Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ချစ်သ၀ဏ်လွှာ

$
0
0


ချစ်သူရေ --


မင်းဟာ ရေသယ်ရာ မျောပါနေတဲ့ ဗေဒါလို လေလွင့်စိတ်ရဲ့ တိုက်ခပ်မှု့နောက်ကို ကောက်ကောက်ပါအောင် လိုက်နေတဲ့ ငါ့ကို ရေကန်သန့်ရှင်းရေး သမားလို ကန်ပေါ်ကို ဆွဲတင်ခဲ့တယ်နော်။ ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ ငါခြေထောက်တွေကို ခိုင်ခိုင်မာမာဖြစ်အောင် တည်ဆောက် ပေးခဲ့တယ်။ မပွင့်ဘူးတဲ့ ငါ့အပြုံးတွေကို မလှပေမဲ့ ပြုံးပြဘို့ မင်းက ဖန်ဆင်း နိုင်ခဲ့တယ်။ ဦးတည်ရာမဲ့နေတဲ့ ခြေလှမ်းတွေအတွက်  အချစ်ဆိုတဲ့ ဦးတည်ရာတစ်ခုကို တည်ဆောက်ပေးခဲ့တယ်။ ပန်းတိုင်ပျောက်နေတဲ့ ငါ့အသိစိတ်ကို ပန်းတိုင်တွေ့အောင် ရှာဖွေပေးခဲ့တယ်။ အဲလို အစွမ်းတွေ ရှိနေတဲ့ မင်းဟာ င့ါဘ၀ရဲ့ ဖန်ဆင်းရှင် တန်ခိုးရှင် စွမ်းအားရှင် (ကဖ- ဟုတ်ဝူးနော်) ဥယျာဉ်မှုး ဘုရင်မ အများကြီးပါပဲ။  မင်းကို တင်စားမိခဲ့တယ်။ မထင်မှတ်ပဲ မထင်ထားတဲ့နေရာမှာ ခပ်ရိုးရိုးလေးတွေ့လိုက်မိပေမဲ့ မင်းကို တိုးလို့တိုးလို့ တန်းဘိုးထားခဲ့မိတယ်။ ချစ်မိနေခဲ့တယ် ။ မြတ်နိုးခဲ့မိတယ်။ မင်းအချစ်ကို တန်ဘိုးထားလို့ အရာရာကိုဖန်ဆင်းကြဘို့ ငါပြောခဲ့တော့ မင်းက အမေ့ကို စိတ်ချမ်း သာအောင် ထားပါဆို။ အမေစိတ်ချမ်းသာတာကိုပဲ မြင်ချင်တယ်ဆို။ အမေ စိတ်ချမ်းသာအောင် ထားရင် မင်းကလည်း ငါ့ကို စိတ်ချမ်းသာအောင် ထားမယ်ဆို။ ငါမင်းကို ချစ်ခဲ့တာ ချုပ်ချယ်မှု့တွေ မပါခဲ့ပါဘူး။ ငါ မြတ်နိုးတဲ့ မင်းရဲ့ အပြုံးပန်းလှလှလေးတွေ ထာဝရ ရှင်သန် နေစေချင်ခဲ့တာပါ။ ဆိတ်ချိုးပြီး ညှိုးနွမ်းသွားအောင် လုပ်ပစ်ဘို့ တစ်ခါမှ မစဉ်းစားခဲ့ပါဘူး။ အိပ်မက်ထဲမှာတောင် မင်းဘ၀ကို အမှောင်ကျသွားအောင်လုပ်ဘို့ စိတ်မကူးမိခဲ့ပါဘူး။


 


မင်းကို ပြောခဲ့တာပဲလေ။ ငါ့ကို မချစ်နိုင်တော့ဘူးဆိုရင် ပြတ်ပြတ်သားသား ပြောပါ။ ငါနဲ့နေတာ မပျော်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ။ မင်းပျော်ရွှင် ဘို့ အတွက် ငါ အရာရာ ပေးဆပ်ဘို့ အဆင်သင့်ပါ။ ငါ့ အချစ်ကို မလိမ်ညာ ပါနဲ့။ မကြိုက်ဘူး။ မင်း မချစ်လို့ရှိရင် ငါ့အသည်းကို ခွဲပါ။ အစိတ်စိတ်အမွှာမွှာ ထုချေသွားပါ။ ဒါပေမဲ့ ငါ့ကို မချစ်ဘူး လို့ ပြတ်ပြတ်သားသားပြောပြီးမှ လုပ်ပါ။ ငါ ကျေနပ်နေမယ်။ မင်းကို အပြုံးမပျက်နှုတ်ဆက်နိုင်အောင် ငါကြိုးစားမယ်။ မင်းအပေါ်မှာ တစ်စက်လေးမှ စိတ်မကွက် ပါဘူး။ ငါ့အမြင်ငါ့အချစ်တွေက မင်းကို ချုပ်ချယ်မှု့ တစ်ခုမှ မလုပ်ခဲ့ဘူးထင်ပါတယ်နော်။ မင်းရဲ့ အမုန်းထက် မင်းရဲ့ ပြတ်သားမှု့ကိုပဲ ပိုမြတ်နိုးတယ်။ မင်းကို ပြတ်သားတဲ့ ချစ်သူအဖြစ် လက်ခံထားတယ်။ ယုံကြည်ထားတယ်။ ငါ့ကို ချစ်လို့ မရတော့ဘူး ခံစားလို့ မရတော့ဘူး သာယာမှု့ မရှိတော့ဘူးဆိုရင် ငါ့ကို မုန်းတယ် လို့ ပြောပါ ပြတ်ပြတ်သားသားငြင်းပါ ပြီးရင် နောက်တစ်ယောက်ကို မင်းချစ် ပါ။ မင်းအချစ်တွေ စည်ဝေ သာယာ တိုးပွားလာဘို့ ငါကိုယ်တိုင် ကူညီပေးဘို့ အဆင်သင့်ပါပဲ။  စိတ်အားထက်သန်စွာနဲ့ပေါ့။ ခုတော့ မင်းက အဲလို မဟုတ်ဘူး။ ငါ့ကို အရူးလုပ်ခဲ့တယ်။ ငါ့ကို ချစ်တယ်ပြောတယ်။ ငါ့ကွယ်ရာမှာ အခြားတစ်ယောက်နဲ့ မသွားသင့်တဲ့နေရာ မသွားသင့်တဲ့ အချိန်တွေမှာ မင်းက ပျော်ပျော်ကြီး သွားခဲ့တယ်နော်။ ငါက မင်းကိုပဲ ယုံခဲ့တာပါ။ ဘယ်သူတွေ ဘယ်လိုပြောပြော ငါမယုံခဲ့ဘူး။ မင်းတို့ ကြည်နူးနေတာကို ငါကိုယ်တိုင် မြင်လိုက်ရတော့ ချစ်သူကို တန်းဘိုးထားဖူးရင် မင်း ကိုယ်ချင်းစာတတ်မှာပါနော်။ ချစ်သူရယ် မင်းပျော်ဘို့အတွက် ငါ့ခွင့်လွှတ်မှု့တွေကို စုဆောင်းပြီး သမုဒ္ဒရာထဲ ပစ်ချလိုက်မယ်ဆိုရင် ရေပြင်ဟာ မြေကြီးလိုဖြစ် ငါ့ခွင့်လွှတ်မှု့တွေနဲ့ ပြည့်နက်သွားမှာ အသေအချာပါပဲ။


 


မင်း တစ်ခါလောက်ပဲ ဖြစ်ဖြစ် ငါ့ရင်ထဲကို မွှေနှောက်ကြည့်လိုက်စမ်းပါ။ အသုရာချောက်ကမ်းပါးလောက်နက်တဲ့ ငါ့ချစ်တွင်းကို ထင်းထင်းကြီး မြင်ရမှာပါ။ မလိမ်ညာတတ်ပဲနဲ့ ဘာလို့ ညာခဲ့တာလဲ ချစ်သူရယ်။ ငါ့ကို ပီပီပြင်ပြင်ညာတတ်ခဲ့ရမှာလေ။ ခုတော့ ရှေ့ပိုင်းလှပြီး နောက်ပိုင်း မလှတဲ့ ဒေါင်းမလိုဖြစ်နေပြီပေါ့။ မင်းညာတာကို အပြစ်မမြင်ပါဘူး။ မညာတတ်ပဲနဲ့ ညာတာကိုပဲ စိတ်ပျက်မိခဲ့တယ်။ မင်းကို တစ်ခု ပြောပြမယ်နော်။ “ ညာတဲ့ သူဟာ အမှတ်သညာ ကောင်းဘို့ လိုတယ်” ဆိုတာကို အမြဲတမ်း မှတ်ထား ပါ။ လိမ်ညာတာ မပေါ်ဘို့ ကိုယ်ဘာတွေပြောခဲ့လဲ ဘာတွေလုပ်ခဲ့လဲ ဆို တာကို ကောင်းကောင်း သိနေ မှတ်မိနေဘို့ လိုတယ်လေ။ ကျင့်သုံးဘို့တော့ အား မပေးချင်ဘူး။ မလိမ်ညာတာကိုပဲ မြတ်နိုးတယ်။ ဒါပေမဲ့ မင်းက လိမ်ညာချင်သူ ဖြစ်နေတော့ မင်းအတွက် အန္တရာယ်ကင်းအောင် ဒီစကား လေးကို လက်ဆောင်ပေးလိုက်တယ်နော်။ မင်း မျက်ရည်တစ်စက်က ငါ့အသည်းတွေကို ကြွေမွအောင် ဖြိုဖျက် ပစ်နိုင်တယ်ဆိုတာ မင်းကိုယ်တိုင် လည်း သိနေတာပဲ။ သိသိကြီးနဲ့ မျက်ရည်ခံထိုးလို့ အမျိုးမျိုးသော နည်းတွေ နဲ့ ငါ့ကို အနိုင်ယူ ချော့သိပ်ရက်တယ်နော်။ မင်းကို ငါ့ဘ၀နဲ့ထပ်တူ ချစ်ခဲ့တာ ပါ။ မင်းကို နာကြီးမိတယ်။ အမှုန့်ကြိတ်ပြီး လမ်းခင်းပစ်ချင်လောက်အောင် စိတ်နာမိတယ်။ ဒါပေမဲ့ မလုပ်ရက်ခဲ့ပါဘူး ချစ်သူရယ်။ ခုထိလည်း သတိရ နေ ပါတယ်။ ငါဟာ မင်းကို နားလည်ပေးဘို့ မင်းအတွက် အသည်းနှလုံးကိုချက်ပြီး ဧည့်ခံ ကျွေးမွေးဘို့အတွက် အချစ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသလိုပဲ။ ငါဟာ မင်းအတွက် အချစ်တာဝန် ကျေပွန်တဲ့ ၀န်ထမ်းတစ်ယောက်ပဲ ဖြစ်မှာပါ။


 


ချစ်သူရေ --


ငါဟာ မင်းအတွက် အဖျက်မီး မဖြစ်စေရဘူး။ မင်းစားချင်တာတွေကို ကျက်အောင်ချက်ပေးမဲ့ အကျိုးဖြစ်မီးပဲ ဖြစ်စေရမယ်နော်။ မင်းအတွက် မုန်တိုင်းတွေ မဖြစ်စေရဘူး။ မင်းဘ၀ သာယာအေးမြဘို့ လေပြေညင်း တွေပဲ ဖြစ်စေရမယ်။ မင်းအတွက် လှိုင်းကြမ်းတွေ မဖြစ်စေရဘူး။ မင်းဘ၀ကို ငြိမ့်ငြိမ့်လေး သယ်ဆောင်သွားမယ့် ရေလှိုင်းလေးတွေပဲ ဖြစ်စေရမယ်။ အမေ့ကို ချစ်တတ်အောင် သင်ပေးခဲ့တဲ့ မင်းအတွက် တပည့်မိုက် တစ်ယောက် မဖြစ်စေရဘူး။ မင်းမျိုးထားတဲ့ ပန်းက မင်းအတွက် အဆိပ် မဖြစ်စေရပါဘူး။ မင်းလိုချင်ခူးပေါ့။ မလိုချင်ရင်လည်း ကိုက်ဖြတ်ပြီး စွန့်ပစ်လို့ ရပါတယ်။ မင်းဖန်ဆင်းခဲ့တဲ့ အပြုံးနဲ့ပဲ ကျေနပ်နှစ်သက်စွာ ကြည့်နေမှာပါ။ မင်းဟာ လေယာဉ်တစ်စင်းဆိုရင် ငါက လေလှိုင်းလေးတွေ ဖြစ်စေရမယ်။ မင်းကို မကာကွယ်နိုင်တောင် မင်းသွားမဲ့ လမ်းတွေမှာ တိမ်တောင် တိမ်လိပ် တွေကို တိတ်တိတ်လေး ဖြိုခွင်းပေးသွားမှာပါ။ မင်းသွားမဲ့ လမ်းမှာ ဆူးခလုပ် ဖြစ်နေမယ်ဆိုရင်တောင် မင်းကိုတော့ မစူးစေရဘူး။ မင်းအတွက် လမ်းကူး လပ်က အကူးတံတားလေးအဖြစ် လဲလျောင်းလို့ ပေးမှာပါ။ ချစ်သူရေ စာတွေလည်း များနေပြီ။ ကြည်လင် လှပခဲ့တဲ့ မင်းမျက်ဝန်းကို ဒဏ်ခတ် လိုက်ခြင်း မျိုးတွေ မဖြစ်စေချင်ပါဘူး။ မင်းမေးဘူးတဲ့ စကားတစ်ခွန်းကို မငြိုငြင်တော့စိတ် အတိတ်ကို ကျေအေးလိုက်တဲ့ ငြိမ်းချမ်းရေးနဲ့ ငါ ဖြေပေးပါမယ့်နော်။ “ အစ်ကို နှင်းကို ချစ်သေးလား ” လို့ မင်း ငါ့ကို မေးခဲ့ဘူတယ်နော်။ ငါ ပြန်မဖြေခဲ့ဘူးလေ။  “ ချစ်တာပေါ့ နှင်းရယ်။ မင်းကို ချစ်ခဲ့တာ မုန်းဘို့မှ မဟုတ်တာ။ ငါ နာကျင် မုန်းတယ်ဆိုလည်း ခဏပါပဲ။ နာကျင်ပေမဲ့ သတိရနေပါတယ်။ ဒါဟာ သံယောဇဉ် ရှိနေတယ်ဆိုတာကို  ပြသလိုက်တာပဲလေ။ ဒါပေမဲ့ မင်းနား မှာတော့ မနေချင်တော့ဘူး။ ငါ့ အပူတွေ မင်းဆီ ကူးစက်သွားမှာ စိုးရိမ်တယ်။ အတိတ်ကို ပြန်သတိမရတဲ့ လူတစ်ယောက်ဖြစ်ချင်တယ်။ ငါ့အသည်းကို နာကျင်မှု့တွေနဲ့ သတ်ခဲ့တဲ့ မင်းကို လူသတ်သမားတစ်ယောက်အဖြစ် အပြစ် မမြင်ချင်ဘူး။ ငါ့ဘ၀မှာ မင်းတစ်ယောက်တည်းကိုပဲ ချစ်ဖူးတာပါ။ မင်းကို ချစ်ပါတယ်။ အမြဲတမ်းလည်း သတိရနေဖြစ်မှာပါ။ ပျော်ရွှင်မှု့တွေနဲ့ မဟုတ်တောင် နာကျင်မှု့တွေနဲ့ပေါ့ ” ။ ချစ်သူရေ ငါ့စာလွှာကိုဖတ် ငါ့ကို ချစ်တတ်အောင်သင်ပေးခဲ့တဲ့ မင်း လိုချင်တဲ့ ငါ့အဖြေကို ရလို့ ကျေနပ်ပျော်ရွှင်နိုင်ပါစေနော်။


 


အားလုံးကို


ခင်မင်စွာဖြင့်


စံလင်း


(ခင်မင်ရသော သူငယ်ချင်းတစ်ယောက် ကျေနပ်နိုင်ပါစေနော်၊ မရေးတတ်ပေမဲ့ ခင်မင်မှု့ သက်သေအဖြစ် ပြသခွင့်ပေးပါ)။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...