ့လမ်းစဉ်နဲ့သူ ဖြောင့်လို့ပဲ။ ဒါပေမယ့် အဲဒီအထဲမှာ အဓိကအကျဆုံးကတော့ တစ်ဦးနဲ့တစ်ဦး နားလည်သဘောပေါက်တတ်ဖို့နဲ့ စာနာတတ်ဖို့ပါပဲ။ နှုတ်အမူနဲ့ပဲဖြစ်စေ၊ ကိုယ်အမူနဲ့ပဲဖြစ်စေ သူတပါးကိုဆက်ဆံမိတဲ့အချိန်မှာ ပထမဆုံးအနေနဲ့ ကိုယ့်စိတ်ကို မေးမြန်းကြည့်ရမယ်လေ။ ဘာကိုမေးမြန်းကြည့်ရမလဲဆိုတော့ ကိုပြောမဲ့စကားကို ရှေ့တန်းတင်ပြီး ``အဲဒီလိုပဲ ငါ့ကိုသူများက ပြောလိုက်မယ်၊ ပြုမူလိုက်မယ်ဆိုရင် ငါ… ဘယ်လိုခံစားရမလဲ´´ ဆိုတဲ့ အတွေးကို ပထမဆုံး တွေးမိဖို့ပါပဲ။ ကိုယ်ခံစားရသလို သူများလည်း ခံစားရမှာပဲလေ။ ထို စိတ်ကလေးတာ လူတိုင်းရဲ့ရင်ထဲမှာ ရှိနေမယ်ဆိုရင် မနာလိုစိတ်၊ အပြစ်မြင်စိတ်၊ မခံချင်စိတ်၊ ကူညီဖေးမမှုကင်းတဲ့စိတ်တွေဟာ ပျက်ပျယ်သွားမှာတော့အမှန်ပဲ။ ထိုမကောင်းတဲ့စိတ်တွေ တာ လူတိုင်းရဲ့ရင်ထဲမှာ ကိန်းအောင်းနေမယ်ဆိုရင် တစ်ဦးနဲ့တစ်ဦးဟာ စည်းလုံးခြင်းဆိုတာ ရှိပါတော့မလား။
အကယ်၍ မနာလိုဝန်တိုစိတ်မွေးမိသွားပြီဆိုရင်လည်း အဲဒီစိတ်ဟာ သိပ်ကြောက်ဖို့ကောင်း ပါတယ်။ ကိုယ့်ထက်သာ မနာလိုတာ၊ ကိုယ့်ထက်တော်ရင်မကြည့်ချင်တာ စတဲ့အရာတွေဟာ မနာလိုဝန်တိုစိတ်တွေပဲပေါ့။ အဲဒီမနာလိုစိတ်တွေကြောင့် သူတစ်ပါးကိုအထင်သေးစော်ကား ချင်တယ်။ သူတစ်ပါးကို မကောင်းပြော၊ မကောင်းကြံ ကြံတတ်တယ်။ သူ့အကျိုးပျက်စီး အောင်လုပ်ပြီး သူ့နေရာလုချင်တယ်။ အဲဒီလိုစိတ်ဓါတ်အောက်တန်းကျတဲ့သူမျိုး ကျွန်တော် ကိုယ်တိုင်တွေ့ဖူးခဲ့သလို စာဖတ်သူလည်း တစ်ချိန်ချိန်မှာ တွေ့မှာပဲ။ မနာလိုဝန်တိုစိတ် ရှိသူတွေနဲ့တွေ့ခဲ့ရင် မေတ္တာစိတ်နဲ့ သည်းခံခွင့်လွှတ်တတ်လျှင် အကောင်းဆုံးဖြစ်နေ ပေလိမ့်မယ်။
ထို့ကြောင့်တစ်ဦးနဲ့တစ်ဦး နားလည်မှုကိုယ်စီရှိနေကြမယ်ဆိုရင် အရာရာအားလုံးဟာ အဆင် ပြေသွားမှာ အမှန်မလွဲပဲ။ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ခြင်းပဲဖြစ်ဖြစ်၊ အလုပ်ရှင်နဲ့ အလုပ်သမားပဲဖြစ်ဖြစ်၊ သူစိမ်းအခြင်းခြင်းပဲဖြစ်ဖြစ် မိမိတို့နဲ့ သက်ဆိုင်တဲ့အရာအားလုံး အဆင်ပြေချောမွေ့သွားပါလိမ့်မယ်။
ဒါကြောင့် ကျွန်တော့်ရဲ့ထင်မြင်ချက်အရ တင်ပြထားတဲ့စာရဲ့အဓိပ္ပါယ်လေးကို ပြောရမယ် ဆိုရင် အားလုံး သဘောပေါက်သွားလောက်ပြီထင်ပါရဲ့။ အဲဒါကတော့ ``စိတ်သဘော ထားကို ဖြူဖြူစင်စင်လေးထားကြပါ၊ လူတိုင်းကို အကောင်းမြင်လေးနဲ့ မြင်ကြပါ´´ဆိုတဲ့ အဓိပ္ပါယ် လေးပါပဲ။ ဒါကြောင့် လူတွေအားလုံးရဲ့ ဆက်ဆံမှုကြားမှာ အလိုအပ်ဆုံးက စိတ်သဘောထား လေးဖြူဖြူစင်စင်လေးထားပြီး အကောင်းမြင် မြင်တတ်ဖို့ပါပဲ။
(ဤစာကို ကျွန်တော့်ရဲ့စိတ်ကူးရဲ့ ထင်မြင်ယူဆချက်ကို ပုံဖော်ထားခြင်းသာဖြစ်သည့်အတွက် သက်ဆိုင်သွားလောက်မယ့်သူများ ရှိခဲ့မယ်ဆိုလျှင် ဖြူစင်တဲ့စိတ်ကလေးတွေကို ရှေ့တန်း တင်ပြီး နားလည်ပေးကြပါရန်။)