ပုဂံခေတ်တွင် ပန်းတော်ဆက် ဗျတ္တသည် ပုပ္ပါးတောင်မှ ပန်းများကိုခူးယူ၍မိဖုရားအား ဆက်သရကြောင်း၊ ထိုသို့ သွား
လာရာမှ ပုပ္ပါးတောင်ရှိ ပန်းစားဘီလူးမဖြစ်သူ မယ်ဝဏ္ဏနှင့် အကြောင်းပါခဲ့ကြောင်း.....
ပုဂံနှင့်ပုပ္ပါးသည် ခရီးမနီးပါ..... သာမန်လူအနေဖြင့် ပန်းခူးသွားရန်နှင့် အညာနွေ ပူပူအောက်တွင် ပန်းများ မနွမ်းမီ
နန်းတော်သို့ အရောက်သွားရန် အခြေအနေ မဖြစ်နိုင်ဟု စဉ်းစားမိသည်။ တစ်ချို့လဲ ပြောကြသေးသည်.... မယ်ဝဏ္ဏသည် ရုပ်ရည်အလွန်
လှပကြောင်း၊ `` အမှန်တကယ် ချစ်မြတ်နိုးရသူသာလျှင် သူ၏ ပင်ကိုယ်ရုပ်ရည်အား မြင်တွေ့ခွင့်ရပါစေ´´ဟု ဆုတောင်းထားခဲ့ကြောင်း၊
သာမန်လူများ အနေဖြင့် ရုပ်ဆိုးသော မယ်ဝဏ္ဏကိုသာ တွေ့မြင်ခဲ့ရပြီး ဘီလူးမကြီးဟု သတ်မှတ်ခဲ့ကြကြောင်း၊ တစ်ချို့ကလဲ ပန်းခူး ရန်
ရောက်ရှိလာသူ ဗျတ္တအား တွေ့မြင်ရာမှ လူသားကိုချစ်မိခြင်းကြောင့် ပန်းစားဘီလူးမ မယ်ဝဏ္ဏသည် လှပသောအသွင်ကိုယူ၍ ချစ်ကြိုး...
သွယ်ခဲ့ကြောင်းကြားသိခဲ့ရသည်၊ ကျွန်တော် ဆက်စဉ်းစားဖြစ်သည်မှာ မယ်ဝဏ္ဏသည် ပန်းစားဘီလူးဖြစ်ခြင်းကြောင့် အညှီနဲ့များ ကင်း
ပါလိမ့်မည်၊ တန်ခိုးရှိသဖြင့်လဲလူယောင် ဖန်ဆင်းနိုင်ပါလိမ့်မည်..... ပန်းများ ခူးဆွတ်ရခြင်းအလုပ်တွင် ကျင်လည်ကျက်စားနေရသူ ဗျတ္တ
သည်လည်း စိတ်ထားနူးညံ့နေလိမ့်မည်.... လှပသော ပန်းခင်းထဲတွင် လှပသော မိန်းကလေးတစ်ဦးနှင့် စိတ်ထား နူးညံ့သူ ပုရိသ တစ်ဦး
ဆုံစည်းခြင်းသည် လှပခဲ့မည်သာ..... ဟု။
ကျွန်တော်ဘ၀တစ်ကွေ့တွင် လူယောင်ဖန်ဆင်းထားသူ မယ်ဝဏ္ဏနှင့် ဆုံဆည်းခဲ့ရသည်.. ပုပ္ပါးတောင်၏ ပန်းခင်းထဲ
တွင် မဟုတ်ပါ၊ အနာဂါတ်ပန်းခင်းထဲတွင် ဖြစ်ပါသည်။ ကျွန်တော်သည် ပန်းတော်ဆက်သူအဖြစ်နှင့်လည်း မဟုတ်ပါ..ပညာရည်နို့သောက်
စို့နေသောကာလတွင်ဖြစ်ပါသည်။ ကျွန်တော်နှင့် ဆုံတွေ့ခဲ့သော မယ်ဝဏ္ဏသည် ပန်းစားဘီလူးမ မဟုတ်ပါ ပန်းလေးလို လှသူတစ်ဦးသာ
ဖြစ်ခဲ့ပါသည်။ သို့သော် သူသည် ကျွန်တော်နှင့် မဆုံစည်းမီ အချိန်အထိ နှလုံးသားပေါင်း မြောက်များစွာကို စားသုံးခဲ့သည်၊ နှလုံးသား
ဝတ်ရည်ကြိုက်သည့် အနီရောင် လိပ်ပြာကြီးတစ်ကောင်တော့ ဖြစ်ခဲ့ပါသည်။
ကျွန်တော်တို့ စတင်ရင်းနှီးခဲ့ကြသည် တက္ကသိုလ်များ၏ ဇာတ်လမ်းများ အတိုင်းပါပဲ..... တစ်ခုပဲ ကွဲပြားသည်အခြား
သော ဇာတ်လမ်းများနှင့် မတူသည်မှာ ကျွန်တော်သည် ဆင်းရဲသော၊ ရိုးစင်းသော ဇာတ်လိုက်တစ်ဦး ဖြစ်နေခဲ့ခြင်းပင်... ကျွန်တော်သည်
ပြည့်စုံသော၊ အပူအပင်ကင်းသော၊ တက္ကသိုလ်ကျောင်းသားတစ်ဦး မဟုတ်ခဲ့ပါ... မည်ကာမတ္တ ကျောင်းသား သာဖြစ်ပါသည်။ ကျွန်တော်
ကျောင်းတက်စဉ် ကာလတစ်ခုလုံးတွင် စာသင်ချိန်မှ အပ တက္ကသိုလ်၏ခံစားမှုများသည် ကျွန်တော်နှင့် ဝေးရာသို့ ရောက်ရှိနေခဲ့ပါသည်။
ကျွန်တော် နံနက် စောစောတွင် အိပ်ယာထ၍ နွားနို့ညှစ်ပါသည်။ နွားနို့ညှစ်ပြီးပါက သတင်းစာတိုက်မှတဆင့် နေ့စဉ်
ထုတ်သတင်းစာများကို အိမ်တိုင်ယာရာက် ပို့ပါသည်။ ထို့နောက် သတင်းစာ ပို့ပြီးသော အခါတွင် မိခင်ကြီး ထည့်ပေးထားသော နို့ပုလင်း
လေးများအား ဖောက်သယ်များထံသို့ ပို့ပါသည်။ အားလုံးအတွက် ကျွန်တော်၏ လက်ဆွဲဖော် စက်ဘီးကလေးဖြင့် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်
ပါသည်။ နို့ပို့ပြီးသော အခါတွင် တစ်နေ့စာအတွက် နွားစာစဉ်းရပါသည်၊ အစာစပ်ရပါသည်၊ အားလုံးပြီးသော အချိန်တွင် ရေချိုးပြီး မေမေ
စီစဉ်ပေးသော နံနက်စာကိုစား၍ ထမင်းချိုင့်လေးဖြင့် ကျောင်းတက်ပါသည်။ အတန်းအားချိန်များတွင် ကျွန်တော် တစ်ဦးတည်း စာကြည့်
ရပါသည်။ အိမ်တွင် စာကြည့်ရန် အခြေအနေနည်းပါသည်။ ကျွန်တော့်အတွက် ပစ္စည်းဥစ္စာ ဂုဏ်ပကာသန သာမက အချိန်လည်း ဆင်းရဲ
ပါသည်။ တစ်ခါတစ်ရံ သူငယ်ချင်းများနှင့် ပျော်ပါး လည်ပတ်ချင်သော စိတ်ဖြစ်တတ်ပါသည်။ ဤစိတ်များ ၀င်လာတိုင်း ဖခင်ဖြစ်သူကို မြင်
ယောင်လာပါသည်။ ဖေဖေသည် တာဝန်ကျေသော၊ ဂုဏ်သိက္ခာရှိသော၊ မိသားစုကိုချစ်ခင်မြတ်နိုးသောသူ ဖြစ်ခဲ့ပါသည်၊ဖခင်၏ဆန္ဒသည်
ကျွန်တော့်အား နိုင်ငံခြားအထိ ပညာသင်ကြားနိုင်သောသူ ဖြစ်စေရန် ဖြစ်ပါသည်။ ခွဲခွါကာနီး အချိန်တွင် ကျွန်တော်အား မှာကြားခဲ့သော
ဖခင်၏တစ်ခုတည်းသော မှာကြားချက်လည်းဖြစ်သဖြင့် ကျွန်တော် ကြိုးစားလုပ်ဆောင်နေခြင်းလည်း ဖြစ်ပါသည်။
ညနေ ကျောင်းဆင်းချိန်တွင် ကျွန်တော် မြက်ရိပ်ပါသည်၊ နွားစာစဉ်းပါသည်။ သောက်ရေနှင့် နွားစာကျွေးပါသည်။
နွားခြံသန့်ရှင်းရေးလုပ်ပါသည်၊ အိမ်ရှေ့တွင် စိုက်ပျိုးထားသော ပန်းပင်လေးများနှင့် အိမ်နောက်ဘက်ရှိ စားပင်လေးများအားလိုအပ်သလို
ပြုပြင်ပါသည်။ ပြီးလျှင်ထင်းခွဲပါသည်။ မေမေသုံးရန်နှင့် ချိုးရန်ရေဖြည့်ပါသည်။ သားအမိနှစ်ဦး၏ တစ်နေ့တာ အ၀တ်များအားလျှော်ဖွတ်
ပါသည်။ နွားနို့ဖိုးကိုတော့ မေမေ နေ့လည်ခင်းတွင် သွားသိမ်းပါသည်။ ထမင်းဟင်းချက်ထားပါသည်၊ မီးပူ မေမေတိုက်ပါသည်။ အိမ်သန့်
ရှင်းရေးကို မေမေကိုယ်တိုင် ဆောင်ရွက်ပါသည်။ သားအမိနှစ်ဦး၏ ဘ၀သည်အေးချမ်းခဲ့ပါသည်။
ကျွန်တော် တတိယနှစ် အရောက်တွင် ရင်ထဲမှ တိတ်တခိုး စွဲလန်းခဲ့ရသူ ကျွန်တော်၏ ပန်းကလေးနှင့် ကျွန်တော့်
သူငယ်ချင်းများ၏ အကျိုးဆောင်မှုကြောင့် ချစ်ခွင့်ကြုံခဲ့သည်။ သူ့ကို ကျွန်တော် ကြောက်လန့်စွာ ချစ်ခဲ့ရသည်။ ရင်တထိတ်ထိတ်နှင့်ပါပဲ..
သူသည် ကျွန်တော် မတိုင်မီ ချစ်သူများ များစွာ ရှိခဲ့သည်ဟု သိခဲ့ရသည်၊ ကျွန်တော်မကြုံဘူးသော ချစ်ခြင်းသည်စိတ်ကိုသာမကလူကိုလဲ
များစွာ ပြောင်းလဲပေးခဲ့သည်။ သူမ၏ ချစ်ခြင်းအဖြေကို ရရှိခဲ့စဉ်က အတိုင်းအဆမဲ့စွာ ကျွန်တော် ပျော်ခဲ့သည်၊ ထို့နောက် ခန့်ခန့်ငြားငြား
နေချင်လာခဲ့သည်၊ ရွှင်လန်းတက်ကြွလာခဲ့သည်၊ ကျွန်တော်၏ မျက်နှာတွင်လည်း အပြုံးရိပ်များ ထင်လာသည်ဟု သူငယ်ချင်းများက စ..
ကြသည်။ ကျွန်တော် ကျေနပ်နေခဲ့ပါသည်။ ယခင်ချစ်သူများအကြောင်းမေးသောအခါတွင်လည်း သူမသည် မှန်မှန်ကန်ကန်ပင် ဖြေကြား
ခဲ့ပါသည်။ ကျွန်တော်သည် သူမကိုချစ်ရခြင်းအတွက် ကျေနပ်နေတတ်ကြောင်း၊ သူမပြန်၍ချစ်ခဲ့ခြင်းကြောင့်လည်းပို၍ ပျော်ရွှင်ခဲ့ကြောင်း
အခြား ဘာတစ်ခုမျှ မလိုအပ်လောက်ပင် ပြည့်စုံသည်ဟု ခံစားခဲ့ရကြောင်း၊ သို့သော် သူမအနေဖြင့် မည်သည့် စိတ်ခံစားမှုဖြင့် တစ်ဦးပြီး
တစ်ဦး ချစ်နိုင်ခဲ့ကြောင်းကို မေးသောအခါတွင် သူမသည် အမှန်တကယ်ချစ်မြတ်နိုးရခြင်းကို ကျွန်တော်နှင့် မဆုံတွေ့မီ အထိ မသိရှိခဲ့ပါ
ကြောင်း၊ ချစ်သည်ပြောကာ အဖြေတောင်းသဖြင့်သာ အဖြေပေးခဲ့ခြင်းဖြစ်ကြောင်း၊ သူမ၏ချစ်မြတ်နိုးသူများမဖြစ်ခဲ့ကြကြောင်း၊သူမသည်
ရိုးသားတည်ကြည်သူ၊ မိဘကို လုပ်ကျွေးသူ၊ ကြိုးစားသူများကိုသာ လေးစားနှစ်သက်ကြောင်း၊ ထိုအချက်များသည် ကျွန်တော့်ထံတွင် ရှိ
သဖြင့် ကျွန်တော့်အား မြတ်နိုးကြောင်း၊ ဘ၀တစ်သက်တာ အတွက် ရည်ရွယ်ထားခဲ့ကြောင်း ပြန်လည်ပြောကြားသောအခါတွင်ကျွန်တော်
သည် ကောင်းကင်ပေါ်တွင် လမ်းလျှောက်နေသူကဲ့သို့ ခံစားခဲ့ရပါသည်။
ကျွန်တော်၏ ပျော်ရွှင်မှုများသည် နောက်ဆုံးနှစ် နှစ်စတွင်ပင် တစ်စစလွင့်ပါးခဲ့ရသည်။ သူမသည် အခြားသောချစ်သူ
တစ်ဦးကို ရရှိခဲ့သည်ဟု သူငယ်ချင်းများမှ အသိပေးလာကြသည်၊ အချို့သော သူငယ်ချင်းများကတော့ ကျွန်တော့်ကို သတိပေးကြသည်
သူမသည် ဤသို့သဘောရှိကြောင်း၊ ကျွန်တော်နှင့် ဆုံတွေ့ပြီး တစ်နှစ်ခန့်လောက်အထိ အခြားချစ်သူထပ်မရှာခဲ့ခြင်းကိုပင် ကျေးဇူးတင်ရ
မလိုဖြစ်ခဲ့ကြောင်း၊ သူမအတွက် ရည်မှန်းချက် အပျက်မခံရန်နှင့် သူမအကြောင်းကိုလည်းသိလျှက်နှင့်ချစ်ခဲ့ခြင်းအတွက် ကိုယ့်ကိုယ်ကိုယ်
အပြစ်မတင်ရန်တို့ကို မှာကြားခဲ့ကြသည်။ ဤသတင်းနှင့်ပတ်သက်၍ မေးကြည့်ခဲ့မိသည်၊ သူမသည် မငြင်း ချစ်သူမဟုတ်ပါကြောင်း......
သာမန်ခင်မင်ခြင်းသာ ဖြစ်ပါကြောင်း၊ သူမကို ယုံကြည်စေလိုကြောင်း ပြောကြားခဲ့ပါသည်။
ကျွန်တော်၏ သူမ အပေါ် ချစ်မြတ်နိုးခြင်းများသည် တဖြည်းဖြည်းနှင့် ကျွန်တော့်အား လောင်မြိုက်ပါတော့သည်...
ကျွန်တော် အချိန် အတော်ကြာကြာ တစ်ကိုယ်တည်း ငေးမောနေတတ်လာခဲ့သည်၊ အားအင်ကုန်ခမ်းသလိုလဲ ခံစားလာရသည်၊ အဆိုးဆုံး
မှာ ကျွန်တော် အလုပ်များပျက်ခဲ့ပါသည်။ ညဘက်တွင် ကောင်းကောင်းအိပ်မပျော်သဖြင့်နံနက်စောစောတွင်လည်းအိပ်ယာမထနိုင်တော့
ပါ.... အကြောင်းသိသူငယ်ချင်းများမှ သတင်းစာပို့ပေးနေသဖြင့်သာ အဆင်ပြေနေခြင်းဖြစ်ပါသည်။ နို့လဲ မညှစ်နိုင်တော့ပါ၊ ကျွန်တော်
မလုပ်နိုင်သော အလုပ်များကို မိခင်ကြီး ဆောင်ရွက်ရပါသည်။ ကျွန်တော် အစာလည်း စားမ၀င်ပါ.... သူမ၏ စိတ်ကြောင့် တစ်နည်းအား
ဖြင့် ကျွန်တော်၏ ချစ်ခြင်းများကြောင့် အိမ်တွင်းရေးနှင့် ဘ၀ရပ်တည်မှုကို ထိခိုက်လာပြီ ဖြစ်ကြောင်းကိုတော့ ကျွန်တော် သိနေခဲ့ပါသည်
အဆိုးဆုံးမှာ ပင်ပန်းသည့် ဒဏ်ဖြင့် မိခင်ကြီး ဆေးရုံတင်ခဲ့ရပါသည်။ မိခင်ကြီးကို စိတ်ပူမိသော အခါ ကျွန်တော်၏ ဝေဒနာများသည် ဒေါ
သအဖြစ် ပြောင်းလဲ သွားခဲ့ပါသည်။ ကိုယ့်ကိုယ်ကိုယ်လဲ ရှက်မိပါသည်၊ မိခင်ကြီးကိုလဲ အားနာ သနားမိသည်။ ထို့ထက်ပိုဆိုးသည်မှာ....
အသုံးမကျသော ကျွန်တော့်အား ဖေဖေ့ ၀ိဥာဉ် စောင့်ကြည့်နေသလို ခံစားလာရခြင်းဖြစ်ပါသည်။ ကျွန်တော် သူမကို....... မထင်မှတ်ပဲ
မုန်းမိသွားပါတော့သည်။ ထူးဆန်းစွာပင် သူမသည် ကျွန်တော့် စိတ်ထဲတွင် အရောင်အဆင်းမဲ့သော တန်ဘိုးမဲ့သော ဘီလူးမတစ်ကောင်
ကဲ့သို့ ဖြစ်သွားပါသည်။ ကျွန်တော် အားအင် အသစ်များ ပြန်မွေးခဲ့သည်။ နောက်ဆုံးနှစ်စာမေးပွဲကိုလည်း ကောင်းစွာ ဖြေကြားနိုင်ခဲ့သည်။
ဖခင်ကြီး၏ ဆန္ဒကိုလည်း ကျွန်တော် အကောင်အထည် ဖော်နိုင်ခဲ့သည်၊ မိခင်ကြီးကိုလည်း ကောင်းစွာ ကျွေးမွေး
စောင့်ရှောက်နိုင်ခဲ့သည်။ တစ်ခု.... ထူးဆန်းသည်မှာ ကျွန်တော့်တွင် ချစ်ခြင်းများ ပျောက်ဆုံးနေခြင်းပင်ဖြစ်ပါသည်။ ကျွန်တော် သူမ၏
သင်ခန်းစာပေးမှုများအရ မိန်ကလေးများကို အထင်သေးသွားခဲ့ခြင်း ဖြစ်မည် ထင်ပါသည်။ ကျွန်တော် ရည်ရွယ်ထားခဲ့သည်။ လက်ထပ်
ဖြစ်ခဲ့လျှင် တစ်ကြိမ်တစ်ခါမျှ ချစ်သူမရှိခဲ့သူကိုသာ လက်ထပ်မည်ဟု...... ကျွန်တော် လိုချင်သော မိန်းကလေးများကို အခုထိ ကျွန်တော်
မတွေ့ခဲ့သေးပါ......
ကျွန်တော် အချစ်ဇာတ်လမ်းလေးများ များစွာကို နားထောင်ခဲ့ဘူးသည်၊ ဖတ်ခဲ့ မှတ်ခဲ့ဘူးသည်၊ တော်ဝင် မိန်းမ
မြတ်များအကြောင်းကိုလဲ သိခွင့်ရခဲ့သည်၊ သူတို့ကတော့ ပါရမီရှင်တွေ ဖြစ်နေလို့ပါ ...... အပြင်မှာတော့ မရှိလောက်ဘူးလို့.. ထင်ခဲ့သည်
သို့သော် နီးစပ်ရာ အမျိုးသမီးများ အကြောင်းကို စဉ်းစားမိသောအခါနှင့် စိတ်အကြောင်းကို နားလည်လာသော အခါတွင် သူမသည် သူမ
သာဖြစ်ခဲ့သည်။ မိန်ကလေးတိုင်းသည် သူမ မဟုတ်ကြောင်း နားလည်လာသည်၊ ထိုထက်ပိုသည်မှာ သူမသည်ချစ်သူများစွာ ထားခဲ့သော်
လည်း အမှန်တကယ်ချစ်ခဲ့သူ တစ်စုံတစ်ယောက်တော့ ရှိနေခဲ့ပါမည်..... ထိုတစ်ယောက်သည် ကျွန်တော်များ ဖြစ်နေခဲ့သလား မသိနိုင်ခဲ့
ပါ...။
အချစ်စိတ်၏ မှားယွင်းမှုများကြောင့် ဆုံးဖြတ်ချက်များ ချခဲ့ကြရသည်၊ ထိုဆုံးဖြတ်ချက်များသည် မှားခဲ့လျှင်တော့
အနည်းဆုံး ဘ၀နှစ်ခု၊ သို့မဟုတ် ထိုထက်ပိုသော ဘ၀များ ဆိုးရွားသွားနိုင်ခဲ့ပါသည်။ ဆုံးဖြတ်ချက်များ မှန်ကန်ခဲ့လျှင် ကောင်းမွန်သော
ဘ၀များအဖြစ် ပြောင်းလဲသွားနိုင်ပါသည်။ လူဆိုသည်မှာ မချစ်၍ မနေနိုင်သော သတ္တ၀ါများ ဖြစ်ကြပါသည်။ သာမန် သက်ရှိများကဲ့သို့..
ရှင်သန်ခြင်း၊ မျိုးပွါးခြင်းနှင့် သေဆုံးခြင်းများ သက်သက်ဖြင့် ကျင်လည်နေခြင်း မဟုတ်ကြောင်း၊ မေတ္တာတရား၊ သံယောဇဉ်တရား နှင့်
ချစ်ခင်မြတ်နိုးခြင်းများဖြင့် လည်ပတ်နေသော သတ္တ၀ါများ ဖြစ်နေကြောင်း ကျွန်တော် သိရှိခဲ့ပါပြီ.....။
ဆန်းကြယ်သော အချစ်ဇာတ်လမ်းလေးများ များစွာထဲမှ ပန်းတော်ဆက်သူ ဗျတ္တနှင့် ပန်းစားသူ မယ်ဝဏ္ဏတို့၏
အကြောင်းကို ပိုစိတ်ဝင်စားခဲ့သည်၊ လူသားနှင့် လူသားမဟုတ်သူပင် ချစ်တတ်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
သူတို့၏ အချစ်ဇာတ်လမ်းလေး မွေးဖွားရာ ပုပ္ပါးတောင်ကြီးကို နံနက် စောစောတွင် ကျွန်တော် ငေးမောကြည့်နေ
မိသည်၊ တကယ်တော့ ပုပ္ပါးတောင်ကြီးက မြူခိုးတွေရဲ့ အလည်မှာ ထီးထီးကြီး နောက်ပြီးတော့ မြူခိုးတွေ ကြောင့် ထင်တယ်... ခါးပြတ်
နေသလို ထင်ရတယ်.... တကယ်တော့လဲ အချစ်စိတ်ဆိုတာ ပီပြင် ထင်ရှားတယ်လို့တော့ မရှိလောက်ပါဘူး.... သို့သော် ကျွန်တော်
တစ်စုံတစ်ယောက် အတွက် ပန်းလှလှ လိုချင်ခဲ့လျှင်တော့ ဒီပုပ္ပါးတောင်မှာ လာခူးဖြစ်မယ် ထင်ပါတယ်... ဒီနေရာမှာ လှပဆန်းကြယ်တဲ့
အချစ်ဇာတ်လမ်းတွေ ရှိတယ်လေ.....