ကဗျာဆိုတာ ရှေးတုန်းကတော့ ပညာရှိ က၀ိသုံးတဲ့ပစ္စည်းလို့ ဆိုကြတာပဲ။ ခုခတ်မှာတော့ ကဗျာဟာ တော်တော် တွင်ကျယ်လာတဲ့ အရာလို့ ခေါ်ရမလားပဲ။ လူတန်းစားမရွေး ရေးလာ ဖတ်လာကြပါတယ်။ ခုခတ်ဆို ကဗျာတွေကို စာပေမှာတင် ရေးသားရုံမက အွန်လိုင်းမှာလည်း ရေးသားနိုင်တယ်။ ဖတ်တဲ့သူကလည်း နဂိုလို စာအုပ်ငှားဖတ် ၊၀ယ်ဖတ်နိုင်ရုံသာမက အွန်လိုင်းကနေလည်း ဖတ်ရှူလို့ ရနိုင်တယ်လေ။ ကဗျာတစ်ခေတ် တိုးတက်လာပေတယ်လို့ပဲ ဆိုရမလားပဲ။
ဒါပေမဲ့ တချို့ ဂျူနီယာလေးတွေရဲ့ ကဗျာသစ်လေးတွေကို စီနီယာကြီးတ်ာတော်များများက အပြင်းအထန်ရှုံ့ချတာတော့ ၀မ်းနည်းစရာပဲ။ အဲ့ဒီ စီနီယာကဗျာရေးသူတွေဟာ သူတို့ရေးသက်ကြာလာတော့ မာနတွေကြီးလာပြီး ငါမှ ငါဆိုတဲ့ မာန်ဝင်လာတယ် ထင်ပါရဲ့။ ဒါကြောင့် သူတို့ အသေကျက်ထားတဲ့ စပ်ထုံးစပ်နည်းတွေနဲ့ လူသစ်တွေကို ပေတံတိုင်းမယ်၊ စာအုပ်ကြီးထဲက သီအိုရီတွေအကြောင်း အင်္ဂလိပ် အသံထွက်နဲ့ ရွတ်ပြမယ်။ ပြီးရင် ဝေဖန်ပြီး ကလောင်ကို လက်နက်အဖြစ် အွန်လိုင်းကဗျာလောက၌ အသုံးချလာတာ တွေ့ရပါတယ်။ မြင်လိုက်မိတိုင်း ၀မ်းနည်းဖွယ်ကောင်းပေစွ။
အမှန်တကယ်တော့ လူသစ်ဆိုတာ မြေစမ်းခရမ်းပျိုးစ လူငယ်လေးတွေပါ။ ဒါကို လူကြီးတွေက တတ်နိုင်သလောက် မြေတောင်မြှောက်ပေးကျရင် မကောင်းပေဘူးလား။ ဝေဖန်ပေးမယ်ဆိုရင်လည်း အားသာချက်လေးတွေကို အလေးပေး အရင်ပြောပြီးမှ အားနည်းချက်လေးတွေကို ဝေဖန်ပေးမယ်ဆိုရင်ရော ပိုအဆင်မပြေဘူးလား။ လူကြီးဆိုတာက လူငယ်က စလာတာပါ။ ကလောင်ဟောင်းဆိုတာကလည်း ကလောင်သစ်ကနေ ဖြစ်လာရတာပါ။ စ...စ ရေးချင်းမှာပဲ သင်ဟာ လူသစ်လေးရဲ့ ကဗျာတစ်ပုဒ်ကို မှိုချိုးမျှစ်ချိုး အညွှန်းချိုးလိုက်မယ်ဆိုရင် သူရဲ့ အနာဂတ်ကို ခင်ဗျား ရိုက်ချိုးသလို ဖြစ်သွားပါလိမ့်မယ်။
လူသစ်တွေဟာ ကဗျာကို ၀ါသနာအရ ရေးကြတာပါ။ အသစ်ဆိုတော့ သိတဲ့အတိုင်းပဲ အားနည်းချက်တော့ ရှိမှာပေါ့။ ဒါဟာ လက်ညိုးထိုး ရှုံ့ချစရာ မဟုတ်ပါဘူး။ ကလောင်သစ်တိုင်း ဖြစ်နေကျတာမျိုးပါ။ ပြီးတော့ လူသစ်ဟာ ကိုယ်ပိုင်ဟန် ထွင်ချင်မှလည်း ထွင်နိုင်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ စရေးခါစမှာ ကဗျာသမားတိုင်းဟာ စု၊ တု၊ ပြု နဲ့ မလွတ်နိုင်ပါဘူး။ ဒီတော့ တချို့တွေက အခြားဟန်ယူပြီး ရေးကြလိမ့်မယ်။ အဲ့ဒါကို ခင်းဗျားက ဒါကတော့ ဟိုကဗျာဆရာရဲ့ ဟန်ကို ခိုးထားတဲ့ “ကဗျာသူခိုး”လို့ မစွပ်စွဲနိုင်ပါဘူး။ ကိုယ်ကိုယ်တိုင် အရိပ်မပေးနိုင်သရွေ့တော့ လူတိုင်းဟာ သူတစ်ပါး အရိပ်မှာ မှီခိုမိသလိုမျိုးပဲ။ ကိုယ်တိုင် အရိပ်ပေးနိုင်ပြီဆိုမှ သူတစ်ပါးအရိပ်က အလိုလို စွန့်ခွာသွားကျမှာပါ။ ဒါကို နားလည်းပေကြပါလို့ ပြောချင်ပါတယ်။
ကျွန်တော် ကိုယ်တွေ့ပြောရရင် ကိုယ်ပိုင်ဟန်ဆိုတာလည်း ကဗျာများများ ရေးလာတော့မှ ထွက်လာနိုင်ပါတယ်။ နဂိုကျွန်တော် ကဗျာ ရေးခါစဆို ရှေးဟန်ဓာတ်တွေ ပါဝင်နေတယ်၊ တချို့ကဗျာဆရာကြီးတွေရဲ့ ဘောင်ထဲ ရောက်နေတတ်တယ်။ အဲ့ဒါက ဘာကြောင့်လည်းဆိုတော့ ကဗျာရေးသက် မရင့်သေးလို့ပေါ့။ ကဗျာအပုဒ်ရေများများကို တွေးနိုင် ရေးနိုင် လာပြီဆိုရင်တော့ ကိုယ်ပိုင်ဟန်တစ်မျိုးဆိုတာ အလိုလိုဖြစ်ပေါ်လာပါတယ်။ ဒါကိုတော့ ကိုယ်ကိုယ်တိုင်က လမ်းရိုးတွေထဲကနေ ဖောက်ထွက်နိုင်ဖို့ ဇွဲသတ္တိရှိရှိနဲ့ များများရေးဖို့လိုတယ်ထင်တယ်။ ပြီးတော့ ကဗျာပုဒ်ရေ အတော်များများကိုလည်း ဖတ်ရမယ်၊ လေ့လာရမယ်။ စာဖတ်အားလည်း ကောင်းရမယ်။ ဒါဆို စကားလုံးတွေကို လိုသလို သုံးစွဲနိုင်ပြီး ကိုယ်ပိုင်ဟန်နဲ့ ကဗျာရေးသူဖြစ်လာမယ်လို့ ထင်မိပါတယ်။
ပြီးတော့ ကဗျာဗေဒနဲ့ ပတ်သက်ပြီးတော့ ဘယ်သူကမှလည်း စပ်ထုံးစပ်နည်းများကို အလုံးစုံ မသိကျပါဘူး။ စပ်ထုံးစပ်နည်းပေါင်းစုံဟာ များစွာရှိလှပါတယ်။ အဲ့ဒါကို အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင်လည်း ကျယ်ပြန့်လှပါတယ်။ အခုခတ်ရဲ့ စာပေလောကမှာတောင် ကဗျာက၀ိလို့ ဆိုနိုင်သူ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် အယူအဆတွေ ကွဲလွဲနေကျတာ တွေ့ရမှာပါ။ ဒါမျိုးတွေကြောင့် ကဗျာတစ်ပုဒ်ကို ဘာအမျိုးအစားဆိုပြီး အသေစွဲ မတွေးစေချင်ဘူး။ မျှမျှတတ သင့်သလို ယူဆရင် ပိုအဆင်ပြေမယ်လို့ ကျွန်တော်ထင်ပါတယ်။
နောက်တစ်ခု ပြောချင်တာက စာအုပ်ကြီးတိုင်းဆိုပြီး အခြားသူတွေကို စီနီယာတွေ သိပ်မသုံနှုန်းစေချင်ဘူး။ စာအုပ်ကြီးဆိုတာ ခြကိုက်တတ်တဲ့ အရာဝတ္ထုမျိုးပါ။ အသစ် အသစ်တွေ ပေါ်ထွန်းလာသမျှ အဟောင်းစာအုပ်တွေရဲ့ အမှားတွေကို ထောက်ပြလာနိုင်ပါတယ်။ ခုအသစ်ဆိုတာလည်း တစ်ချိန်ကျရင် ဟောင်းနွမ်းသွားရတာချည်းပဲ။ နောင်တစ်ခေတ်ရောက်ရင် အခြားစာအုပ်က အမှားတွေ ထောက်ပြလာနိုင်တာချည်းပဲ။ အဲ့ဒီအထဲမှာ အမှန်လေးတွေတော့ ကျန်သင့်သလောက် ကျန်မှာပေါ့။။ ဒါပေမဲ့ ကိုယ်က အမှားကြီးကို စာအုပ်ကြီးစွဲနဲ့ ငြင်းခုန်နေရင်တော့ ရှက်စရာကြီး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် လှေနံဓားထစ် အယူအဆတွေ ရှောင်ကြည်ပေးပါလို့ ဆိုလိုချင်ပါတယ်။
သို့မို့ကြောင့် ကလောင်သစ်လေးတွေကို လက်ကမ်းပေးပါ။ တွဲခေါ်ပေးပါ။ သဘောတရားလေးတွေ ဆွေးနွေးပေးပါ။ အပြုသဘောနဲ့ ကဗျာလောက တိုးတက်ဖို့ဆိုတာ ကလောင်သစ်တွေလည်း တစ်တပ်တစ်အား လိုအပ်ပါတယ်။ ဒါမှ အဟောင်းနဲ့ အသစ် မျှမျှ တတနဲ့ အွန်လိုင်းကဗျာလောကလေးလည်း အလှတစ်မျိုးနဲ့ လှပနေမယ်ဆိုတာ...။ ။
စေပိုင်ထွဋ်(ပုသိမ်)