တွေ့နေကျ အချိန်....၊ တွေ့နေကျ နေရာလေးမှာ.... တွေ့နေကျ မျှော်လင့် ချက်လေးနဲ့ စောင့်နေမိတယ်၊ ရောက်သင့်တဲ့ အချိန်ကို ကျော်လွန်လာတော့.. ရင်ထဲမှာ အပူလေးတွေ အငွေ့ပျံလာတယ်...... နောက် အပူခဲလေးဖြစ်လာတယ်၊ နောက် အပူတုံးကြီးဖြစ်သွားတယ်၊
ဒီအပူတွေက ဘေးပတ်လည်ကို လောင်ကျွမ်းလို့ အားလုံးကျွမ်းလောင်သွားခဲ့တယ်... ဒါပေမဲ့ သူရောက်မလာခဲ့ဘူး... ဘာကြောင့် မှန်းလည်း မသိခဲ့ဘူး....... ကိုယ်လည်း ဆက်စောင့်နေဆဲပဲ။ စက္ကန့်၊ မိနစ်.၊ နာရီများမှ ရက်ပေါင်းများစွာပေါ့.....။ စောင့်နေရတာကိုလည်း ကျေနပ်နေမိပါတယ်......။
ပန်းလေးတွေ အကြိမ်ကြိမ်ပွင့်ပါစေ.......။
လမင်းကြီး အကြိမ်ကြိမ်ပြည့်ပါစေ.......
ဒီ နေ့ရက်တွေ လွန်မြောက်ရင် ချစ်သူရောက်လာမှာပါ...။
သတိရချိန်တွေမှာ စဉ်းစားရင်း၊ မျှော်လင့်ရင်း.... မသေချာတဲ့ သိမှတ်ခြင်းတွေနဲ့ အချိန်တွေများစွာကို အဓိပ္ပါယ်မဲ့ရေးခြစ်နေတတ်တယ်....။
စက်ဝိုင်းလေးတွေ၊ မျဉ်းဖြောင့်လေးတွေ၊ မျဉ်းကောက်လေးတွေ. ပြီးရင်လည်း.. နောက်ထပ် စက်ဝိုင်းထဲမှာ..မျဉ်းဖြောင့်လေးတွေ၊ မျဉ်းကောက်လေးတွေ.... ဆက်ရေးနေတာပေါ့........။
လူ့လောက ဆိုတဲ့ စက်ဝိုင်းကြီးထဲမှာ ဆုံမှတ်နှစ်ခု ရှိနေခဲ့တယ်လေ... U & Me ပေါ့.. ခဏတာဆုံတွေ့ခဲ့ကြတယ်........
သံယောဇဉ်ဆိုတဲ့ လေးကြိုးလေး တစ်နည်းအားဖြင့် ကော့ဒ်(Chord)လေးနဲ့ပေါ့..... ပျော့ပျောင်းပြီး အရောင်လွင့်တတ်တဲ့ ကော့ဒ်လေးနဲ့လေ.......
ခဏတာ ဆုံတွေ့ခွင့်တွေအတွက် ကိုယ်တိုင် ဆက်သွယ်မိခဲ့တာပေါ့.......
စက်ဝိုင်းကြီးကို အလည်က နှစ်ခြမ်းခွဲပြီး တစ်ခြမ်းစီ အရောင်တွေခြယ်မိတယ်...... တစ်ခြမ်းက စိတ်ကူးယဉ်ကမ္ဘာ...
နောက်တစ်ခြမ်းက တကယ့်ဘ၀ အဖြူနဲ့ အနီလေးတွေလေ....... အလည်ကမျဉ်းလေး တစ်နည်းအားဖြင့် ဒိုင်ယာမီတာ(Diameter)လေးကို အနက်ရောင်လေး ပြောင်းလိုက်မိတယ်....။
သေချာခြင်းတွေ အဖြစ်ပေါ့.....၊
ဒါပေမဲ့ကွယ်...... စိတ်ကူးယဉ်ဆုံမှတ်တွေက သေချာခြင်း အလည်မျဉ်းလေးကို ကျော်ပြီး တကယ့်ဘ၀တွေထဲကို ရောက်မသွားခဲ့ပါဘူး........ အရောင်တွေ မတူကြလို့..... အလည်မျဉ်းလေးက ခိုင်မာနေလို့ ..
ဒါပေမဲ့ ချစ်သူကတော့ လူ့ဘ၀ စက်ဝိုင်းရဲ့ အလည်ဗဟို သေချာခြင်း မျဉ်းလေးပေါ် က စက်ဝိုင်းရဲ့အနား တစ်ဘက်တကယ့်ဘ၀လေးကို ဆက်သွယ်ထားတဲ့ ရေးဒီးယပ်စ်(Radius)လေးပေါ့.....
ဒါဆိုရင် ဒီစက်ဝိုင်းကြီးကို ကျော်လွန်သွားတဲ့ မျဉ်းလေးတစ်ကြောင်းလောက် ရှိမလားလို့ တွေးမိတော့.... ရှိပါတယ်..
သူက စက်ဝိုင်းထဲက မဟုတ်တဲ့ ဖြတ်မျဉ်းလေးလေ.... ဆီးကန့်(Secant)လေးပေါ့...... လာချင်ရာက လာပြီး သူ့လမ်းကြောင်းလေးပေါ်မှာ တွေတဲ့ စက်ဝိုင်းလေးကို ဖြတ်ချင်တဲ့ နေရာကနေ ဖြတ်သွားတဲ့ မျဉ်းလေးပေါ့....
လူ့လောက သဘာဝကိုဖြတ်ဖို့အတွက် သတိရခြင်းတွေနဲ့ လွမ်းဆွတ်မျှော်လင့်ရခြင်းတွေကို ဖြတ်ကျော် သွားချင်ရင် ဟိုးအဝေးကြီးက နေလာရမယ်၊ ဟိုးအဝေးကြီးကိုလည်း ထွက်သွားရမယ်၊ စက်ဝိုင်းထဲမှာ ရစ်တွယ်နေလို့ မရဘူးတဲ့........လေ။
စက်ဝိုင်းလေးတစ်ဝိုင်းရေးရတာ လွယ်သလိုလိုနဲ့ မလွယ်ဘူးနော်.. ၀ိုင်းမလိုလိုနဲ့ မ၀ိုင်းဘူး၊ ပညာတွေ ဘယ်လောက်ပဲ သင်ထားပါစေ...... သဘောတရားတစ်ခုကို ဘယ်လောက်ပဲ ကျေညက်နေပါစေ....... ၀လုံးလေးကို ၀ိုင်းအောင်ရေးဖို့ ခက်ခဲတယ်လေ။
ကြီးမားတဲ့ စက်ဝိုင်းတစ်ခုကိုဆွဲချင်ရင်တော့ ပစ္စည်းတစ်ခုခုကို အကူအညီယူရတယ်........ စက်ဝိုင်းလေးဖြစ်စေနိုင်တဲ့ ပစ္စည်းပေါ့....
ဘ၀ဆိုတဲ့ စာလုံးလေးထဲက ၀လုံးလေးကို ၀ိုင်းအောင်ရေးတတ်ဖို့တော့ အကူပစ္စည်းက ချစ်သူပဲလေ.....
အခုကြည့် ကျွန်တော် ဒီအတိုင်းရေးထားတဲ့ စက်ဝိုင်းလေးက မ၀ိုင်းဘူးဗျာ.......... ချစ်သူမလာလို့.......
ကျွန်တော် စောင့်နေပါ့မယ်........
သူလာတဲ့ အချိန်အထိပေါ့။
နောက်ဆုံး ကျွန်တော့် စက်ဝိုင်းလေးထဲကို သူရောက်မလာရင်လည်း....... ကျွန်တော်က သူ့ကိုယ်ပိုင်မျဉ်းကွေးလေး....
ဒါမှ မဟုတ် သူ့ကိုယ်ပိုင် စက်ဝိုင်းလေးကို သွားထိနေတဲ့ ၀န်းထိမျဉ်းလေး တန်းဂျန့် (Tangent) လေးတော့ ဖြစ်ချင်မိပါတယ်.......
သင်္ချာပညာရှင်တွေကို အကူအညီတစ်ခုလောက် တောင်းချင်မိတယ်..... လွမ်းဆွတ်ခြင်း သီအိုရီလေး တစ်ခုလောက်တွက်ချက်ပေးကြပါလို့....
နောက်ပြီး သူ့ကို ဖြေရှင်းတဲ့ အီကွေးရှင်းလေးတစ်ခုလောက်..... ဒါမှ မဟုတ်ခဲ့ရင်လည်း စက်ဝိုင်းအလွတ်ရေးတဲ့ ပုံသေ နည်းလေး တစ်ခုလောက်........ ကုညီပေးကြပါလားဗျာ......... လွမ်းလွန်းလို့ပါ.....။
အခုတော့ ဆုံမှတ်မရှိတဲ့ ကော့ဒ်လေးကိုအားနာလိုက်တာ.......
သူလွမ်းနေလေရဲ့......
တမ်းတနေလေရဲ့..........
ဘယ်ကိုမှန်းမသိ ပျောက်ကွယ်သွားတဲ့ ချစ်သူအတွက် ရင်ထဲမှာမီးတွေ တောက်လောင်နေလေရဲ့......။
အပူချိန်....... ဘယ်လောက်လဲ ဒါလေးလည်း တွက်ပေးကြပါဗျာ.........နော် ။
(ကွန်ဆူးမား)(၂၄-၁-၂၀၁၅)